နေပြည်တော် ဇွန် ၂၆
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင်ကျေးရွာအနီးရှိ အမျိုးသားညီလာခံ ပြည်ထောင်စုခန်းမကြီး ပြင်ဆင်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ဆတ်သွားတော -ညောင်နှစ်ပင်လမ်း အမာခံလမ်းပခုံး ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ရန်ကုန်-ပုသိမ် လမ်းတစ်လျှောက်မော်တော်ယာဉ်ဖြင့်လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်ပြည်သူ့ဆေးရုံကြီး ကိုးထပ်တိုးချဲ့ဆောင် ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဘဏ္ဍာရေးနှစ်အလိုက်ဆောင်ရွက်ရာတွင် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးသတိပြုရန်၊ သတ်မှတ်ချိန် လုပ်ငန်းများအချိန်မီပြီးစီးရန်၊ အရည်အသွေးစံချိန်စံညွှန်း ပြည့်မီရန်၊ ဌာနမှ အငြိမ်းစားယူထားသည့် အဆောက်အဦပိုင်းဆိုင်ရာ ဝါရင့်ပညာရှင်များ၏ အကဲဖြတ်မှုနှင့်အကြံပြုချက်များ ရယူဆောင်ရွက်ရန်မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့ အမှတ်(၅)ရပ်ကွက်တွင် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့်အကျိုးတူ ဆောင်ရွက်လျက်ရှိသည့် Green Land City ဝန်ထမ်းအိမ်ရာ စီမံကိန်းသို့ရောက်ရှိပြီး တန်ဖိုးသင့်အိမ်ရာစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၊ သာမန်ပြည်သူများအတွက် အိမ်ရာလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် ရည်မှန်းချက်ထား၍ ဆောင်ရွက်ရန်လိုကြောင်း၊ ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ရောင်းချရန်နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ရေရှည်ရင်းနှီးမြှုပ်နှံနိုင် မည့်နည်းလမ်းကောင်းများ ရှာဖွေဆောင်ရွက်ရန်နှင့် ဒေသခံများအလုပ်အကိုင်အခွင့်အလမ်း ရရှိရန် ဆောင်ရွက်ရန်မှာကြားပြီး စီမံကိန်းလုပ်ငန်းခွင်နေရာများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ညနေပိုင်းတွင်ဧရာဝတီ တိုင်းဒေသကြီးလမ်းဦးစီးဌာန ပုသိမ်ဧည့်ရိပ်သာ၌ ဒုတိယဝန်ကြီးအား ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နာဂစ်လမ်း ၁၁ လမ်းနှင့် ပတ်သက်၍ ပြင်ဆင်ထိန်းသိမ်းမှုကို ညွှန်ကြားရေးမှူး(မြို့ပြ) ဦးရန်နိုင်ဇော်က ရှင်းလင်းတင်ပြပြီး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းဦးက လိုအပ်သည်များ ဖြည့်စွက်တင်ပြရာ ဒုတိယဝန်ကြီးက နာဂစ်လမ်း ၁၁ လမ်းနှင့် ပတ်သက်၍ ယာဉ်သွားလာမှု၊ ဒေသခံပြည်သူများအသုံးပြုမှု၊ လမ်းပြုပြင်ရန်လိုအပ်မှုကို စစ်တမ်းကောက်ယူ၍ ပြုပြင်ရန် လိုအပ်သည့်လမ်းများ အမြန်ဆုံးပြုပြင်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment