Tuesday, May 17, 2022

၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့

 


ဒေါက်တာအေးအေးသင်း၊ အမျိုးသားပြတိုက် (နေပြည်တော်)

အပြည်ပြည်ဆိုင်ရာ ပြတိုက်များကောင်စီ (International Council Of Museums) ကို ကမ္ဘာတစ်ဝန်းလုံးရှိ ပြတိုက်များ တစုတစည်းတည်း ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ၁၉၄၆ ခုနှစ်၌ စတင်ဖွဲ့စည်းခဲ့သဖြင့် ၂၀၂၁ ခုနှစ်တွင် ၇၅ နှစ်မြောက် စိန်ရတုပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။

အပြည်ပြည်ဆိုင်ရာ ပြတိုက်များကောင်စီ

အပြည်ပြည်ဆိုင်ရာပြတိုက်များကောင်စီ (International Council of Museums -ICOM) ရုံးသည် ပြင်သစ်နိုင်ငံ ပါရီမြို့တွင် တည်ရှိပါသည်။ ICOM သည် နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်ကာ ၂၀၂၁ ခုနှစ်အထိ အဖွဲ့ဝင်ပေါင်း ၄၀ဝဝဝကျော်ရှိပြီး အမျိုးသားကော်မတီများ ကိုယ်စီဖွဲ့စည်းထားသည့် နိုင်ငံပေါင်း ၁၁၉ နိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာကော်မတီ ၃၀ ကို ကိုယ်စားပြုသည့် ပြတိုက်ပညာရှင်များ အဖွဲ့ဝင်အဖြစ် ပါဝင်ဖွဲ့စည်း ထားပါသည်။ နိုင်ငံများနှင့် ဒေသများ၊ အပြည်ပြည်ဆိုင်ရာ ကော်မတီများ စုစုပေါင်း ၁၄၁ ခုမှ ပြတိုက် ပညာရှင်များဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံအချင်းချင်း ဆက်သွယ်ဆောင်ရွက်ရေးဆိုင်ရာ ဖိုရမ်တစ်ခုကိုလည်း ဖွဲ့စည်းထားသည်။ ပြတိုက်ကျင့်ဝတ်ဆိုင်ရာ ကိစ္စများတွင်လည်း ဦးဆောင်ဦးရွက်ပြု ဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။ ပြတိုက်ကျင့်ဝတ်များကို ဘာသာစကား ၃၉ မျိုးဖြင့်ထုတ်ဝေထားပါသည်။ ICOM သည် အများနှင့် သက်ဆိုင်သော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ရုံးသုံးဘာသာစကားအဖြစ် အင်္ဂလိပ်၊ ပြင်သစ်နှင့် စပိန်ဘာသာစကားများကို အသုံးပြုပါသည်။ ICOM အဖွဲ့ဝင်ခြင်းဖြင့် နိုင်ငံတကာပြတိုက် အဖွဲ့အစည်းများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ကာ ခေတ်မီနည်းပညာများ ဖလှယ်နိုင်ပြီး အချင်းချင်း အမြင်ချင်းဖလှယ် ဆွေးနွေး သုံးသပ်ခြင်းဖြင့် ပြတိုက်များ၏အနာဂတ် ပိုမိုကောင်းမွန်လာစေမည်ဖြစ်သည်။ မြန်မာနိုင်ငံရှိ ပြတိုက်များသည်လည်း နိုင်ငံတကာပြတိုက်များနှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်စေရန်အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက အဓိက ဦးဆောင်အဖွဲ့အစည်း အနေဖြင့် တာဝန်ယူ၍ ၂၀၁၆ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ပြတိုက်များ ကောင်စီ အဖွဲ့ဝင်အဖြစ် ဝင်ရောက် ခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာပြတိုက်များ ကောင်စီ၏ဆောင်ရွက်ချက်များ

အပြည်ပြည်ဆိုင်ရာ ပြတိုက်များကောင်စီသည် ကမ္ဘာ့ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့၊ အပြည်ပြည်ဆိုင်ရာ မှုခင်းရဲတပ်ဖွဲ့နှင့် ကမ္ဘာ့အကောက်ခွန် အဖွဲ့အစည်းတို့နှင့် ပူးပေါင်းကာ ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းများ တရားမဝင်သယ်ယူပို့ဆောင်မှုများကို တားဆီးကာကွယ်ခြင်း၊ ယဉ်ကျေးမှုနှင့် အသိပညာ တိုးတက်စေရန် ဆောင်ရွက်ခြင်း၊ ဒြပ်ရှိ၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်စောင့်ရှောက်ခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါသည်။ ICOM မှ ပြတိုက်နှင့် ပတ်သက်သည့် ICOM News မဂ္ဂဇင်းကို အွန်လိုင်းမှ ဖြန့်ချိပေးခြင်းဖြင့်လည်း ကမ္ဘာတစ်ဝန်းရှိ ပြတိုက်များအကြောင်းကို မည်သူမဆို လေ့လာနိုင်စေရန် စီစဉ်ထားပါသည်။ ICOM သည် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်စေ၊ လူသားတို့၏ ဘေးအန္တရာယ်ကြောင့် ဖြစ်စေ ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမှ ကာကွယ်ပေးရန် ဖွဲ့စည်းထားသည့် The International committee of the Blue Shield(ICBS) အဖွဲ့ဝင်လည်း ဖြစ်ပါသည်။

အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ သမိုင်းကြောင်း

ယဉ်ကျေးမှုများဖလှယ်ခြင်း၊ ယဉ်ကျေးမှုများ တိုးတက်ထွန်းကားခြင်း၊ လူသားအချင်းချင်း စာနာနားလည်ခြင်း၊ လူအချင်းချင်း ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက်ခြင်း စသည်တို့နှင့်ပတ်သက်၍ ပြတိုက်များသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်းကို သိရှိနိုင်စေရန် ရည်ရွယ်ချက်ဖြင့် အပြည်ပြည်ဆိုင်ရာ ပြတိုက်များ ကောင်စီက နှစ်စဉ်မေလ ၁၈ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့” အဖြစ် ၁၉၇၇ ခုနှစ်မှ စတင်သတ်မှတ်ကာ နှစ်စဉ် အစဉ် အလာမပျက် ကျင်းပပြုလုပ်ခဲ့သည်မှာ ၄၅ နှစ်တိုင်ခဲ့ပြီ ဖြစ်ပါသည်။ “အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့”အထိမ်းအမှတ်အဖြစ် အခမ်းအနားများ၊ ပျော်ပွဲရွှင်ပွဲများ၊ ပြပွဲများကို တစ်နှစ်ပတ်လုံးဖြစ်စေ၊ မေလတစ်လလုံးဖြစ်စေ၊ မေလ ၁၈ ရက်နေ့ တစ်နေ့တည်းဖြစ်စေ ကျင်းပပြုလုပ်လေ့ ရှိကြသည်။ “အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့” ကို နှစ်စဉ်ကမ္ဘာတစ်ဝန်းရှိ ပြတိုက်ထောင်ပေါင်းများစွာ ပါဝင်ဆင်နွှဲလေ့ ရှိပါသည်။ မြန်မာနိုင်ငံတွင်လည်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန လက်အောက်ရှိ ပြတိုက်များက “အပြည်ပြည်ဆိုင်ရာ ပြတိုက်များ နေ့” ရောက်တိုင်း ပြတိုက်ဝင်ကြေးအခမဲ့ဖြင့် ဧည့်သည်များကို ဝင်ရောက် လေ့လာခွင့်ပေးသည့် အပြင် အပြည်ပြည်ဆိုင်ရာ ပြတိုက်များကောင်စီ(မြန်မာ)က ကြီးမှူး၍ အထိမ်းအမှတ်အခမ်းအနားများ၊ ဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများကို နှစ်စဉ်ကျင်းပလေ့ ရှိပါသည်။

အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ ဆောင်ပုဒ်များ

အပြည်ပြည်ဆိုင်ရာ ပြတိုက်များကောင်စီက “အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့” အတွက် လတ်တလော အဖြစ်အပျက်များနှင့် ကိုက်ညီသည့် ဆောင်ပုဒ်များကို ၁၉၉၂ ခုနှစ်မှစတင်၍ နှစ်စဉ်ချမှတ်ခဲ့ကြပြီး ပိုစတာများကိုမူ ၁၉၉၇ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့ကြသည်။ ၂၀၁၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပြတိုက်များ ဆောင်ပုဒ်မှာ Museums and Cultural Landscape “ပြတိုက်များနှင့် ယဉ်ကျေးမှုဆိုင်ရာ အခင်းအကျင်းများ”၊ ၂၀၁၇ ခုနှစ်ဆောင်ပုဒ်မှာ Museums and the contested histories: Saying the unspeakable in museums “ယှဉ်ပြိုင်သမိုင်း၊ သိုင်းဝိုင်းပြောကြား၊ ပြတိုက်ထဲက ပြသပစ္စည်းများ”၊ ၂၀၁၈ ခုနှစ်ဆောင်ပုဒ်မှာ Hyper connected Museums : New approaches, New Publics“ ခေတ်သစ်လူထုဆက်သွယ်ရေး၊ ပြတိုက် အချင်းချင်း ဆက်သွယ်ပေး”၊ ၂၀၁၉ ခုနှစ်ဆောင်ပုဒ်မှာ Museums Cultural Hubs: The Future of Tradition “ ရိုးရာယဉ်ကျေးမှု အစဉ်အလာများ၏ အနာဂတ်အရေး၊ ပြတိုက်များက ဗဟိုပြု ဖော်ဆောင်ပေး”၊ ၂၀၂၀ ပြည့်နှစ် ဆောင်ပုဒ်မှာ Equality: Diversity and Inclusion “မတူကွဲပြားပါဝင်ခြင်းများ၊ တန်းတူညီမျှ ပြတိုက်များ”၊ ၂၀၂၁ ခုနှစ် ဆောင်ပုဒ်မှာ The Future of Museum: Recover and Reimagine “ပြတိုက်များ၏ အနာဂတ်အရေး၊ ပြန်လည်ထူထောင် ပုံဖော်ပေး” တို့ ဖြစ်ပါသည်။

၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ ဆောင်ပုဒ်

ယခုနှစ် ၂၀၂၂ခုနှစ်၏ ဆောင်ပုဒ်မှာ The Power of Museums “လူ့ဘောင်လောက တိုးတက်ဖို့၊ ပြတိုက် စွမ်းအားဖြင့်မြှင့်တင်စို့” ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ဆောင်ပုဒ်အတွက် ရေးဆွဲထားသည့် ပိုစတာပုံတွင် သက်တံ့ရောင်စုံဖြာနေသော လက်မှ လွင့်တက်နေသည့် စွမ်းအားရှင်မျက်လုံး၏ အစွမ်းဖြင့်ဖန်ဆင်းထားသော ရောင်စုံသက်တံ့များဖြာနေသည့် မှော်ငွေ့တန်းများအကြားတွင် သစ်ရွက်များ၊ ပန်းပွင့်များ ဝေဆာစွာပေါ်ထွက်လာပုံကို သရုပ် ဖော်ထားပါသည်။ ဤပုံတွင်ရေးဆွဲထားသော စွမ်းအားရှင် မျက်လုံး သည် သဘာဝလွန် ယုံကြည်မှုတစ်ခုပင်ဖြစ်ပြီး ဘီစီ ၆ ရာစုနှစ်ကပင် ရှေးဟောင်းဂရိနှင့် ရောမနိုင်ငံများ၌ ပေါ်ထွန်းခဲ့ကာ ယခုခေတ်အချိန် အထိပင် အဆောင်အဖြစ် အသုံးပြုလျက်ရှိကြသည်။ ထိုမျက်လုံးသည် မကောင်းဆိုးဝါးအန္တရာယ်များ၊ မကောင်းသည့် အကျိုးသက်ရောက်မှုများ ကျရောက်ခြင်း တို့ကို ဖယ်ရှားပေးပြီး ကံကောင်းခြင်းများကိုပေးစွမ်းနိုင်သည့်အပြင်စိတ်အေးချမ်းမှုကိုလည်း ပေးနိုင်သည်ဟု ယုံကြည်ကြသဖြင့် စွမ်းအားရှင်မျက်လုံးကို ကံကောင်းခြင်းအဆောင်အဖြစ် လက်ကောက်၊ ဆွဲကြိုးစသည်ဖြင့် ပြုလုပ်၍ ဆောင်ထားတတ်ကြလေသည်။

ပိုစတာပုံ၏ ဆိုလိုရင်းမှာ စွမ်းအားရှင်မျက်လုံးကဲ့သို့ စွမ်းအားရှိသည့် ပြတိုက်များက လူ့ဘောင်လောကကြီးကို သာယာလှပစေရန်နှင့် တိုးတက်စေရန်အတွက် ခေတ်မီနည်းပညာရပ်များ အသုံးချ၍ ပြည်သူလူထုကို အသိပညာပေးနိုင်သည့်အပြင် ကမ္ဘာကြီး စဉ်ဆက်မပြတ် ရှင်သန်တိုးတက်နေစေရန်တို့ကိုလည်း ဆောင်ရွက် ပေးနိုင်ကြောင်း ဖော်ညွှန်းထားခြင်းဖြစ်ပါသည်။

ထို့ကြောင့် ကမ္ဘာကြီးစဉ်ဆက်မပြတ် ဖြစ်တည်နေစေရန်နှင့် လူ့ဘောင်လောကကြီး တိုးတက်ဖြစ်ပေါ်လာစေရန် တို့အတွက် ပြတိုက်များသည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေကြောင်းကို စိန်ရတုပြည့်မြောက်ခဲ့ပြီ ဖြစ်သော အပြည်ပြည်ဆိုင်ရာ ပြတိုက်များကောင်စီ၏ (၄၅)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့တွင် ဂုဏ်ယူလေးစားစွာ ရေးသားတင်ပြရင်း ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ကို ဂုဏ်ပြုလိုက် ရပါသည်။ ။

No comments:

Post a Comment