နေပြည်တော် ဇူလိုင် ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ကမ်းလှမ်းမှုအရ နေပြည်တော်သို့ ရောက်ရှိပြီး ငြိမ်းချမ်းရေး ဆွေးနွေးဆောင်ရွက်ခဲ့သည့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသည်။
အဆိုပါ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) အထွေထွေအတွင်းရေးမှူး ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ တိုင်းရင်းသားတိုင်းရင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ငြိမ်းချမ်းရေးကို လိုလားသည့် ဒေသခံပြည်သူများက ထာဝရငြိမ်းချမ်းရေးကို ရရှိရေးသည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန် ဖြစ်သည်၊ ငြိမ်းချမ်းရေးရရှိရေးသည် နိုင်ငံသားအားလုံး၏ ဆန္ဒအမှန်ဖြစ်သည်၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့တွေ့ဆုံ ဆွေးနွေးကြပါစို့၊ တိုင်းရင်းသားတွေစည်းလုံးမှ ငြိမ်းချမ်းတည်ငြိမ် အေးချမ်းရစသည့် စာသားပါ ဆိုင်းဘုတ်များကိုင်ဆောင်၍ လည်းကောင်း၊ နိုင်ငံတော်အလံငယ်များ ကိုင်ဆောင်၍လည်းကောင်း နေပြည်တော်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ထို့နောက် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) အထွေထွေအတွင်းရေးမှူး ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် တာချီလိတ်လေဆိပ်သို့ ရောက်ရှိကြရာ တာချီလိတ်တပ်နယ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပါတီနိုင်ငံ ရေးအဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးကိုလိုလားသည့် ဒေသခံတိုင်း ရင်းသားပြည်သူများက “နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ တစ်နိုင်ငံလုံးငြိမ်းချမ်းရေး ဆောင်ရွက်မှုများ အောင်မြင်ပါစေ၊ ငြိမ်းချမ်းရေးကြိုးပမ်း ဆောင်ရွက်မှုလုပ်ငန်းစဉ်များကို ကြိုဆိုထောက်ခံပါသည်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲအောင်ရမည်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ထောက်ခံပါသည်” စသည့် စာသားပါ ဆိုင်းဘုတ်များကိုင်ဆောင်၍ လေဆိပ်တွင် ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment