Friday, May 20, 2022

ဇီဝနည်းပညာဆိုင်ရာ အသုံးချသုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရှိပြီးအရင်းအမြစ်များကို ထိရောက်စွာအသုံးပြုခြင်းအပြင် ဆန်းသစ်တီထွင်ခြင်းများကို ဦးစားပေးအလိုက်ဆောင်ရွက်ရန် လုပ်ငန်းများသတ်မှတ်၍ တိုးမြှင့်ဆောင်ရွက်

 


နေပြည်တော် မေ ၁၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည်တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ အပင်ဇီဝနည်းပညာ ဗဟိုဌာနသို့ရောက်ရှိပြီး ဇီဝနည်းပညာ လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးအား စိုက်ပျိုးရေးဦးစီးဌာန အပင်ဇီဝနည်းပညာဗဟိုဌာန တာဝန်ခံက အခြေခံဇီဝနည်းပညာအသုံးပြု အပင်တစ်သျှူးမွေးမြူခြင်းလုပ်ငန်းများ၊ သီးနှံ၏မျိုးဗီဇကို DNA နည်းပညာဖြင့် မှတ်တမ်းတင်ခြင်း၊ သီးနှံမျိုးများအဆင့်မြှင့်တင်ခြင်းနှင့် မျိုးသစ်ထုတ်လုပ်ခြင်း၊ ခေတ်မီဇီဝနည်းပညာအသုံးပြုခြင်း၊ ပညာရှင်ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဘဏ္ဍာနှစ်အလိုက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဇီဝ နည်းပညာ (Biotechnology)ဆိုင်ရာ အသုံးချသုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရှိပြီး အရင်းအမြစ်များကိုထိရောက်စွာ အသုံးပြုခြင်းအပြင် ဆန်းသစ်တီထွင်ခြင်းများကို ဦးစားပေးအလိုက် ဆောင်ရွက်ရန် လုပ်ငန်းများသတ်မှတ်၍ တိုးမြှင့်ဆောင်ရွက်ရန်လိုကြောင်း၊ တစ်ချိန်တည်းတွင် လယ်ယာကဏ္ဍ၏ ကုန်ထုတ်စွမ်းအားမြှင့်တင်နိုင်ရန် လယ်ယာကဏ္ဍ အဆင့်-၄ (Agriculture 4.0) နှင့် အညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းကြစေလိုကြောင်း ပြောကြားပြီး အပင်ဇီဝနည်းပညာဗဟိုဌာနကို အမျိုးသားအဆင့်သို့ ရောက်ရှိအောင် ရေရှည်အတွက် မျှော်မှန်း ဆောင်ရွက်ရန်၊ တည်တံ့ဖွံ့ဖြိုးသော လုပ်ငန်းဖြစ်စေရန် ပညာရှင်ဝန်ထမ်းများအတွက် အခွင့်အလမ်း သစ်များ ဖော်ဆောင်ပေးရန်၊ ခိုင်မာသော ဖွဲ့စည်းပုံဖြစ်စေရန်နှင့် ကျွမ်းကျင်သော လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ရန် လိုအပ်ချက်များ၊ ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ နည်းပညာရပ်ဆိုင်ရာ အတွေ့အကြုံဖလှယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇီဝနည်းပညာလုပ်ငန်း ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုင်းဟိ သဘာဝဇီဝမြေဩဇာစက်ရုံသို့ရောက်ရှိကြပြီး မွေးမြူရေးတိရစ္ဆာန်များက စွန့်ပစ်သည့် အညစ်အကြေးများကို အဓိကအသုံးပြု၍ ဂျပန်နည်းပညာဖြင့် ထုတ်လုပ်နေသော သဘာဝမြေဩဇာ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တောင်သူအတွက် အကျိုးရှိစေမည့် အရည်အသွေးကောင်း သဘာဝမြေဩဇာများ ဈေးနှုန်းချိုသာစွာ တိုးတက်ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် ညောင်နှစ်ပင် ဟင်းသီးဟင်းရွက် အထူးစိုက်ပျိုး ထုတ်လုပ်ရေးဇုန်၏ စိုက်ပျိုးရေ အပြည့်အဝရရှိရေးအတွက် ကလိထော်ဆည်နှင့် ငမိုးရိပ်ဆည်တို့မှ ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာတာဝန်ရှိသူများနှင့် တွေ့ဆုံကာ တောင်သူများပါဝင်သော ရေအသုံးချသူအဖွဲ့ (WUG)ဖွဲ့စည်း၍ ရေပေးမြောင်းမကြီး ထိန်းသိမ်းခြင်း၊ စိုက်ပျိုးရေအလေအလွင့်မရှိ မျှတစွာသုံးစွဲနိုင်ရေးနှင့် ရေသွယ်မြောင်းများကို ရေအသုံးချ သူများကတာဝန်ယူ၍ စနစ်တကျအသုံးပြုခြင်း လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့သည်။

သတင်းစဉ်

No comments:

Post a Comment