Friday, June 3, 2022

ကုန်ထုတ်စွမ်းအားမြင့်မားရေး ဒေသအလိုက်ဖော်ဆောင်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကုန်ထုတ်စွမ်းအားမြင့်မားတိုးတက်ရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် အကောင်အထည်ဖော်ရန် မကြာခဏလမ်းညွှန်မှာကြားလေ့ရှိသည်။ မြန်မာနိုင်ငံသည် ရေခံ၊ မြေခံ၊ သဘာဝအခြေခံကောင်းများစွာရှိသဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့်လုပ်ငန်းများကို လက်တွေ့ အကောင်အထည်ဖော်ကြရမည်ဖြစ်သည်။

ဥပမာအားဖြင့် မြန်မာနိုင်ငံတွင် စိုက်ပျိုးဧက ၃၃ သန်းခန့်ရှိသည်။ သီးထပ်သီးညှပ်များကို ပေါင်းထည့်လျှင် စိုက်ဧက ၄၈ သန်းရှိမည်။ လက်တွေ့စိုက်ဧကမှာ ၁၅ သန်းခန့်သာရှိသဖြင့် တစ်သီးစိုက်သည့်သဘောဖြစ်သည်။ စိုက်ဧက ၁၅ သန်းကို နှစ်သီးစိုက်နိုင်အောင် ကြိုးစားမည် ဆိုလျှင်စိုက်ပျိုးရေးထွက်ကုန်များမှာ ယခုထက်နှစ်ဆတိုးတက်လာမည်ဖြစ်သည်။ စိုက်ပျိုး ထုတ်ကုန်များကို မျှော်မှန်းသည့်အတိုင်း မထုတ်လုပ်နိုင်ခြင်းသည် တွက်ခြေမကိုက်သော ကြောင့်ဟု အကြမ်းဖျင်းဆိုနိုင်သည်။ တွက်ခြေမကိုက်၍ မစိုက်ပျိုး၊ မစိုက်ပျိုး၍ အလုပ်မဖြစ် သည့်သဘောရှိသည်။

အလုပ်မဖြစ်၍ စိတ်ပျက်အားလျော့လက်လျှော့ခြင်းဖြစ်သည်။ အမှန်တကယ်တွင် တကယ်လုပ် လျှင်တကယ်ဖြစ်နိုင်ပါသည်။ တကယ်အလုပ်ဖြစ်အောင် ကြိုးပမ်းအားထုတ်ကြရန် လိုရင်းဖြစ် သည်။ လိုအပ်သော မြေ၊ မျိုး၊ ရေတို့ကို နိုင်ငံတော်ကဖန်တီးပေးနိုင်ပေလိမ့်မည်။ လက်တွေ့ တွင်လည်းစိုက်ပျိုးထုတ်ကုန်အထွက်တိုးရေးအတွက် လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးရန်အသင့်ရှိသည်။ လိုအပ်သည်များကို ကူညီဖြည့်ဆည်းပေးနိုင်ရန် နိုင်ငံတော်အကြီး အကဲက မကြာခဏလမ်းညွှန်မှာကြားထားသည်။

စိုက်ပျိုးထုတ်ကုန်များ အထွက်တိုးလာလျှင် မွေးမြူရေးတွင်လိုအပ်သော အစားအစာများ ပေါများလာမည်။ တိရစ္ဆာန်အစားအစာပေါများလာလျှင် စိုက်ပျိုးရေးလုပ်ငန်းများနှင့်အတူ မွေးမြူရေးလုပ်ငန်းများပါဖွံ့ဖြိုးတိုးတက်လာမည်။ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများလည်း အတူလိုက်ပါဖွံ့ဖြိုးလာမည်ဖြစ်သည်။ စိုက်ပျိုးရေး ကိုအခြေခံသည့် စက်မှုလက်မှုလုပ်ငန်းများလုပ်ကိုင်ရန်အတွက် လျှပ်စစ်ဓာတ်အားလိုအပ်သည်။ လိုအပ်သောလျှပ်စစ်ဓာတ်အားများကို သဘာဝအခြေခံကောင်းများရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မိမိတို့အစီအစဉ်ဖြင့်လုပ်ကိုင်နိုင်ပါက ဒေသဖွံ့ဖြိုးတိုးတက်လာမည်မှာ သေချာသည်။

မြန်မာနိုင်ငံတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုဖြင့် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ပြည်ပရင်းနှီးမြှုပ်နှံမှုကြောင့် အလုပ်အကိုင်များပေါများလာသည်။ ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံခြင်းသည် လုပ်အားခသက်သာခြင်းနှင့် ကုန်ကြမ်းမှတန်ဖိုးမြှင့်ကုန်ချော များထုတ်လုပ်နိုင်သည့် အခြေခံကောင်းများရှိသောကြောင့်ဖြစ်သည်။

မြန်မာတို့အနေဖြင့် သူတစ်ပါးကိုအားကိုးနေရခြင်းထက် မိမိတို့အစွမ်းအစဖြင့် ရပ်တည်နိုင် အောင်ကြိုးပမ်းအားထုတ်ကြဖို့လိုအပ်ပေသည်။ တိုင်းဒေသကြီးနှင့်ပြည်နယ်ရှိ ဒေသအလိုက်စီးပွားရေးဇုန်များ၌ ပြည်ပမှရင်းနှီးမြှုပ်နှံမှုများထက် မိမိတို့ဒေသမှထွက်ရှိသော စိုက်ပျိုးမွေး မြူရေးထုတ်ကုန်များ၊ ဆက်စပ်ထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များ ပြုပြင်ပြောင်းလဲ ထုတ်လုပ်နိုင်ခြင်းဖြင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာပြီး အလုပ်အကိုင် အခွင့်အလမ်းများပေါများလာကာ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ တစ်ဆက် တည်းပင် နိုင်ငံတော်၏စီးပွားရေးလည်း မြင့်မားတိုးတက်လာပြီး ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံ ဖြစ်လာမည်။

ယခင်ကာလက မြန်မာနိုင်ငံထက်ဖွံ့ဖြိုးတိုးတက်မှုနောက်ကျသော လာအိုနိုင်ငံနှင့် ကမ္ဘော ဒီးယားနိုင်ငံတို့သည် ယခုအခါ ဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့ရသည်။ မကြာသေးမီက မြန်မာနိုင်ငံတွင် ကမ္ဘောဒီးယားနိုင်ငံ ထုတ်ကုန်ပစ္စည်းများ ဝင်ရောက်လာသည်ကိုတွေ့ရသည်။ ဗီယက်နမ်နိုင်ငံဆိုလျှင်လည်း မြန်မာနိုင်ငံ၌ပင် လာရောက်ရင်းနှီးမြှုပ်နှံနေကြပြီဖြစ်သည်။ ထိုသို့ ဖွံ့ဖြိုးတိုးတက်လာခြင်းသည် နိုင်ငံတည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်အောင်ကြိုးပမ်းဆောင် ရွက်သည့်စွမ်းအားရှိမှု၊ ကုန်ကြမ်းပစ္စည်းများကို တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင် မှုကြောင့်ဖြစ်သည်ကို သတိပြုမိဖို့လိုမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုနှင့်အညီ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ဖြစ်နိုင်သည့်စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်အောင် တက်ညီလက်ညီကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် အခြေခံရှိပြီးသားဖြစ်သည့် ရေ၊ မြေ၊ သဘာဝအခြေခံများနှင့် လူ့စွမ်းအားအရင်းအမြစ်များအား ထိရောက်စွာအသုံးချ၍ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် တိုက်တွန်းအပ်ပါကြောင်း။        ။

ကြေးမုံအယ်ဒီတာ့အာဘော်

No comments:

Post a Comment