Tuesday, May 3, 2022

ရှမ်းပြည်နယ် နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲ ကျင်းပ

 


တောင်ကြီး မေ ၃

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနကြီးမှူး၍ တောင်ကြီးခရိုင်နှင့် မြို့နယ်မှဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ(၃)နာရီက တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။

 




သင်တန်းဆင်းပွဲတွင် အားကစားသမားများက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းအား အလေးပြုကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နွေရာသီအခြေခံအားကစားသင်တန်းကို ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက် မှာ မြန်မာ့အားကစားတိုးတက်မြင့်မားလာစေရန်၊ မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ် လာစေရန် မျိုးဆက်သစ်လူငယ်အားကစားသမားများကို လေ့လာလေ့ကျင့်ပြုစု ပျိုးထောင်ပေးခြင်းဖြင့် ထူးချွန်ထက်မြက်သော မြန်မာ့လက်ရွေးစင် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ပေါ်ထွက် လာစေရန်အတွက် ရည်ရွယ်ဖွင့်လှစ်သော သင်တန်းဖြစ်ပါကြောင်း၊ ယနေ့ကျင်းပသည့်အခမ်းအနားမှာ ၂၀၂၂ခုနှစ်၊ မတ်လ(၂၀)ရက်နေ့မှ မေလ(၂)ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့် နွေရာသီ အခြေခံအားကစား သင်တန်းဆင်းပွဲ ဖြစ်ပါကြောင်း၊ သင်တန်းတွင် ဘောလုံး၊တင်းနစ်၊ မြန်မာ့သိုင်း၊ တိုက်ကွမ်ဒို၊ ကြက်တောင်၊ စစ်တုရင်၊ စားပွဲတင်တင်းနစ်၊ ဘတ်စကက်ဘော၊ ရိုးရာခြင်းလုံး၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ အေးရိုဗစ်/Fitness Dance၊ ဘော်လီဘော၊ ဘိလိယက်နှင့်စနူကာ၊ လက်ဝှေ့၊ ဝူရှူး၊ ဂျူဒို၊ ကာယဗလ/ အလေးမ၊ ကရာတေးဒို (ရှိုတိုကန်) စသည့်အားကစားနည်း(၁၉)မျိုးကို စုစုပေါင်းသင်တန်းသား (၁၃၀၀)ဦး တက်ရောက်ခဲ့သည့်ကို သိရှိရပါကြောင်း၊ ယခုသင်တန်းကို လူငယ်လူရွယ်များအနေဖြင့် နွေရာသီအားလပ်ရက်များကို အကျိုးရှိရှိ အသုံးချတက်စေရန် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး အားကစားနှင့် ကျန်းမာရေးသည် လူတိုင်းအတွက် လိုအပ်ပါ ကြောင်း ငယ်ရွယ်နုပျိုစဉ် တစ်ကိုယ်ရေကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစားကို လိုက်စားသင့် ကြောင်းနှင့် လူငယ်လူရွယ်တိုင်းသည်တိုင်းပြည်၏ အနာဂတ်တွင် အရေးပါသော အင်အားစုဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ သင်တန်းဆင်း အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် တာဝန်ရှိသူများက သင်တန်းသား၊သင်တန်းသူများအား လိုက်လံ နှုတ်ဆက်ကြကြောင်းနှင့် သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ရာ ရိုးရာပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ လက်ဝှေ့၊ တိုက်ကွမ်ဒို၊ ကရာတေးဒိုအဖွဲ့အား ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံကပေးအပ်၍ လည်းကောင်း၊ မြန်မာ့သိုင်း၊ဝူရှူး၊အလေးမ၊ ဘိလိယက်နှင့်စနူကာ၊ ဂျူဒို၊ စစ်တုရင်၊ အေရိုးဗစ်၊ ကြက်တောင်၊ ဘတ်စကက်ဘောအဖွဲ့များကို ပြည်နယ်လူမှုရေးဝန်ကြီးဦးအောင်မြင့်က ပေး၍ လည်းကောင်း၊ သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုငွေများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ်(၃၆) သိန်းနှင့်ဘောလုံး၊ ဘော်လီဘော၊ စားပွဲတင်တင်းနစ် သင်တန်းဆင်းလက်မှတ်များကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့နောက်ဝူရှူး၊ တိုက်ကွမ်ဒို၊ကရာတေးဒို၊မြန်မာ့သိုင်း၊ အေးရိုဗစ် သင်တန်းသား၊ သင်တန်းသူများမှ သရုပ်ပြသကြကြောင်း သိရှိရသည်။

အင်းသားလေး(တောင်ကြီး)

No comments:

Post a Comment