နေပြည်တော် ဇွန် ၂
အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီပြီး ဈေးနှုန်းသင့်တင့်သည့် ယူရီးယားမြေဩဇာများကို တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ အရောင်းဆိုင်များမှတစ်ဆင့် ဖြန့်ဖြူးရောင်းချနိုင်ရေး အတွက် ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ရုံးအမှတ် (၁၆) သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Online စနစ်ဖြင့် ကျင်းပသည်။
ညှိနှိုင်းဆောင်ရွက်
ဦးစွာ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ
ပြည်ထောင်စုဝန်ကြီးဦးလှမိုးက အရည်အသွေးပြည့်မီသည့် ယူရီးယားမြေဩဇာများ တောင်သူများလက်ဝယ်
စိုက်ပျိုးရာသီအမီရောက်ရှိစေရေးအတွက် ဖြန့်ဖြူးရောင်းချခြင်းကို မြန်မာနိုင်ငံသားလုပ်ငန်းရှင်
ကုမ္ပဏီများစုစည်းထားသည့် Consortium အဖွဲ့နှင့် မြန်မာဆန်စပါးအသင်းချုပ်တို့နှင့်
ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ Consortium အဖွဲ့များက ပထမအသုတ်အနေဖြင့် ယူရီးယားမြေဩဇာ တန်ချိန် ၆၀၁၈၈ တန် တင်သွင်းနိုင်ရန် ဦးဆောင်ကော်မတီက စီးပွားရေးနှင့်ကူးသန်း
ရောင်းဝယ်ရေးဝန်ကြီးဌာနဖြင့် သွင်းကုန်လိုင်စင်ရရှိရေး၊ နိုင်ငံခြားသုံးငွေကြီးကြပ်မှု
ကော်မတီ တို့နှင့် နိုင်ငံခြားငွေဝယ်ယူခွင့်ရရှိရေးတို့ကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး
ယခုအခါ မြေဩဇာများ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိနေပြီဖြစ်၍ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/
ပြည်နယ် များသို့ ဖြန့်ဖြူးရောင်းချပေးရတော့မည် ဖြစ်ပါကြောင်း။
ယူရီးယားမြေဩဇာတစ်အိတ်လျှင် ရန်ကုန်ဂိုဒေါင်ဈေးနှုန်းမှာ
ငွေကျပ် ၈၆၀၀၀ ဖြစ်ပြီး ဒေသ သယ်ယူစရိတ်အပေါ်မူတည်၍ ငွေကျပ် ၈၇၈၀၀ မှ ၈၉၄၀၀ ထိ ကျသင့်မည်ဖြစ်ကြောင်း၊
လက်ရှိ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် မြေဩဇာတစ်အိတ်လျှင် ငွေကျပ် ၉၂၀၀၀
မှ ၉၅၀၀၀ ခန့် ဖြစ်သည့်အတွက် ငွေကျပ် ၁၀၀၀၀ ကျော်ခန့် သက်သာမည်ဖြစ်ကြောင်း၊ ပထမအသုတ်
ရောက်ရှိလာသောယူရီးယားမြေဩဇာများကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ မြေဩဇာ အရောင်းဆိုင်များသို့
ဇွန် ၃ ရက်မှစတင်၍ ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ပြီး တောင်သူ လက်ဝယ်သို့ ဇွန် ၇ ရက်မှ
၁၅ ရက်အတွင်း စတင်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချူပ်အနေဖြင့်
ဇွန် ၆ ရက်တွင် စတင်ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ပြီး လျာထားစာရင်းများကိုလည်း ပေးပို့ထားပြီးဖြစ်ကြောင်း၊
ယူရီးယားမြေဩဇာလိုအပ်ချက်မှာ ကြီးမြင့်နေသေးသည့်အတွက် လိုအပ်သောမြေဩဇာများကို ထပ်မံတင်သွင်းရေးကိုလည်း
ကုမ္ပဏီများနှင့်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်/ တိုင်းဒေသကြီးများအနေဖြင့်လည်း မိမိတို့အမှန်တကယ်ဖြန့်ဖြူးနိုင်မည့်စာရင်းကို ယခုအစည်းအဝေးတွင် တင်ပြပေးစေ
လိုကြောင်း၊ နိုင်ငံတော်အစိုးရကစီစဉ်ဆောင်ရွက်သည့် ယူရီးယားမြေဩဇာဈေးနှုန်းသက်သာစွာဖြင့်
အချိန်မီဖြန့်ဖြူးရောင်းချနိုင်ရေး လုပ်ငန်းအစီအစဉ်၌ နေပြည်တော်ကောင်စီ၊ ပြည်နယ်/ တိုင်းဒေသကြီး
အစိုးရအဖွဲ့များအနေဖြင့် မိမိတို့သက်ဆိုင်ရာဒေသအတွင်း မြို့နယ်ဖြန့်ဖြူး ရောင်းချရေးကော်မတီများ
ဖွဲ့စည်းပေးခြင်း၊ မြေဩဇာ သယ်ယူဖြန့်ဖြူးမည့် ကိစ္စရပ်များ အဆင်ပြေချောမွေ့အောင် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊
မြေဩဇာအဝင်အထွက်လက်ကျန် စာရင်းများစိစစ်ကြီးကြပ်ခြင်း စသည့်လုပ်ငန်းစဉ်များတွင် ပေါင်းစပ်ကူညီ
ဆောင်ရွက်ပေးကြရန် ညှိနှိုင်းအပ်ပါကြောင်း။
အချိန်မီဖြန့်ဖြူးရောင်းချနိုင်ရေး
နေပြည်တော်ကောင်စီ၊ ပြည်နယ်/တိုင်းဒေသ
ကြီးများသို့ ယူရီးယားမြေဩဇာများ ဈေးနှုန်းသက်သာစွာဖြင့် အချိန်မီဖြန့်ဖြူးရောင်းချနိုင်ရေးနှင့်စပ်လျဉ်းပြီး
သယ်ယူပို့ဆောင်ရေး ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန် ကားလမ်းအပြင်ရထားနှင့်သယ်ယူနိုင်စေရန်၊
ရေကြောင်းမှသင်္ဘောဖြင့်သယ်ယူပို့ဆောင်နိုင်စေရန် စီစဉ်လျက်ရှိပါကြောင်း၊ ပြည်နယ်/
တိုင်းဒေသကြီးအစိုးရအဖွဲ့များအနေနှင့် အရောင်းဆိုင်များနှင့်ညှိနှိုင်းပြီး သယ်ယူပို့ဆောင်ရေး
အဆင်ပြေစေရန်ညှိနှိုင်းပူးပေါင်းစီစဉ်ပေးကြရန်နှင့် အခြားအခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်းတင်ပြရန်နှင့် ပိုမိုကောင်းမွန်သည့်အကြံဉာဏ်များရှိပါက ဆွေးနွေးပေးကြရန် ပြောကြားသည်။
ရှင်းလင်းဆွေးနွေး
ဆက်လက်၍ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီ၊
အတွင်းရေးမှူး၊ အမြဲတမ်းအတွင်းဝန်ဦးခန့်ဇော်က ယူရီးယားမြေဩဇာများ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှမြို့နယ်များရှိ အရောင်းဆိုင်များသို့ သယ်ယူပို့ဆောင်ဖြန့်ဖြူးရောင်းချမည့်အစီအစဉ်များကိုလည်းကောင်း၊ Consortium အဖွဲ့ကိုယ်စား
တာဝန်ရှိသူတစ်ဦးက ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကိုလည်းကောင်း၊ မြန်မာနိုင်ငံဆန်စပါး
အသင်းချုပ်မှတာဝန်ရှိသူတစ်ဦးက ဖြန့်ဖြူးရောင်းချမည့် အစီအစဉ်များကိုလည်းကောင်း၊ တက်ရောက်လာကြသော
နေပြည်တော်ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ယူရီးယား မြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေးလုပ်ငန်း
ကြီးကြပ်မှုကော်မတီမှတာဝန်ရှိသူများက မိမိတို့ သက်ဆိုင်ရာကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့်
လုပ်ငန်းစဉ်များကို ရှင်းလင်း ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ်
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။
သတင်းစဉ်

No comments:
Post a Comment