Thursday, May 19, 2022

အခြေခံပညာအထက်တန်းဆင့် (Grade-11)သင်ရိုးသစ် နည်းပြသင်တန်းတွင် ဘာသာရပ် ၁၀ မျိုး သင်ကြားပို့ချ

 

ရန်ကုန် မေ ၁၈

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးက ကြီးမှူးကျင်းပသည့် အခြေခံပညာအထက်တန်းဆင့် (Grade-11)သင်ရိုးသစ် တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို မေ ၁၆ ရက်တွင် စမ်းချောင်းမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း စံပယ်ခန်းမ၌ ကျင်းပခဲ့သည်။

“၂၀၂၂-၂၀၂၃ ပညာနှစ်မှာ နိုင်ငံတော်က သင်ရိုးသစ်အနေနဲ့ (Grade-5)၊ (Grade-8)နဲ့ (Grade-11) အတန်းတွေကို စီစဉ်ပေးပါတယ်။ ကျွန်မက ဗဟိုအဆင့်မှာ သင်တန်းတက်ရောက် ခဲ့ပြီး (Grade-11)သင်ရိုးသစ် အင်္ဂလိပ်စာကို သင်ကြားပို့ချပေးရမှာဖြစ်ပါတယ်။ (Grade-11) သင်ရိုးသစ်မှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတု၊ ရူပ၊ ဇီဝ၊ ဘောဂ၊ ပထဝီ၊ သမိုင်း၊ စာရိတ္တနဲ့ ပြည်သူ့နီတိ၊ ကာယပညာဘာသာရပ်တွေကို ပို့ချသွားမှာ ဖြစ်ပါတယ်။ စာရိတ္တနဲ့ ပြည်သူ့နီတိ ဘာသာရပ်ကို တချို့မိဘတွေအနေနဲ့ သင်ပေးတာ လည်းရှိတယ်။ အခက်အခဲအမျိုးမျိုးကြောင့် သင်မပေးနိုင်တာလည်းရှိတယ်။ ဒါတွေကို သင်ရိုးထဲမှာ ထည့်သွင်းထားပြီး ဆရာ ဆရာမတွေ ပြန်ပြီးပို့ချပေးခြင်းအားဖြင့် ကျောင်းသား ကျောင်းသူတွေကို လိမ္မာယဉ်ကျေးပြီး အသိပညာ ဗဟုသုတ၊ လိုက်နာရမယ့် ဆောင်ရန်၊ ရှောင်ရန်တွေကို သိရှိသွားမယ်။ စိတ်နေစိတ်ထား ယဉ်ကျေးသိမ်မွေ့အောင် ပျိုးထောင်ပေးသွား မှာဖြစ်ပါတယ်။ တစ်ဖက်ကလည်း ကာယပညာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပံ့ပိုးပေးသွားခြင်းအားဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်တဲ့ ကလေးတွေကို နိုင်ငံတော်အတွက် မွေးထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်”ဟု ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် (အ ထ က - ၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်စံပယ်လှက သင်ရိုးသစ်နှင့်စပ်လျဉ်း၍ ပြောကြားသည်။

သင်တန်းကို မေ ၁၆ ရက်မှ မေ ၁၈ ရက်ထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ သုံးရက်ကြာ သင်ကြား ပို့ချခဲ့ပြီး သင်တန်းနည်းပြ ၄၀ တို့က ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ဆရာ ဆရာမ ၄၃၀ ကို ပြန်လည်ပို့ချခဲ့ကြောင်း သိရသည်။

(Grade-11)သင်ရိုးသစ် သင်တန်းပို့ချရသည့် ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး ဦးကျော်မိုးထွန်းက “ကျောင်းသားကျောင်းသူတွေ ၂၁ ရာစုနဲ့ လိုက်လျောညီထွေမှုရှိတဲ့ ပညာရပ်တွေကိုတတ်မြောက်ပြီး တိုင်းချစ်ပြည်ချစ်၊ မျိုးချစ်စိတ် နိုင်ငံချစ်စိတ်ထက်သန်သော ယဉ်ကျေး လိမ္မာတဲ့နိုင်ငံတော်ရဲ့ အနာဂတ်သားကောင်း ရတနာတွေ ပြုစုပျိုးထောင်ပေးဖို့ ဖြစ်ပါတယ်။ အခုတိုင်းဒေသကြီးအဆင့် သင်တန်းပို့ချပေးတာဖြစ်ပြီး မြို့နယ်တွေမှာ ဆင့်ပွားသင်တန်းပြန်လည်ပို့ချသွားမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

သင်တန်းတက်ရောက်မှုနှင့် ပက်သက်၍ စမ်းချောင်းမြို့နယ်(အထက-၂) ကျောင်းအုပ် ဆရာမကြီး ဒေါက်တာစန္ဒာမြငြိမ်းက “ဒီနေ့က (Grade-11) အထက်တန်းအဆင့် သင်ရိုးသစ် သင်တန်းဖွင့်ပွဲ ဖြစ်ပါတယ်။ ယခင်သင်ရိုးဟောင်း မှာ သိပ္ပံတွဲမှာ ခြောက်ဘာသာ၊ ဝိဇ္ဇာတွဲမှာ ဘောဂ ဗေဒနဲ့ဆို ခုနစ်ဘာသာ၊ အခုသင်ရိုးသစ်မှာ ၁၀ ဘာသာဖြစ်တဲ့အတွက် သင်တန်းပြန်ပို့ချဖို့ သင်တန်း တက်ရတာဖြစ်ပါတယ်။ ကျွန်မကတော့ စာရိတ္တနဲ့ ပြည်သူ့နီတိ၊ ကာယပညာဘာသာရပ်မှာ နည်းပြ သင်တန်းတက်မှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာဦးစီးဌာန အောက်ရှိ ထက်/လယ်/မူ ကျောင်းများမှ တက်ရောက်ကြမည့် ကျောင်းသား ကျောင်းသူ များကို ပညာရေးဝန်ကြီးဌာနက ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၂ ခုနစ် မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ သတ်မှတ်ထားသည်။

သတင်းနှင့်ဓာတ်ပုံ- မွှေးမွှေး

No comments:

Post a Comment