Sunday, July 10, 2022

မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း၏ တတိယအကြိမ်မြောက် သင်းလုံးကျွတ်နှစ်ပတ်လည် အစည်းအဝေးကျင်းပ

 



ရန်ကုန်၊ ဇူလိုင်၁၀

မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း၏ တတိယအကြိမ်မြောက် သင်းလုံးကျွတ် နှစ်ပတ်လည် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ရုံးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ် ဒေါက်တာ ချာလီသန်း၊ ဒေါက်တာပွင့်ဆန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌနှင့် ညီနောင် အသင်းများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆီစက်ပိုင် ရှင်များအသင်းဥက္ကဋ္ဌနှင့် အလုပ်အမှု ဆောင်များ၊ အသင်းသား၊ အသင်းဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦ က စိုက်ပျိုးရာသီ တစ်ရာသီနှစ်ရာသီအတွင်း စားသုံးဆီ သိသိသာသာ တိုးတက်ထုတ် လုပ်နိုင်ရေးအတွက် ဆီထွက်သီးနှံ နေကြာ ဧက(၁၅)သိန်း တိုးချဲ့ စိုက်ပျိုးရေးစီမံကိန်းကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာတွင် ဖြစ်ပေါ်နေသော စားသုံးဆီဈေးနှုန်း အပြောင်း အလဲများကြောင့်  ပြည်တွင်းစားသုံးဆီ ဖူလုံရေးကို ထိခိုက်မှုမရှိစေရေးနှင့် ဆီထွက်သီးနှံကုန်ကြမ်း တင်ပို့ရောင်းချနေမှုမှ အရည်အသွေး မြင့်စားသုံးဆီတင်ပို့သော နိုင်ငံအဖြစ် ရပ်တည်နိုင်ရေး စီမံဆောင်ရွက်ခြင်း၊ ဆီထွက် နေကြာတိုးတက်စိုက်ပျိုး ထုတ်လုပ်ရန် လိုအပ်သည့် နေကြာမျိုးကောင်း မျိုးသန့်မျိုးစေ့များ ဖူလုံစွာသုံးစွဲနိုင်ရေး ဆောင်ရွက်ပေးခြင်း၊ ယင်းလုပ်ငန်းအတွက် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံလိုသူများကို ဖိတ်ခေါ်ခြင်း၊ ဆီထွက်သီးနှံစိုက်ပျိုးစရိတ် ပံ့ပိုးမှုအစီအစဉ်အနေဖြင့် နေကြာသီးနှံ စိုက်ပျိုးစရိတ်ကို တစ်ဧကလျှင် ငွေကျပ်(၁၅၀၀၀၀)ချေးငွေအဖြစ် ပံ့ပိုးပေးခြင်းအပြင်နေကြာ မျိုးစေ့ထုတ်လုပ်သူအတွက် ငွေကျပ်(၈၀၀၀၀)တိုးမြှင့် ထုတ်ချေးပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုကဲ့သို့သော အခြေအနေကောင်းများကို အမိအရဆုပ်ကိုင်ပြီး သက်ဆိုင်ရာလုပ်ငန်းရှင်များ အချင်းချင်းအကြား၊ သက်ဆိုင်ရာအသင်းအဖွဲ့များအကြား ညီညီညွတ်ညွတ် ပူးပေါင်းပြီး စားသုံးဆီကဏ္ဍဖွံ့ဖြိုး ရေးအတွက် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။

လက်ရှိ ပြည်တွင်းစားသုံးဆီထုတ်လုပ်မှု စာရင်းများအရ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းအထိ တစ်နိုင်ငံလုံး၌ ဆီစက်အကြီးစား(၂၃၀)ကျော်၊ ဆီစက် အလတ်စား (၉၂၀)ကျော်၊ ဆီစက်ငယ် (၃၁၀၀)ကျော် ရှိသဖြင့် ဆီစက်အကြီးစားမှာ တစ်နိုင်ငံလုံးရှိ ဆီစက်အားလုံး၏ ရာခိုင်နှုန်း သာရှိနေပြီး ဆီစက်အလတ်စား ၂၁ ရာခိုင်နှုန်း ဆီစက်ငယ် ၇၃ ရာခိုင်နှုန်းရှိသည်ကို တွေ့နိုင် ကြောင်း၊ တစ်နှစ်လျင် စားသုံးဆီထုတ်လုပ်မှု တန်ချိန်(၆၆၀၀၀) ကျော်သာရှိ၍ ဆီစက်လုပ်ငန်းများ တိုးတက် ဖွံ့ဖြိုးလာရေးအတွက် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းစားသုံးမှုဖူလုံရေး သာမက စားသုံးဆီတင်ပို့သည့် နိုင်ငံအဖြစ် ရပ်တည်နိုင်သည့် အလားအလာ ကောင်းများရှိနေပါကြောင်း၊ အဆိုပါ လုပ်ငန်းများ အောင်မြင်ရန် မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းနှင့် ညီနောင် အသင်းများက ကျရာအခန်း ကဏ္ဍများက တက်ညီ/လက်ညီပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ဆီထွက်သီးနှံ စိုက်ပျိုးရေးအတွက် မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်အသင်းက လိုအပ်နေသော စက်ယန္တရားကြီးများ၊ စွမ်းအားမြင့် လယ်ထွန်စက်ကြီးများ၊ မျိုးစေ့ချစက်များ၊ ရိတ်သိမ်းခြွေလှေ့စက်များ ထုတ်လုပ် ခြင်း အတွက် လိုအပ်သော နည်းပညာနှင့် အထောက်အကူပြုလုပ်ငန်းများ၊ နေကြာဆီကြမ်းများကို ပြန်လည် သန့်စင်မည့် နည်းပညာနှင့် စက်ပစ္စည်းဆိုင်ရာ အသိပညာများကို ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက နှစ်စဉ် ဆီတန်ချိန်()သန်းခန့် လိုအပ်မှုကို ပြည်တွင်းထုတ်လုပ်မှုဖြင့် ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်း ဆီလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်လာရေးနှင့် နိုင်ငံခြားသုံးငွေ လျှော့ချနိုင်ရေးအတွက် ပြည်တွင်းထုတ်လုပ်မှု နှင့် သုံးစွဲမှု အပေါ်အခြေခံပြီး ပြည်ပဆီတင်သွင်းမှုလျှော့ချရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ဆီထွက် သီးနှံများတိုးချဲ့ စိုက်ပျိုးလျက် ရှိသကဲ့သို့ တစ်ချိန်တည်းတွင် အဆင့်မြင့်ဆီစက်ကြီးများ ထူထောင်ရန် လိုအပ်နေမှုအပေါ် မိမိတို့ဝန်ကြီးဌာနက ဆောင်ရွက်ပေးရန် လိုအပ်သည်များကို အပြည့်အဝ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အစားအစာဘေးကင်း လုံခြုံရေးနှင့် ကုန်ပစ္စည်းအညွှန်းစာများ မှန်ကန် ရေး၊ ကုန်ပစ္စည်း အရည်အသွေး ထိန်းချုပ်ဆောင်ရွက်ရေး လိုအပ်ချက်များကို ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဌက နှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်းဥက္ကဋ္ဌက အသင်းဖြစ် တည်လာမှုနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များသည် ခန်းမအတွင်း ဆီစက်လုပ်ငန်းရှင်များ၊ ကုမ္ပဏီများက ခင်းကျင်းပြသထားသည့် ပြခန်းများကို ကြည့်ရှုအားပေး ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment