Thursday, May 19, 2022

ကျက်သရေမင်္ဂလာနှင့် ပြည့်စုံသည့် ပညာဥယျာဉ်များ ဝေဆာလာတော့မည်

ဦးလေးခိုင်

နိုင်ငံတစ်နိုင်ငံ အောင်မြင်ကြီးပွားခြင်း၏ အဓိကကျသောအကြောင်းအချက်တစ်ခုမှာ နိုင်ငံတွင် ပညာရေးကို ဦးစားပေးရင်းနှီးမြှုပ်နှံပြီး လူသားအရင်းအမြစ်များ ပြုစုပျိုးထောင်မွေးထုတ်ပေးနိုင်ရန် မဟာဗျူဟာ ချမှတ်ဆောင်ရွက်နိုင်ခြင်းဖြစ်သည်။ နိုင်ငံတိုင်း၏ အမျိုးသားအကျိုးစီးပွားကို အကောင်အထည်ဖော်ရာတွင် အားလုံးလက်ခံထားသည့် အချက်တစ်ခုမှာလည်း လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဖြစ်သည်။ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာရေးသည် အဓိကကျသည့်ကဏ္ဍဖြစ်ပါသည်။

ထို့ကြောင့် ပညာရေးတွင် အမြဲတမ်းရင်းနှီးမြှုပ်နှံ၊ ပညာရေးတွင် အမြဲတမ်းအဆင့်မြှင့်တင်၊ ပညာရေးတွင် စဉ်ဆက်မပြတ်သင်ကြားရေးကို ပြုလုပ်နေကြပါသည်။ ဥပမာအားဖြင့် စင်ကာပူနိုင်ငံသည် ကမ္ဘာ့ပညာရည်အမြင့်ဆုံးနိုင်ငံများတွင် ထိပ်ပိုင်းမှ ပါဝင်သောကြောင့် နိုင်ငံသေးငယ်သော်လည်း ဖွံ့ဖြိုးမှု မြင့်မားသောနိုင်ငံဖြစ်နေပါသည်။ အကြောင်းရင်းမှာ ပညာရေးကို အဓိကဦးစားပေး ရင်းနှီးမြှုပ်နှံခဲ့သောကြောင့် ဖြစ်သည်။ စင်ကာပူနိုင်ငံ၏ခေါင်းဆောင် လီကွမ်ယုက ပညာရေးဆိုသည်မှာ လုပ်ရိုးလုပ်စဉ် ကျောင်းတက်ပညာသင်ခြင်းထက် များစွာပိုမိုနက်နဲ ကျယ်ဝန်းပါသည်။ စူးစမ်းလေ့လာမှု ပြင်းပြကာ အမြဲမပြတ် သင်ယူလေ့လာနေသူများကိုသာ ပညာ တတ်ဟု ယူဆကြောင်း ပြောကြားချက်ကို သတိရမိပါသည်။

ဆိုလိုရင်းမှာ ပညာကို စဉ်ဆက်မပြတ် ကြိုးပမ်း လေ့လာသင်ယူ ဆည်းပူးအားထုတ်ခြင်းဖြင့် ပညာ တတ်များပေါများအောင် ဆောင်ရွက်ရမည်ကို ညွှန်းဆိုခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ပညာနှင့်ဝေး၍ မရပါ။ ပညာကိုအပတ်တကုတ် ဆည်းပူးနေရမည် ဖြစ်ပါသည်။ ပညာနှင့်မဝေးရန်အတွက် ဦးစွာပညာ သင်ယူရမည့် စာသင်ကျောင်းများ ရှိရပါမည်။ ကျောင်းရှိလျှင် ကျောင်းများ အစဉ်ဖွင့်ရပါမည်။ ကျောင်းဖွင့်လျှင် ကျောင်းတက်ရပါမည်။ စဉ်ဆက်မပြတ်ပညာရေးကို အကောင်အထည်ဖော်ပြီး ပညာရေးအတွက် နှစ်စဉ်မပျက် ကျောင်းပိတ်ရက်မှ လွဲ၍ အစဉ်မပြတ်တက်ရောက်ပညာသင်ယူနေကြ ရပါမည်။

အဖျက်လုပ်ရပ်မျိုးစုံတို့နှင့် ကြုံခဲ့ရ

မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်ကာလက ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှုကြောင့် ကျောင်းများအားလုံး ပိတ်ခဲ့ရပါသည်။ ကလေးသူငယ် လူငယ်လူရွယ်များ ပညာရေးနှင့်ဝေးခဲ့ရပါသည်။ ကျောင်းသားကျောင်းသူများမှာ ပညာရေးနှင့် တစ်နှစ်တာဝေးခဲ့ပြီးနောက် ၎င်းတို့ရပ်တည်နေကြသည့် အခြေအနေကို မိဘအုပ်ထိန်းသူများ အသိဆုံးဖြစ်ပါသည်။ ပညာရေးနှင့် ဝေးသဖြင့် အသိဉာဏ်ပညာများနှင့် ကင်းဝေးကာ လေလွင့်ခဲ့ရသူများလည်းရှိသည်။ ၂၀၂၁ ခုနှစ် ရောက်သည့်အခါ ကျောင်းများ ပြန်လည်ဖွင့်လှစ် ပေးသော်လည်း ကျောင်းမတက်ရေး၊ ကျောင်းဖျက် ရေး အဖျက်လုပ်ရပ်မျိုးစုံတို့နှင့် ကြုံခဲ့ရပြန်ပါသည်။

ပညာရေးကို အစွန်းရောက်အဖျက်သမားများက နှောင့်ယှက်ဖျက်ဆီးသော်လည်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် ကျောင်းသားလူငယ်များကို ပညာရေးနှင့် မဝေးကွာစေဘဲ ကျောင်းများပြန်လည်ဖွင့်လှစ်ရေးကို ဦးစားပေးဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “ကျောင်းများပိတ်ထား ရသည့်အတွက် ကျောင်းသား၊ မိဘနှင့်နိုင်ငံတော်အတွက် ဆုံးရှုံးမှုများရှိသဖြင့် ကျောင်းများအမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များလိုအပ်ကြောင်း၊ ထို့ကြောင့်ပညာရေး နှင့်ပတ်သက်၍ အားပေးဆောင်ရွက်လျက်ရှိပြီး ကျောင်းသားများ ပညာတတ်စေရန်အတွက် ကျွမ်းကျင်သည့် ဆရာ ဆရာမများက လေ့ကျင့် သင်ကြားပေးရန်လိုကြောင်း၊ ယခုအခါ ကျောင်း မတက်ရန်အတွက် အချို့သူများက ခြိမ်းခြောက် ဆောင်ရွက်ပြီး အဖျက်လုပ်ငန်းများ လုပ်ဆောင်နေမှု သည် နိုင်ငံအားဖျက်ဆီးနေခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ပညာတတ်များ ပေါများလာမည်ကို နိုင်ငံရေးလုပ်စားသူများက မလိုလားဘဲ ပြည်သူများ ဒုက္ခရောက်အောင် လုပ်ဆောင်နေခြင်းပင်ဖြစ်ပြီး မိုက်မဲသည့်လုပ်ဆောင်ချက်ဖြစ်ကြောင်း” ပြော ကြားခဲ့သည်။

ပညာရေးအဆောက်အအုံ ၅၀၀ ကျော် ဖျက်ဆီးခံခဲ့ရ

ကမ္ဘာပေါ်ရှိ ပဋိပက္ခများ ဖြစ်ပွားခဲ့သော နိုင်ငံ များတွင် စာသင်ကျောင်းများကို ရွေးချယ်၍ ပစ်မှတ် ထားတိုက်ခိုက်ခဲ့ခြင်းမရှိချေ။ အစွန်းရောက်စစ်သွေး ကြွများပင် စာသင်ကျောင်းများကို ၎င်းတို့လမ်းစဉ် နှင့် မကိုက်ညီသောအခါတွင်မှ တိုက်ခိုက်မှုရှိသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် စာသင်ကျောင်းများကို ဖျက်ဆီးခြင်း မပြုလုပ်ခဲ့ပါ။ သို့သော် ယနေ့အစွန်းရောက်နိုင်ငံရေး သမားများနှင့် PDF အကြမ်းဖက်အဖျက်သမားများက ပညာရေးနှင့်သက်ဆိုင်သည်များအား တမင် ရည်ရွယ်ဖျက်ဆီးနေသည်ကို တွေ့ရသည်။ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တစ်လျှောက်၌ မြို့နယ်ပေါင်း ၁၇၇ မြို့နယ်တွင် အကြမ်းဖက်လုပ်ရပ်များကြောင့် စာသင်ကျောင်းနှင့် ပညာရေးအဆောက်အအုံ ၅၀၀ ကျော် ဖျက်ဆီးခံခဲ့ရသည်။ PDF အကြမ်းဖက်သမား များက ပညာရေးဝန်ထမ်း ၃၇ ဦးအား သတ်ဖြတ်ခဲ့ ကြပြီး ဝန်ထမ်း ၃၀ ဒဏ်ရာရခဲ့သည်။

အနာဂတ်အညွန့်အဖူး ကလေးသူငယ်များ အနာဂတ်ပျောက်အောင်၊ ဘဝအညွန့်တုံးအောင် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ အကြမ်းဖက်သမား များ၏ အဆိုပါလုပ်ရပ်များကို ၎င်းတို့ခေါင်းဆောင် ဆိုသူများက တားမြစ်ကန့်ကွက်တားဆီးခဲ့ကြခြင်း မရှိပေ။ ပြည်ဖျက်မီဒီယာများကလည်း အားပေး အားမြှောက် ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် ပြီးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုစဉ်အခါက စာစစ် ဌာနများနှင့် စာဖြေဌာနများကို ဗုံးပစ်ခြင်း၊ မိုင်းခွဲခြင်းများ ပြုလုပ်ခဲ့ကြသည်။ သာဓကအချို့အနေဖြင့် တနင်္သာရီတိုင်းဒေသကြီး ကလိန်အောင်မြို့ကံပေါက် အခြေခံပညာအထက်တန်းကျောင်းတွင် စာမေးပွဲဖြေဆိုနေစဉ် လာရောက်ပစ်ခတ်ခဲ့ကြသည်။ ရေဖြူ မြို့နယ် ကျောက်တိုင်လမ်းတွင်ရှိသည့် အခြေခံပညာအထက်တန်းကျောင်း၌ အင်္ဂလိပ်စာဘာသာ ဖြေဆိုနေစဉ် လက်လုပ်အသံဗုံးဖြင့် လာရောက်ပစ်ခတ်ခဲ့သည်။ ရေစကြိုမြို့နယ် အမှတ်(၈)ရပ်ကွက် အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းဝင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ ချင်းပြည်နယ် မတူပီမြို့ အခြေခံပညာအထက်တန်း ကျောင်းတွင်လည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ အခြားဒေသများတွင်လည်း နှောင့်ယှက်ဖျက်ဆီးမှု များရှိခဲ့သည်။

ဖျက်လိုဖျက်ဆီးပြုလုပ်

ဤသို့ပြုလုပ်ခြင်းသည် တိုင်းပြည်အနာဂတ်တွင် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် တည်ဆဲအစိုးရက ဆောင်ရွက်ပေးနေသည်ကို မနာလိုမရှုဆိတ်၍လည်းကောင်း၊ ပညာလိုလား သင်ကြားကြသော လူငယ်များ၏ အနာဂတ်ကို လမ်းပျောက်စေရန်အတွက်လည်းကောင်း ဖျက်လို ဖျက်ဆီးပြုလုပ်နေခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ပညာတတ်လူငယ်များ၊ လူသားအရင်းအမြစ်များ အထူးလိုအပ်နေသော အချိန်အခါဖြစ်သည်။ အသိပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ်ပေးနိုင်ရန်အတွက် ပညာရေးကဏ္ဍသည် အရေးကြီးသည်။ မြန်မာနိုင်ငံ၏ ပညာရေးအခြေအနေကိုကြည့်မည် ဆိုပါက ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် အသက်ငါးနှစ်နှင့်အထက် လူဦးရေ လေးသန်းခန့် (နိုင်ငံ့လူဦးရေ၏ ၈ ဒသမ ၁ ရာခိုင် နှုန်း)သည် အခြေအနေအကြောင်းအမျိုးမျိုးတို့ကြောင့် ကျောင်းမနေခဲ့ကြရပေ။

နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံနီးပါး ပညာရေးနှင့်ဝေးနေ

အသက် (၂၅) နှစ်အထက် ကျောင်းမနေဖူးသူမှာ လူဦးရေ ၉၆၀၀၀၀ ခန့်ရှိသည်။ ထို့ကြောင့် ကျောင်း မနေဖူးသူပြည်သူများမှာ လူဦးရေ ငါးသန်းခန့်ရှိ နေသည်။ ထို့ပြင် မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ မူလတန်းပညာ အဆင့်သာရှိသူ ၁၂ ဒသမ ၉၇ သန်းခန့်နှင့် အလယ် တန်းပညာအဆင့်ရှိသူ ၅ ဒသမ ၄ သန်းခန့်ရှိသည် ဟုလည်း သိရသည်။ စုစုပေါင်းဆိုလျှင် အလယ်တန်း ပညာအဆင့်နှင့်အောက်ရှိသူ ၁၈ ဒသမ ၂ သန်း ခန့်ရှိနေပြီး နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံနီးပါးမှာ ပညာရေးနှင့်ဝေးနေသည်ကိုတွေ့ရမည်။ ထို့ကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏အနာဂတ်ဘဝ မြင့်မားတိုးတက်ရေးအတွက် အမျိုးသားပညာရေးကို မြှင့်တင်ပေးရန် အထူးလိုအပ်နေပါသည်။

စာသင်ကျောင်းများဖွင့်လှစ်ပြီး ပညာသင်ကြား ပေးနေခြင်းမှာ အစိုးရအတွက်လား၊ တိုင်းပြည် အနာဂတ်အတွက်လား၊ ကလေးသူငယ်လူငယ်များ၏ အနာဂတ်အတွက်လား ခန့်မှန်းကြည့်နိုင်ပါသည်။ ပညာသင်ကြားခြင်းသည် အနည်းနှင့်အများဆိုသလို ကောင်းကျိုးပြုပါသည်။ ကိုလိုနီခေတ် ကျွန်ပညာရေး စနစ်တွင်ပင် ထိုခေတ်က လူငယ်လူရွယ်များ၏ ဘဝ တိုးတက်ရေး၊ နိုင်ငံလွတ်လပ်ရေးအတွက် အကျိုး ကျေးဇူးများ ဖြစ်ထွန်းခဲ့သည်ကို မြင်တွေ့ရမည်ဖြစ် သည်။ လွတ်လပ်သောကာလတွင်မူ ဆိုဖွယ်ရာမရှိ ပေ။ မျက်မှောက်ကာလသည် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နေသောကာလဖြစ်ပါသည်။ ဒီမိုကရေစီစနစ်ကို အပြည့်အဝအကောင်အထည် ဖော်ရန်နှင့် ဒီမိုကရေစီအသီးအပွင့်များကို အားလုံး ခံစားနိုင်စေရန် ပြည်သူလူထု၏ ပညာရည်မြင့်မားနေစေရန် လိုအပ်ပါသည်။

