နေပြည်တော်ဇွန် ၂၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများနှင့် ကျေးလက်နေပြည်သူများ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မုဒုံမြို့နယ်ရှိရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းသို့ ရောက်ရှိကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်း သင်တန်းသူများကို အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးရန်၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လိုပါက ဆောင်ရွက်နိုင်ရေးလိုအပ်သည့် ရင်းနှီးငွေနှင့် လုပ်ငန်းသုံးပစ္စည်းများ မတည်ပေးနိုင်ရေး ကူညီပံ့ပိုးပေးရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်မြို့ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များမှာကြားသည်။
ကူညီဆောင်ရွက်ပေးသွားမည်
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ချောင်းဆုံမြို့နယ် မုနိုင်းကျေးရွာခန်းမ၌ တောင်စွန်းကျေးရွာနှင့် ဒေါင်းရပ်(အနောက်)ကျေးရွာတို့မှ သမဝါယမအသင်းသားများ၊ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် စပါးစိုက်ပျိုး ထုတ်လုပ်သော သမဝါယမအသင်းသားများနှင့်စပါးစိုက် တောင်သူများ၏ အခက်အခဲများ၊ လိုအပ်ချက်များကို အတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မည်သည့်လုပ်ငန်းမျိုးမဆိုအမြဲမပြတ် ကြီးကြပ်ကွပ်ကဲနေရန်လိုအပ်ကြောင်း၊ ချေးငွေများကို သမဝါယမအသင်းသားများသာမက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေ ရေးအတွက် စပါးစိုက်တောင်သူများအတွက်လည်း ပါဝင်ပါကြောင်း၊ တောင်သူများအနေဖြင့်လည်း သမဝါယမအသင်းများ အသစ်ဖွဲ့စည်းပြီး အမှန်တကယ် လုပ်ငန်းလုပ်ကိုင်သူများအတွက် အကျိုးဖြစ်ထွန်းမှုရှိအောင် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းဆွေးနွေးမှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘားအံမြို့နယ် ကော့ဒါန်းမယ်ကျေးရွာသို့ရောက်ရှိပြီး ကျေးရွာနေပြည်သူများ မြစိမ်းရောင်စီမံကိန်း အသင်းသားများနှင့် တွေ့ဆုံ၍ ကျေးရွာကော်မတီဝင်များက စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ်သိန်း ၃၇၀ ကျော်ဖြင့် ဆောင်ရွက်လျက်ရှိသည့် အသင်းသား ၄၇ ဦးတို့၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လှိုင်းဘွဲ့မြို့နယ် သမ္ဘာန်ကျေးရွာတွင် သမဝါယမဦးစီးဌာနမှ အသင်းသား ၅၂ ဦးဖြင့် ဖွဲ့စည်းထားသည့် ရေဘုတ်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး လုပ်ငန်း သမဝါယမအသင်း၏ ပိုးသတ်ဆေးနှင့်ကွန်ပေါင်းဝယ်ယူနိုင်ရေးအတွက် တစ်ဧကလျှင် ငွေကျပ် သုံးသိန်းကြိုတင်ထုတ်ပေးပြီး သီးနှံပေါ်ချိန်တွင်ထွက်ရှိသောစပါးကို ဒေသပေါက်ဈေးနှုန်းဖြင့် ရောင်းချ၍ ပံ့ပိုးငွေနှင့် ဝန်ဆောင်စရိတ်ပြန်လည်ရယူသည့် (Contract Farming) စနစ်ဖြင့် စိုက်ဧက ၂၀၉ ဧကကျော်တွင် စပါးစိုက်ပျိုးထားရှိမှု ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် စပါးစိုက်ပျိုးထုတ်လုပ်သော သမဝါယမအသင်းသားများနှင့် စပါးစိုက် တောင်သူများ၏ အခက်အခဲများ၊ သွင်းအားစု လိုအပ်ချက်များကို Contract Farming စနစ်ဆောင်ရွက်မည့် အောင်သဇင်အထွေထွေ စီးပွားရေးလုပ်ငန်းအဖွဲ့နှင့် ပူးပေါင်းပြီး အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စပါးစိုက်တောင်သူများအတွက် ဖြစ်ပါကြောင်း၊ တောင်သူများအနေဖြင့်လည်း သမဝါယမ အသင်းများအသစ်ဖွဲ့စည်းပြီး အမှန်တကယ် လုပ်ငန်းလုပ်ကိုင်သူများအတွက် အကျိုးဖြစ်ထွန်းမှုရှိအောင် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားပြီး အသင်းသားတောင်သူများကို ဓာတ်မြေဩဇာများ ထောက်ပံ့ကာ တောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment