Thursday, May 19, 2022

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌‌‌ဆေး Sinopharm ဆေးအလုံး ငါးသန်း doses နှင့် ဆေးထိုးအပ် နှစ်သန်းရောက်ရှိ

 

ရန်ကုန် မေ ၁၈

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ဆေးအလုံး ၁၀ သန်း doses နှင့် ဆေးထိုးအပ် ၁၃ ဒသမ ၀၅၆ သန်းကို လှူဒါန်းမည်ဖြစ်ရာ ယနေ့ နံနက်ပိုင်းတွင် ပထမအသုတ်အနေဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ Sichun Airline ဖြင့် Sinopharm ဆေးအလုံး ငါးသန်း doses နှင့် ဆေးထိုးအပ်နှစ်သန်း ရောက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ဆေးထိုးအပ်များကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ Counsellor Mr. Tan Shufu နှင့် သံရုံးမှတာဝန်ရှိသူများကပေးအပ်ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်သန်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဒေါက်တာရဲ မင်းထွေးနှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူများက လက်ခံရယူသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအတွက် ဆေးထိုးအပ် ငါးသန်းကို မေ ၁၉ ရက်တွင်လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ငါးသန်းနှင့် ဆေးထိုးအပ်များကို မေ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် လည်းကောင်း ဆက်လက်ပေးပို့ လှူဒါန်းသွားမည်ဖြစ်ပြီး ပေးပို့လှူဒါန်းသော Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအား ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း၌ထားရှိ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ မြေပြင်ခရီးလမ်းကြောင်းနှင့် တပ်မတော်(လေ)နှင့် မြန်မာ့လေကြောင်း၏ အကူအညီဖြင့် အအေးလမ်းကြောင်းမပျက် ဆက်လက်ဖြန့်ဝေသွားမည် ဖြစ်ကြောင်း သိရသည်။

ညိမ်းသူ(သတင်းစဉ်)၊ ဓာတ်ပုံ -ကနူး

No comments:

Post a Comment