နေပြည်တော် မေ ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ဖိတ်ခေါ်မှုကို ပြည်သူများက ကြိုဆို ထောက်ခံသည့်အနေဖြင့် ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်မှု လုပ်ငန်းများကို ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက် နှောင့်ယှက်မှုများအား ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေပုဗ္ဗသီရိမြို့နယ် ဥပ္ပါတသန္တိစေတီတော်တပေါင်းကွင်း၌ ကျင်းပသည်။
အဆိုပါကြိုဆိုထောက်ခံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ ဦးလှဆွေ၊ ဦးသောင်းအေး၊ ဦးဖိုးသိန်း၊ ပါတီဗဟိုပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး၊ ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးမြင့်လှိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် နေပြည်တော် ရှစ်မြို့နယ်မှ ပြည်သူစုစုပေါင်း အင်အား ၇၀၀၀ ခန့် တက်ရောက်ကြသည်။
ဦးစွာ တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံအားအလေးပြု၍ နိုင်ငံတော် သီချင်းကို သီဆိုကာ အခမ်းအနားကို ဖွင့်လှစ်သည်။
ထို့နောက် ပါတီဗဟိုပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက သဘာပတိအဖြစ် ဆောင်ရွက်၍ အဖွင့်အမှာစကား ပြောကြားပြီး ဗဟိုကော်မတီဝင်တစ်ဦးနှင့် ပါတီဝင်များက ငြိမ်းချမ်းရေးသည် ဒီမိုကရေစီအတွက် အခြေခံ လိုအပ်ချက် ဖြစ်သည်၊ငြိမ်းချမ်းမှ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မည်၊ ငြိမ်းချမ်းရေးရရှိရေးသည် နိုင်ငံသား အားလုံး၏ ဆန္ဒအစစ်အမှန် ဖြစ်သည်ဟူသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးဟောပြောကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ပြည်သူများက “ပြည်ထောင်စုကြီး ငြိမ်းချမ်းရေး-တို့အရေး၊ ပြည်ပစွက်ဖက်မှုအန္တရာယ် ဆန့်ကျင်တိုက်ဖျက်ရေး-တို့အရေး၊ ငြိမ်းချမ်းရေးပျက်ပြားအောင် ဖျက်ဆီးနေသူများ ကျဆုံးရေး-တို့အရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲကြီး- အောင်ရမည်”ဟု ကြွေးကြော်သံများဖြင့် ကြွေးကြော်၍ ထောက်ခံပွဲကို ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment