ကန်ကြီးထောင့် ဇူလိုင် ၈
နည်းပညာတက္ကသိုလ်(ပုသိမ်)၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားအား ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ် အစည်းအဝေးခန်းမ၌ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်၍ ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ပြီး အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားအား နည်းပညာတက္ကသိုလ်(ပုသိမ်)မှ စက်မှုအင်ဂျင်နီယာဌာန ကျောင်းသား၊ ကျောင်းသူများက “မြကျွန်းညိုညို”သီချင်းဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ်ပေးပြီး တိုင်းဒေကြီး ဝန်ကြီးချုပ်က “နည်းပညာတက္ကသိုလ်တွင် တက်ရောက်ပညာသင်ယူနေသည့် မောင်တို့ မယ်တို့ ကျောင်းသား၊ ကျောင်းသူများသည် ပန်းဥယျာဉ်ရှိ ပန်းပွင့်များနှင့် တင်စားရမှာဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်နိုင်ရေးအတွက် မောင်တို့မယ်တို့ လေ့လာသင်ယူနေကြသည့် ပညာရပ်များဖြင့် အားဖြည့်ပါဝင်ဆောင်ရွက်ပေးကြရမှာ ဖြစ်ပါကြောင်း၊ နည်းပညာ တက္ကသိုလ်တွင် တက်ရောက်နေသည့် မောင်တို့ မယ်တို့အနေဖြင့် နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်စေရန်အတွက် နည်းပညာ ဘာသာရပ်များအား ဆက်လက်ကြိုးစား လေ့လာသင်ယူရမှာ ဖြစ်ကြောင်း၊ ကျောင်းတော်ကြီးမှ သင်ကြားပို့ချပေးသည့် ဘာသာရပ်များအား လက်တွေ့လေ့လာလာမှု၊ စမ်းသပ်တီထွင်မှုများပြုလုပ်၍ နိုင်ငံတော်နှင့် တိုင်းဒေသကြီးအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း” ကြိုဆိုနှုတ်ခွန်းဆက် စကားများပြောကြားပြီး နည်းပညာတက္ကသိုလ်(ပုသိမ်)မှ ဒုတိယပါမောက္ခချုပ်က ကြိုဆိုနှုတ်ခွန်းဆက် စကားများ ဆက်လက်ပြောကြားခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများ၏ တေးသရုပ်ဖော်များ တေးသီချင်းများဖြင့် သီဆို၊ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့် ခဲ့ကြောင်းသိရသည်။
မဇင်(ပြန်/ဆက်)
ကန်ကြီးထောင့်မြို့နယ်ပြန်/ဆက်
No comments:
Post a Comment