ဒီမိုကရေစီနှင့် ပညာရေးအကြောင်းဆက်ခြင်းနှင့် ပတ်သက်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်က “တိုင်းပြည် အုပ်ချုပ်ရေးစနစ်များအနက် ဒီမိုကရေစီစနစ်သည် အခက်ခဲဆုံး ဖြစ်သည်။ ဒီမိုကရေစီစနစ် အောင်မြင်စေရန် ပြည်သူပြည်သား တို့သည် အသိဉာဏ်ပညာနှင့် ဆင်ခြင်တုံတရား လုံလောက်အောင် ရှိကြရမည်။ အသိဉာဏ်ကင်းမဲ့သောနိုင်ငံတွင် ဒီမိုကရေစီစနစ် သည် ဗရုတ်သုတ်ခကိုသာ ဖြစ်စေမည်” ဟု ပြောကြားခဲ့သည် ကို မှတ်သားဖူးပါသည်။ စစ်မှန်သည့် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်မည်ဆိုပါက နိုင်ငံသားများအား အသိဉာဏ်ပညာများ ပြည့်ဝစေရန် ဖန်တီးပေးရန်လိုအပ်ကြောင်းရည်ညွှန်းခဲ့ခြင်း ဖြစ်ပါသည်။

အမျိုးသားပညာရေးကို မြှင့်တင်

မျက်မှောက်ကာလတွင် တိုင်းပြည်၏ အနာဂတ်နှင့် မျိုးဆက်သစ်လူငယ်များ အနာဂတ်ဘဝ တိုးတက်ကောင်းမွန်ရေးအတွက် အမျိုးသားပညာရေးကို မြှင့်တင်အားပေးလျက်ရှိသည်။ အနာဂတ်နိုင်ငံတော်အတွက် ရင်းနှီးမြှုပ်နှံပေးနေခြင်းဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများကကျောင်း သား၊ မိဘနှင့် ဆရာဆရာမများအပေါ် နည်းမျိုးစုံဖြင့် ခြိမ်းခြောက် နှောင့်ယှက်ဖျက်ဆီးနေမှုများကြားမှ ပြည်သူပါဝင်သည့် လုံခြုံရေးအာမခံချက်များ ရယူ၍ နိုင်ငံတစ်ဝန်း၌ ကျောင်းများဖွင့်လှစ်နိုင် ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

၂၀၂၁ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် နိုင်ငံတစ်ဝန်းလုံးရှိ စာသင်ကျောင်းအားလုံးနီးပါးကို စတင်ဖွင့်လှစ်ပေးခဲ့သည်။ မြန်မာနိုင်ငံတွင် အခြေခံပညာအထက်တန်းအဆင့် ၆၁၇၈ ကျောင်းရှိသည့်အနက် ၅၂၀၉ ကျောင်း ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ အခြေခံပညာအလယ် တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်း စုစုပေါင်း ၄၇၇၆၀ ရှိသည့် အနက် ကျောင်းပေါင်း ၃၉၂၄၂ ကျောင်း ဖွင့်လှစ်ပေးနိုင် ခဲ့သည်။ ကျောင်းတက်ရောက်မှုအနေဖြင့် ကျောင်းသား ကျောင်းသူ ၄၂ သိန်းကျော် (၈၁ ရာခိုင်နှုန်းကျော်) တက်ရောက်ခဲ့သည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာအဆင့် အတန်းတင် စာမေးပွဲများကို ၂၀၂၂ ခုနှစ် မတ်လ နောက်ဆုံးအပတ်နှင့် ဧပြီလပထမပတ်တို့တွင် ယခင်လျာထားသည့်အတိုင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စာရင်းပေးသွင်းထားသူများအနက် ၉၀ ဒသမ ၁၈ ရာခိုင်နှုန်းဝင်ရောက်ဖြေဆိုခဲ့ကြသည်။ နိုင်ငံတော်၏ အနာဂတ်အတွက်နှင့် ကျောင်းသားကျောင်းသူများ စာမေးပွဲအောင် ရေးအတွက်သာမက ရာခိုင်နှုန်းပြည့် အမှန်တကယ် တတ်မြောက်စေ ရန် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သည်။

တက္ကသိုလ်ဝင်တန်းမပါ အခြေခံပညာအဆင့် စာမေးပွဲ အောင်စာရင်းများကို ၂၀၂၂ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က ထုတ်ပြန်ပေး ခဲ့ပြီးဖြစ်သည်။ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခဲ့သည့် ကျောင်းသား ကျောင်းသူများ၏ အောင်စာရင်းကို ၂၀၂၂ ခုနှစ် ဇွန်လအတွင်း ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး အောင်စာရင်းထွက်မည့်ရက်ကို ထပ်မံ ကြေညာပေးသွားမည်ဟု သိရသည်။ တစ်ဆက်တည်းတွင်တက္ကသိုလ်၊ ကောလိပ်များကို ၂၀၂၂ ခုနှစ် မေလ ၁၂ ရက်နေ့တွင် စတင်ဖွင့်လှစ် နေပြီဖြစ်သည်။ ကျောင်းအပ်နှံရေး ရက်သတ္တပတ်သည် မေလ ၂၆ရက် နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ဖြစ်သည်။ ၂၀၂၂ ခုနှစ် ဇွန်လ ၂ ရက်နေ့ တွင် အခြေခံပညာကျောင်းများအားလုံး ဖွင့်လှစ်နိုင်ရန် လျာထားစီမံ ဆောင်ရွက်လျက်ရှိသည်။

ပညာသင်ကြားပေးမည့် ဆရာ ဆရာမများ အားလုံးကိုလည်း အရည်အသွေးမြှင့်တင်ပေးလျက်ရှိသည်။ ယမန်နှစ်က ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြား၊ နိုင်ငံရေး အပြောင်းအလဲကြား၊ အဖျက် လုပ်ရပ်ပြဿနာများကြားတွင် စာသင်ကျောင်းများကို ကာကွယ် စောင့်ရှောက်ပေးကာ ဖွင့်လှစ်ပေးခဲ့ခြင်းသည် နိုင်ငံတော်နှင့်ပြည်သူများ၏ အနာဂတ်ကောင်းမွန်ရေးအတွက် စစ်မှန်သောစေတနာဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။ နိုင်ငံအကျိုးပြု လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် မျိုးဆက်သစ်များကို ပျိုးထောင် ပေးနေခြင်းဖြစ်သည်။

လှပဝေဆာလာတော့မည်

အချုပ်အားဖြင့်ဆိုလျှင် ၂၀၂၂ ခုနှစ် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိသည် ကျောင်း အပ်နှံရေး ရက်သတ္တပတ်ကာလဖြစ်သည်။ ၂၀၂၂ ခုနှစ် ဇွန်လဆန်းသည်နှင့် အဖြူအစိမ်းရောင်လေးများ စုံစုံညီညီဖြင့် လှပဝေဆာလာတော့မည်ဖြစ်သည်။ မင်္ဂလာရှိသောနေ့ရက်များ ရောက်ရှိလာတော့မည်ဖြစ်သည်။ ညီညွတ်သောအင်အားဖြင့် အဖျက်အန္တရာယ်များဖယ်ရှား၍ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးလာတော့ မည့် အေးချမ်းသာယာသော မြန်မာပြည်တွင် ရင်သွေးငယ်များ ပညာရည်နို့သောက်စို့ရာ ပညာဥယျာဉ်များ ကျက်သရေမင်္ဂလာ အဖြာဖြာ ပြည့်စုံဝေဆာလာတော့မည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment