မိဘတိုင်းက မိမိတို့၏ရင်နှစ်သည်းချာ ရင်သွေးငယ်များကို ပန်းကလေးတွေအဖြစ် တင်စားကြသည်သာ။ အဖိုးထိုက်ဆုံးရတနာအဖြစ်လည်း အမွမ်းတင်ကြသည်။ ပန်းများလို တန်ဖိုးထား၍ အလှဆုံးဖူးပွင့်အောင် ဂရုတစိုက်ပြုစုပျိုးထောင်ပေးကြသည်။ တန်ဖိုးမြင့် ရတနာသဖွယ်သဘောထား၍ မပျောက်ပျက်၊ မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ပေးကြသည်။
ကိုယ်ပြုစုစိုက်ပျိုးပေးသော ပန်းတိုင်းကိုပွင့်စေချင်ပြီး ပွင့်သောပန်းတိုင်းလည်း လန်းစေချင်သည်မှာ စိုက်ပျိုးသူမိဘတိုင်း၏ ဆန္ဒဖြစ်မည်ထင်သည်။ ဆရာဆရာမတိုင်း၏ ဆန္ဒလည်းထိုနည်းတူပင်။ ကိုယ်ချစ်သော သားသမီးကဲ့သို့ ပညာသင်ပေးရသော ကိုယ့်ရဲ့တပည့်တိုင်းကို ပန်းကလေးလို ပွင့်စေချင်၊ လန်းစေချင်၊ ရတနာတစ်ပါးလို အမြတ်တနိုး တန်ဖိုးထားချင်ကြသည်မှာ မိဘတိုင်းဆရာသမားတိုင်း၏ ပြင်းပြသော ဆန္ဒများပင် ဖြစ်ပါသည်။
အနာဂတ်အတွက်
နိုင်ငံတော်အနေဖြင့်လည်း ထို့အတူပင် ဖြစ်ပါသည်။ လိမ္မာယဉ်ကျေးသော၊ ပညာတတ်သော၊ ပညာတော်သော အနာဂတ်၏ ကြယ်ပွင့်လေးများ အဖြစ် လှလှပပ အလင်းဆောင်သည်ကိုသာ မြင်လိုမည်ဖြစ်သည်။ မိဘဆရာသမားကောင်းနှင့် ပြည်သူတို့ကလည်း မိမိတို့စုပေါင်းပြုစုပျိုးထောင်ပေးလိုက်သော လူငယ်မျိုးဆက်တို့ကိုသာလျှင် ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်သော အနာဂတ်ပြည်ထောင်စုကြီးအတွက် အာမခံချက်ကောင်းတစ်ခုအဖြစ် မြင်လိုကြ ပေလိမ့်မည်။
ယခုကာလတွင် ကျွန်တော်တို့အားလုံးအတွက် ပညာဖြင့် ဖန်တီးထားသော ပတ်ဝန်းကျင်ကောင်း တစ်ခု လိုအပ်နေသည့်အတွက် မိဘ၊ ဆရာ၊ ကျောင်းသားထောက်တိုင်သုံးခုဖြင့် ကောင်းမွန်သော ပတ်ဝန်းကျင်ကို တည်ဆောက်နိုင်ရန် အားယူနေကြရပါသည်။ မိဘ၊ ဆရာဟူသည် ယနေ့ကလေးသူငယ် တို့အတွက် အနီးစပ်ဆုံး အတုယူရမည့်သူများ ဖြစ် သင့်သည်။
အတုမြင်အတတ်သင်စ လူငယ်လူရွယ်များအတွက် မိဘနှင့်ဆရာသည် ပညာအရာတွင်
စံနမူနာပြပုဂ္ဂိုလ်များ ဖြစ်ပါသည်။ ထို့ကြောင့် ပညာကို အပတ်တကုတ် ကြိုးစားသင်ယူကြရန်မှာ
ယနေ့ မိဘ၊ ဆရာများအပေါ်တွင် အဓိကတာ၀န်ရှိနေသလို နိုင်ငံတော်နှင့် ပြည်သူဘက်ကလည်း အေးချမ်း
သာယာစွာဖြင့် ပညာသင်ကြားနိုင်ရေး ဥပဒေစည်းမျဉ်းစည်းကမ်းများဖြင့် ထိန်းကွပ်ကြပ်မတ်ဖို့၊
လိုအပ်သော ဖြည့်ဆည်းပံ့ပိုးပေးရမည့်အပိုင်းမှာ ကူညီဖြည့်ဆည်းပေးရန် တာဝန်ရှိပါသည်။
မိဘ၊ ဆရာ၊ ပြည်သူသုံးဦးသုံးဖလှယ်ကား ပညာပြည့်ဝ နှလုံးလှသူများစွာ ပေါ်ထွန်းလာရေးတွင်
အဓိက ဖန်တီးရှင်များအဖြစ် မှတ်ယူရပေမည်။
ပညာမပြည့်ဝမှု၏ သက်ရောက်မှု
ယခုကာလတစ်ခုမှာ ကျွန်တော်တို့ဝန်းကျင်တွင် ပညာမပြည့်ဝမှု၏ သက်ရောက်မှု ဒဏ်ရာဒဏ်ချက်ကို အနည်းနှင့်အများ ခံစားနေကြရသည်။ အသိအလိမ္မာတွေ အားနည်းလာကြပြီလား မသိ။ အကောင်းအဆိုး ပိုင်းခြားဝေဖန်နိုင်ခြင်း ရှိမှု၊ မရှိမှု၏ သက်ရောက်မှု အဆိုးအကောင်းကို ကြုံတွေ့နေရ သည်။ ယဉ်ကျေးသိမ်မွေ့မှုနေရာမှာ ကြမ်းတမ်းခက်ထန်မှုတို့ နေရာယူနေပြီး ပျော်ရွှင်ချမ်းမြေ့မှုထက် ပူလောင်သောကဖြစ်မှုက ပိုကဲနေသလားခံစားမိသည်။
အချို့သားသမီးအရွယ် လူရွယ်လူမမယ်များ မိဘ၊ ဆရာ၊ လူကြီးသူမများ၏ ပြောဆိုဆုံးမမှုကို နာယူရန် ခက်ခဲနေတတ်သည်။ ကျေးဇူးရှင်ကို ကျေးဇူးမသိတတ်၊ ပြင်းထန်သော တုံ့ပြန်မှုများဖြင့် ကျေးဇူးဆပ်ရန် ဝန်လေးနေတတ်ကြသည်။ တစ်ခါတစ်ရံ ဆုံးမသူဘက် ကိုယ်တိုင်ကပင် စံပြဖြစ်ရမည့်အစား အတွေးအခေါ်၊ အပြောအဆို အပြုအမူက အရိုအသေမတန် ကပြောင်းကပြန် ဖြစ်နေသည်ကိုလည်း အချိုးမကျတွေ့ရပြန်သည်။
ပညာ၏ တန်ဖိုး
လူ့အဖွဲ့အစည်းတစ်ခုမှာ ပညာတတ်၊ ပညာရှင်၊ ပညာရှိသူတို့၏ တန်ဖိုးသည် ကြီးမားသည့် အလျောက် သူတို့မရှိသည့်အခါ ပို၍သိသာသည်။ သာမန်အသိက မရေရာ၊ မသေချာ၊ အဆိုးမြင်သံသယကိုသာ မွေးဖွားတတ်ပြီး ဝေဖန်ပိုင်းခြားဆင်ခြင်နိုင် စွမ်းဟူသည့် ပညာအသိကသာလျှင် မိမိမိသားစု အတွက်ရော၊ မိမိအသိုင်းအဝိုင်းအတွက်နှင့် လူ့အဖွဲ့ အစည်းတစ်ခုလုံးအတွက်ပါ အကျိုးပြုနိုင်စွမ်းပိုရှိသည်မှာ ထင်ရှားပါသည်။ ပဋိပက္ခကြီးတစ်ခုလုံးကို လျော့ပါးအောင် လုပ်နိုင်စွမ်းပြီး ငြိမ်းချမ်းအောင် လည်း ဖန်တီးနိုင်စွမ်းရှိသည်မှာ ပညာဆိုသောအရာ သာလျှင် ဖြစ်ပါသည်။
ဆိုလိုသည်မှာ ပညာတန်ဖိုးကြီးမားပုံကို မျှဝေ လို၍ဖြစ်သည်။ ဉာဏ်ပညာရှိမှုဖြင့်သာ ကိုယ့်ကိုယ် ကိုယ်ရော၊ အခြေအနေအားလုံးအပေါ်မှာပါ မှန်မှန်ကန်ကန်သုံးသပ်နိုင်မည်ဖြစ်ပြီး ကိုယ်က သူတစ်ပါး၏ အစည်းရုံးမခံရဘဲ ကိုယ်ကသာ အများကို စည်းရုံး နိုင်မည်ဖြစ်သည်ကို ယနေ့ခေတ်မိဘများ၊ စာသင်ခန်း ဝင်မည့်သူများ အထူးသတိရစေလိုပါသည်။ ယနေ့ လူတော်တော်များများက မောဟအားကြီးနေကြ သည်ထင်သည်၊ လုပ်သင့်တာ မလုပ်ဘဲ မလုပ်သင့်တာ လုပ်ကြတာက များသည်။ ထို့ကြောင့် မဖြစ်သင့်တာတွေ ဖြစ်နေကြရသည်ကို သတိပြုသင့်ပါသည်။
မောဟ၏ ဆန်ကျင်ဘက်သည် ပညာဖြစ်သည်ကို မမေ့အပ်၊ မောဟအားကြီးသူသည် မာန်မာနလည်း တက်နေတတ်သည်။ မောဟစေစားရာနောက်တွင် အမှောင်ပိတ်၍ အမြင်ဝေဝါးနေတတ်သည်။ ရိုသေလေးစားကြည်ညိုမှုနှင့် ဂါရဝတရား၏ ဆန့်ကျင်ဘက်သည် ခက်ထန်ကြမ်းတမ်းသော စိတ်ဓာတ်၊ ထောင်လွှားတက်ကြွသော မာန်မာနဖြစ်သည်ကို သတိပြုစေချင်သည်။ ထိုထိုမကောင်းသော စိတ်ထားများကို ပညာနည်းသူတို့ထံတွင် ပို၍တွေ့ရ လေ့ရှိသည်။ ထို့ကြောင့်ပညာကို ကြိုးစားသင်၊ လက်တွေ့နှင့် ပေါင်းစပ်ကာ အလေ့အကျင့် များများ လုပ်ပြီး ပညာတတ်ဖြစ်အောင်လုပ်စေချင်သည်။
သုတစုံပြီး ထပ်ခါထပ်ခါ သိနားလည်လာ၍ အတွေ့အကြုံများလာပြီဆိုပါက၊ အမှားအမှန်ခွဲခြား နိုင်ပြီဆိုပါက ပညာရှင်ဟု ကိုယ့်ကိုယ်ကိုယ် သတ်မှတ်နိုင်ပြီဖြစ်သည်၊၊ အရာရာ ပညာက ရှေ့ဆောင်သွားလျှင်တော့ ပညာပေါ်ပညာဆင့်ကာ အမှန်များလာပြီး အမှားလည်း နည်းလာမည်သာဖြစ်သည်။ လူကတော်ရုံသာမဟုတ် ကောင်းလည်းကောင်းသည့် လူတော်လူကောင်းတစ်ယောက်အဖြစ် မြင်တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် အရွယ်ကောင်း တုန်းမှာ ပညာရှာထားကြရန်နှင့် အရွယ်လွန်မှဆို လျှင်တော့ ပညာနှင့်လည်းဝေး အပယ်ဘေးသာ တွေ့ရန် များနိုင်သည်ဟုသာ ဆိုရပါတော့မည်။
ပညာဝေးသူနှင့်ပညာသင်ခွင့်ရသူအကြား ကွာဟချက်ကား ကြီးလှသည်
ယနေ့ခေတ်လူငယ်လူရွယ်များကို ကောင်းစေလို၍ ဆုံးမပဲ့ပြင် လမ်းညွှန်နိုင်စွမ်းများသူမှာ မိဘ ဆရာသမားများသာ ဖြစ်သည်ကို အနီးစပ်ဆုံး တွေ့ရသည်။ အချိန်ရှိခိုက် စာသင်ခန်းနှင့် ဝေးသော ကလေးများသည် ပညာရှိနှင့်လည်း ဝေးရပြီး ပညာ တတ်များထံမှလည်း ပညာသင်ကြားခွင့်မရ၊ ပြောဆို အဆုံးအမကိုလည်း နားမဝင် နာခံခွင့်မရ နစ်နာလွန်းလှသည်။ ပညာရှင်နှင့် မနီးစပ်သောကလေးသည် ကားအမှားအမှန် မခွဲခြားတတ်၊ အတွေးမှား အမြင်မှား၊ အမှားသာများ၍ နှောင်းသွားလျှင် နောင်တတရားသာ ရတတ်သည်၏နောက်တွင် အခြားမရှိသည်ကို မိဘဆရာသမားများ အထူးသတိချပ်သင့်ပါသည်။
ငယ်စဉ်အခါ ပညာကို သင်ခွင့်ရ၊ အသုံးချခွင့် လည်းရပြီး အတွေ့အကြုံကြွယ်ဝသူတို့ကား သုံးသပ် ဆင်ခြင်မှု အားကောင်းကြသည်၊ အမှားအမှန်ကို ခွဲခြားသိမြင်ပြီး အကောင်းအဆိုးလည်း ဝေဖန် ပိုင်းခြားနိုင်ကြသည်။ ဆိုဆုံးမရလွယ်ကူပြီး မိဘဆရာသမားကို ရိုသေလေးစားဂါဝရမြဲ၍ ကျေးဇူးရှင် များအဖြစ် မြင်ကြသည်။ ဘာသာတရား အဆုံးအမတွင် ပျော်မွေ့ပြီး ကုသိုလ်အကုသိုလ်ယှဉ်၍ ခွဲခြား သိနားလည်စွမ်းရှိကာကံလည်း ကောင်းတတ်ကြသည်၊ ယဉ်ကျေးမှုကို လွယ်လွယ်ကူကူ အတိုက်စား မခံဘဲပတ်ဝန်းကျင်၏ ရိုက်ခတ်မှု နည်းနိုင်သမျှနည်းအောင် နေနိုင်ကြသည်။ ကိုယ်ပိုင်ဆင်ခြင် ဉာဏ်ကြောင့် အစွန်းနှစ်ပါးလွတ်အောင် ရှောင်နိုင်ပြီး အလယ်အလတ်မှာ မျှတအောင် နေတတ်သည်မှာ ပညာရှင်၏ သဘောပင်ဖြစ်သည်။
ကိုယ်ကျင့်တရားအခြေခံသော ပညာသည်သာ The wisdom ဖြစ်ပါမည်
လောကမှာ လူသားတွေ အမြတ်နိုးဆုံးအရာ၊ လူ့အဖွဲ့အစည်းကြီးက အလိုချင်ဆုံးအရာကို ပြပါဆိုလျှင် ကိုယ်ကျင့်သီလနှင့် ယှဉ်သော ပညာကိုသာ ပြရပေလိမ့်မည်။ ဤနှစ်ပါးကသာ လူ့ဂုဏ်သိက္ခာနှင့် လူ့တန်ဖိုးအပြင် လောကကြီးတစ်ခုလုံးကိုပါ ထိန်းကျောင်းနိုင်၍ ဖြစ်သည်။ သီလ၏ တန်ဖိုးနှင့် သီလပျက်ခြင်း၏ ဆိုးကျိုးကို ပညာကသာ ပြဋ္ဌာန်းနိုင်ပြီး သီလကိုအခြေခံပါမှလည်း ပညာသည်မြင့် သည်ထက် မြင့်လာမည်ဖြစ်ပါသည်။
ကိုယ်ကျင့်တရားပါသော ပညာကသာ ယခုဘဝရော၊ နောင်ဘဝရော တစ်သက်လုံးအတွက်ပါ အာမခံချက်ရှိပါသည်။ ရာထူးဂုဏ်သိမ် စည်းစိမ်ဥစ္စာဟူသည် မျက်စိနှစ်လုံး မပိတ်မီ ရေတိုအတွက်သာဖြစ်၍ ကြာကြာမနေ။ သီလနှင့်တွဲနေသော ပညာတန်ဖိုးဟူသည် ဆုတ်ယုတ်ကျဆင်းသွားသည် မရှိ၊ ထို့ကြောင့် ကျောင်းတွေ၊ တက္ကသိုလ်တွေဆိုတာ ထို့အတွက်ပဲ ရှိနေရခြင်းဖြစ်သည်။ ကျောင်းတွေက သင်ပေးလိုက်သော ပညာဗဟုသုတကို ကိုယ်ကျင့် တရားနှင့် တွဲဖက်လိုက်မှသာ ကျွန်တော်တို့ ပြောဆို သုံးနှုန်းနေသော The wisdom ဟူ၍ ဖြစ်ပေမည်။
ကျွန်တော်တို့ရဲ့ သားသမီးအရွယ် လူငယ်လူရွယ် အများစုအနေဖြင့် Educated ဘဝကို ခံယူချင်ကြသူ ချည်းသာဖြစ်မည်ဟု ယူဆပါသည်။ လူငယ်တိုင်းဘဝကို တိုးတက်ချင်ကြမည်သာ ဖြစ်သည်။ သို့ဆို လျှင် ကိုယ့်ကိုယ်ကိုယ် ပညာနှင့်ဝေးပြီး ကိုယ့်ဘဝကို လူညွန့်တုံး မခံသင့်ကြပေ။ ထို့ကြောင့် အစဉ်အမြဲ educated ဖြစ်နေအောင် ကြိုးစားနေသင့်သည်။ အမြဲသင်ယူနေရမည်၊ အစဉ်မှတ်သားနေရမည်။ သင်ယူမှတ်သားသည့်အတိုင်း လက်တွေ့လိုက်နာဆောင်ရွက်နေရမည် ဖြစ်သည်။ ဘယ်လောက်ပဲ စာမေးပွဲအောင်အောင်၊ ဘယ်လိုပဲ ဘွဲ့ရဘွဲ့ရ လက်တွေ့မဆောင်ရွက်က လောကကြီးအတွက် အချည်းနှီးပင်ဖြစ်သည်မှာ ပညာ၏ သဘောပင် ဖြစ်သည်။
ပေးတတ်ယူတတ်မှသာ ပညာအပေါ် ပညာဆင့်နိုင်ပါမည်
ဤတွင် မိဘဆရာသမားကောင်းတွေအနေဖြင့် မိမိတို့ တပည့်၊ သားသမီး၊ နောက်လိုက် နောက်ပါ များကို အမြဲပြောဆိုဆုံးမတတ်သည့် သတိပေးချက် လေးတစ်ခုကို ထောက်ပြချင်သည်။ “လုပ်သင့်တာ လုပ်ဖို့နှင့် မလုပ်သင့်တာကို မလုပ်ဖို့”၊ “မှန်တာကို လုပ်ဖို့နှင့် မှားတာကိုမလုပ်မိစေဖို့”၊ “လုပ်ပြီးအကျိုး အပြစ်ကို စဉ်းစားတတ်ဖို့“ နှင့် “အစွန်းနှစ်ပါးကို ရှောင်တတ်ဖို့” ပဲ ဖြစ်သည်။
Educated အပေါ်မှာ ဆင်ခြင်တုံတရားကို အခြေခံသည့် အထက်ပါဆောင်ရန် ရှောင်ရန် သဘောများကို ပေါင်းစပ်လိုက်သည့်အခါ ရလာမည့် wisdom “ပညာရှိ စဉ်းစားဉာဏ်” ကို ပညာတန်ဖိုး နားလည်သည့် မိဘကောင်း ဆရာသမားကောင်း တို့ကသာ လမ်းညွှန်ပြသပေးနိုင်ပြီး ပညာယူလိုစိတ် ရှိသည့် တပည့်သားသမီးများကသာ အကျိုးရှိရှိ ရယူနိုင်ပါလိမ့်မည်။ အမှန်မူလကတည်းကပင် လောကမှာလုပ်သင့်တာနဲ့ မလုပ်သင့်တာ၊ ရှောင် သင့်တာနဲ့ ဆောင်သင့်တာ နှစ်မျိုးပဲရှိသည်ဖြစ်၍ ဒီနှစ်မျိုးကိုပဲ ခွဲခြားသိမြင်ပြီး မလုပ်သင့်တာ ကို မလုပ်ဘဲ လုပ်သင့်တာကို လုပ်နိုင်ပြီဆိုလျှင် ပညာတတ်အဆင့်မှ ပညာရှင်အဆင့်အထိ ရောက်ပါ ပြီ။ မိဘဆရာသမားကလည်း ကျောက်အရိုင်းတုံးကို အရောင်တင်ပေးတတ်ရန်နှင့် သားသမီးတပည့် များကလည်း အရောင်တင်ပြီး အဖိုးတန်ကျောက်မျက် ဖြစ်အောင် ရယူထိန်းသိမ်းတတ်ရန် ဖြစ်ပါသည်။
ကိုယ်စီတာဝန်ရှိကြသည်
ပညာ၏တန်ဖိုးကား ကြီးမားများပြားလွန်း လှသည်။ ထို့ကြောင့်လည်း ဤဆောင်းပါးမှာ ပညာ ပန်းခင်းထဲက ပန်းများအားလုံး ပွင်းလန်းဖြာဝေ တင့်တယ်ကြရန်ရည်ရွယ်၍ ပညာ၏ တန်ဖိုးကို ဖော်ကျူးထားခြင်းဖြစ်သည်။ ပညာတန်ဖိုးသိမှ လည်း ပန်းတိုင်းပွင့်အောင်၊ ပွင့်သော ပန်းတိုင်း လန်းအောင် လုပ်နိုင်ကြမည်ဟု ယုံကြည်၍ဖြစ်သည်။ အားလုံးတွင် တာဝန်ကိုယ်စီရှိပြီး တာဝန်ကျေပွန် ကြရန်သာ လိုပါသည်။ နိုင်ငံတော်က ဖန်တီးထားသော လယ်ယာမြေကောင်း တစ်ခုပေါ်တွင် မိမိတို့၏ အနာဂတ်မျိုးဆက် မျိုးစေ့မှန်သမျှကို အကောင်းဆုံး ပျိုးကြဲစိုက်ပျိုးပေးဖို့က မိဘဆရာ ဆရာမများ၏တာဝန်၊ သဘာဝဘေးဒဏ်နှင့် အခက်အခဲပေါင်းစုံကို အကောင်းဆုံးတုံ့ပြန်ပြီး ရုန်းကန်လှုပ်ရှား အပင် သန်ဖို့က ကျောင်းသား၏ တာဝန်၊ စိုက်ပျိုးရန် လယ်ယာမြေဖန်တီးပေးဖို့၊ မျိုးကောင်းရဖို့၊ လုံလုံ ခြုံခြုံ စိုက်ပျိုးနိုင်ဖို့၊ ထွက်လာသည့် သီးနှံများကို လိုအပ်သလို ထိထိရောက်ရောက် ဖြန့်ဖြူးနိုင်ဖို့က နိုင်ငံတော်၏တာဝန် စသည်စသည်ဖြင့် ကိုယ်စီ ယူရမည့် တာဝန်များရှိနေသည်ဟု ခံယူထားရ ပါမည်။
အရေးကြီးဆုံးက မြဲမြံစွာဆုပ်ကိုင်ထားရမည့် အောင်မြင်ခြင်း အကြောင်းတရားများပင်ဖြစ်သည်။ ပညာတတ်ဖြစ်ဖို့ရန် သိချင်တတ်ချင်လွန်းတဲ့ ဆန္ဒ၊ ဆန္ဒရှိတဲ့အတိုင်း ကြိုးစားအားထုတ်လိုတဲ့ ဝီရိယ၊ အခက်အခဲမှန်သမျှ အောင်မြင်ကျော်လွှားနိုင်ရမယ် ဆိုတဲ့ ကြံ့ခိုင်တဲ့စိတ်ဓာတ်၊ အခက်အခဲကို ဘယ်လို ဖြေရှင်းရမယ်ဆိုတဲ့ ဆင်ခြင်သုံးသပ်တတ်တဲ့ ပညာ၊ ဒီတရားတွေထဲမှာမှ ပြင်းပြတဲ့ ဆန္ဒဆိုသည့် တရား တစ်ခုက ပိုပြီးအရေးကြီးဆုံး မဟုတ်ပါလား...။
ယနေ့ကာလလို လူ့စွမ်းအားအရင်းအမြစ်များစွာ လိုအပ်နေသည့်အချိန်မှာ ပညာတတ်များ ပေါများလာရန် အားလုံးတွင် တာဝန်ရှိနေပါသည်။ ထို့ကြောင့် မိမိတို့ ပြုစုပျိုးထောင်နေသော ပညာရေး ပျိုးခင်းထဲက ပန်းကလေးတွေအားလုံး လန်းဆန်း ဝေဖြာနိုင်ကြပါစေဟူ၍သာ စေတနာအား မေတ္တာ ထား၍ ဆန္ဒမွန်တစ်ခုပြုလိုက်ရပါသည်။ ။
No comments:
Post a Comment