Monday, June 27, 2022

ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ဇွန် ၂၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ညောင်တုန်းမြို့နယ် မိုးမခကျေးရွာအနီးရှိ ပန်းလှိုင်ရေထိန်းတံခါးစီမံကိန်း ရှင်းလင်းဆောင်၌ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မိုးရာသီရေဘေး ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် သဘာဝဘေးကြိုတင်ကာကွယ် ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းဆိုင်ရာများ၊ ဧရာဝတီတိုင်းဒေသကြီး၏ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်မှုတိုးတက်ရေးအတွက် မျိုး၊ သွင်းအားစုနှင့် နည်းပညာ ဖြန့်ဝေခြင်းလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး၊ ပုဂ္ဂလိကကဏ္ဍ၏ ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။

နည်းပညာအသုံးပြု

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် မအူပင်မြို့နယ်ရှိ ပုဂ္ဂလိကစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို လည်းကောင်း၊ ငါး၊ပုစွန်အခြေခံအသင့်စား တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်နေမှုကိုလည်းကောင်း ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းသုံး မြေယာများကိုဥပဒေနှင့် အညီအသုံးပြုနိုင်ရေး၊ ပြည်ပပို့ကုန်များအတွက်ဈေးကွက်၏ စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့်အညီဖြစ်စေရေး၊ ငါးမွေးမြူ ထုတ်လုပ်ခြင်းမှဘေးထွက် ပစ္စည်းများကို စိုက်ပျိုးရေးလုပ်ငန်း သုံးငါးအမိုင်နိုထုတ်လုပ်ခြင်း နည်းပညာအသုံးပြု၍ စီးပွားဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် လိုအပ်ချက်များကို လုပ်ငန်းရှင်များနှင့် ရင်းနှီးခင်မင်စွာ ဆွေးနွေးကြသည်။

ထို့နောက်ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ဝါးတောကျေးရွာ မိုးစပါးစိုက်ကွင်းတွင် ထွန်စက်ကြီးများဖြင့် ပိုက်ဆံလျှော်သစ်စိမ်းမြေဩဇာ ထည့်သွင်းနေမှုကိုဒေသခံ တောင်သူများနှင့်အတူ ကြည့်ရှုအားပေးကာ တောင်သူများ၏ လုပ်ငန်းခွင်အခြေအနေ၊ စိုက်ပျိုးထုတ်လုပ်မှုနှင့် သီးနှံအလိုက် အကျိုးအမြတ်ရရှိမှု အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးမှာကြား

ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် တွံတေးမြို့နယ်ရှိ ငါးလုပ်ငန်းသိပ္ပံ (တွံတေး)သို့ ရောက်ရှိကြပြီး ပြည်ထောင်စုဝန်ကြီးက ငါးလုပ်ငန်းသိပ္ပံ(တွံတေး)သည် ငါးပုစွန်အများဆုံး မွေးမြူထုတ်လုပ်ရာ ရန်ကုန်နှင့်ဧရာဝတီတိုင်း ဒေသကြီးနှစ်ခုအကြားတွင် တည်ရှိနေသည့်အတွက် သတ်မှတ်အရည်အချင်း ပြည့်မီသည့် ဒေသနေလူငယ်များအနေဖြင့် ရေသတ္တဝါမွေးမြူရေးဆိုင်ရာ ပညာရပ်များကို အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုအဖြစ် လေ့လာသင်ယူနိုင်ကြရန်နှင့် ရေသတ္တဝါမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက်လိုအပ်လျက်ရှိနေသော အလယ်အလတ်အဆင့် ပညာရှင်များမွေးထုတ်ပေးရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဒီပလိုမာ သုံးနှစ်သင်တန်းဖွင့်လှစ်ရန် စီမံဆောင်ရွက်နေသော်လည်း နောင်တွင် ကောလိပ်အဆင့်အထိ တိုးမြှင့်ဖွင့်လှစ်နိုင်ရေး မျှော်မှန်းဆောင်ရွက်ရန်လိုကြောင်း ဆွေးနွေးမှာကြားသည်။

ဈေးကွက်အတွင်း ပျံ့နှံ့

၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်အတွင်း ရေချိုငါးမွေးမြူထုတ်လုပ်မှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးမှ ငါးပိဿာချိန် ၂၂၉ သန်းကျော်၊ ဧရာဝတီတိုင်းဒေသကြီးမှ ငါးပိဿာချိန် ၃၃၂ သန်းကျော် ထုတ်လုပ်ခဲ့ပြီး အလေအလွင့်နှင့် တိရစ္ဆာန်အစာအဖြစ် အသုံးချနိုင်မှု ၃၀ ရာခိုင်နှုန်း၊ ပြည်ပတင်ပို့မှု ၁၀ ရာခိုင်နှုန်းရှိပြီး ၆၀ ရာခိုင်နှုန်းမှာ ပြည်တွင်းစားသုံးမှုအတွက် ဈေးကွက်အတွင်း ပျံ့နှံ့ရောက်ရှိခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment