နေပြည်တော် ဇူလိုင် ၈
၂၀၂၂ ခုနှစ်၊ ပညာရည်ထူးချွန်သူ ကျောင်းသား/ကျောင်းသူများနှင့် သင်တန်းထူးချွန်သူ ဝန်ထမ်းများအား ဂုဏ်ပြုဆု ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက နိုင်ငံတော်အစိုးရအနေဖြင့် တစ်မျိုးသားလုံး ပညာရည်မြင့်မားရေးဟူသည့် ပညာရေးဆိုင်ရာ အမျိုးသားရေးမျှော်မှန်းချက်ကို ချမှတ်ပြီး ပညာရေးပြုပြင်ပြောင်းလဲမှုများကို ခေတ်စနစ်နှင့်လျော်ညီစွာ စီမံကိန်းများဖြင့် စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နိုင်ငံသားတိုင်း အခြေခံပညာကို ကောင်းမွန်စွာ သင်ယူတတ်မြောက်ရေး၊ ကျောင်းသား/ကျောင်းသူ လူငယ်များ ဘက်စုံထူးချွန်ထက်မြက်ပြီး နိုင်ငံတကာအဆင့်မီ ပညာရည်မြင့်မားရေးနှင့် အရည်အသွေးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာရေးဟူ၍ စနစ်တကျ စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရက မျိုးဆက်သစ်လူငယ်များကို ပညာရည်အဆင့်အတန်း၊ အရည်အသွေး၊ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်များ ပြည့်စုံစေပြီး အမျိုးသားပညာရည် မြှင့်မားစေရေး စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း တစ်တပ်တစ်အား ပါဝင်ချီးမြှင့်ပံ့ပိုးသည့်အနေဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ ဂုဏ်ထူးဖြင့်အောင်မြင်သည့်အခါ ဂုဏ်ပြုဆုငွေချီးမြှင့်ခြင်းတို့ကို နှစ်စဉ်ချီးမြှင့် ပေးလျက်ရှိပါကြောင်း၊ ထူးချွန်ထက်မြက်သော ပညာရှင်များဖြစ်ရန် ယခုရရှိထားသည့် ထူးချွန်မှုအောင်မြင်မှုများနှင့် ကျေနပ်မနေသင့်ဘဲ ဆထက်ထမ်းပိုး ကြိုးစားသွားကြရန် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပညာသင်ထောက်ပံ့ကြေးများကို အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များထံသို့ ပေးအပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်သူတစ်ဦးကို (၁၆) ပဲရည် ရွှေ(၁) ကျပ်သား ဆွဲပြားကိုလည်းကောင်း၊ ဒုတိယဝန်ကြီးက ငါးဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူတစ်ဦးကို (၁၆) ပဲရည် ရွှေ(၃)မတ်သား ရွှေဆွဲပြားကိုလည်းကောင်း ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များက ဂုဏ်ထူးဖြင့်အောင်မြင်သူများကို တစ်ဘာသာလျှင် (၁) သိန်းကျပ်နှုန်းဖြင့်လည်းကောင်း၊ သင်တန်းများတွင် ထူးချွန်ဆုရခဲ့သည့် ဝန်ထမ်းများကို ဆုများအသီးသီးချီးမြှင့်ပြီး ဆုရရှိသူ ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။ ယနေ့ပညာရည်ထူးချွန်ဆု ချီးမြှင့်ခြင်းအခမ်းအနားတွင် ငွေ (၂၃၁၉၀၀၀၀) ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment