Friday, June 3, 2022

(၁၅) ကြိမ်မြောက် အာဆီယံနှင့်အရှေ့အာရှစီးပွားရေးသုတေသနဌာန အုပ်ချုပ်မှုဘုတ်အဖွဲ့အစည်းအဝေးကျင်းပ

 

နေပြည်တော် ဇွန် ၂

(၁၅) ကြိမ်မြောက် အာဆီယံနှင့်အရှေ့အာရှစီးပွားရေးသုတေသနဌာန (ERIA) အုပ်ချုပ်မှုဘုတ်အဖွဲ့အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီခွဲတွင်ကျင်းပရာ မြန်မာနိုင်ငံ၏ အီးအာရ်အိုင်အေအုပ်ချုပ်မှုဘုတ်အဖွဲ့ဝင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသန်းအောင်ကျော်သည် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) မှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။

အဆိုပါအစည်းအဝေးတွင် ဖိလစ်ပိုင်နိုင်ငံ Ateneo de Manila University ၏ စီးပွားရေးပါမောက္ခ Dr. Cielito F. Habito က အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အီးအာရ် အိုင်အေအုပ်ချုပ်မှုဘုတ်အဖွဲ့ဝင်များဖြစ်သည့် အာဆီယံနိုင်ငံများနှင့် သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ နယူးဇီလန်နိုင်ငံတို့မှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ကျွမ်းကျင်ပညာရှင်များ၊ အီးအာရ်အိုင်အေအကြံပေးကောင်စီ အဖွဲ့ဝင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေး၌ အီးအာရ်အိုင်အေအုပ်ချုပ်မှုဘုတ်အဖွဲ့အစည်း အဝေးသဘာပတိပါမောက္ခ Dr. Cielito F. Habito ၊ အီးအာရ်အိုင်အေ၏ဥက္ကဋ္ဌ ပါမောက္ခ Hidetoshi Nishimura နှင့် အာဆီယံအတွင်းရေးမှူးချုပ် Dato Paduka Lim Jock Hoi တို့က အမှာစကားများ ပြောကြားကြသည်။

ဆက်လက်၍ အီးအာရ်အိုင်အေ၏ Chief Economist ၊ ပါမောက္ခ Fukunari Kimura က ကမ္ဘာ့လက်ရှိ ဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများက အာဆီယံနှင့် အရှေ့အာရှဒေသအပေါ် အကျိုးသက်ရောက်မှုများကိုလည်းကောင်း၊ အကြီးတန်းမူဝါဒရေးရာအဖွဲ့ဝင်ပါမောက္ခ Jun Arima က အရှေ့အာရှနိုင်ငံများအတွက် ဆောင်ရွက်သည့် စွမ်းအင်မူဝါဒဆိုင်ရာလေ့လာမှု လမ်းပြမြေပုံ (၂၀၂၂-၂၀၂၃) ကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။ ထို့နောက် အာဆီယံအတွင်းရေးမှူးချုပ်နှင့် အီးအာရ်အိုင်အေအုပ်ချုပ်မှုဘုတ်အဖွဲ့ဝင်များက အာဆီယံနှင့် အရှေ့အာရှဒေသအပေါ် ကမ္ဘာ့တိုးတက်မှုအကျိုးသက်ရောက်မှုများနှင့် အီးအာရ်အိုင်အေက အာဆီယံနှင့်အရှေ့အာရှဒေသတွင်ဆောင်ရွက်ရမည့် သုတေသနအစီအစဉ်သစ်များကို အဆိုပြု ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အီးအာရ်အိုင်အေ၏ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အတွက် ဆောင်ရွက်သည့် သုတေသနလုပ်ငန်းအစီအစဉ်များကို အသိအမှတ်ပြုပါကြောင်း၊ ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) သဘောတူစာချုပ်တွင် မြန်မာနိုင်ငံသည် ကျန်အဖွဲ့ဝင် နိုင်ငံ ၁၀ နိုင်ငံနှင့် နှစ်နိုင်ငံအကြားအသက်ဝင်ပြီးဖြစ်ကြောင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့က RCEP ၏ အချို့ သဘောတူညီချက်များကို လိုက်ပါအကောင် အထည်ဖော်ရန်အတွက် ကြားကာလကူးပြောင်းချိန်များရရှိထားကြောင်း၊ အဆိုပါကာလ အတွင်း မြန်မာနိုင်ငံအနေဖြင့်လည်း RCEP စာချုပ်ကို အပြည့်အဝအကောင်အထည်ဖော်နိုင်ရန်အတွက် လိုအပ်သည့်အဖွဲ့အစည်းတည်ဆောက်မှုနှင့် ဥပဒေဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်များကို ဆောင်ရွက်ပေးစေလိုပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment