Friday, May 20, 2022

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ပိုက်ကျော်ခြင်းအားကစားနည်းမှ မြန်မာနိုင်ငံအတွက် ရွှေတစ်ခု၊ ကြေးတစ်ခု ထပ်မံဆွတ်ခူးရရှိ

 


ဗီယက်နမ် မေ ၁၉

ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁) ကြိမ်မြောက် အရှေ့တောင် အာရှအားကစား ပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/ အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Hoang Mai အားကစားရုံ၌ ပိုက်ကျော်ခြင်း အားကစားနည်း အမျိုးသား/ အမျိုးသမီး ဗိုလ်လုပွဲ ပွဲစဉ်များ၌ အမျိုးသမီး (နှစ်ယောက်တွဲ) အသင်းလိုက် (Regu) ပြိုင်ပွဲတွင် အိမ်ရှင် ဗီယက်နမ်အသင်းကို (၂-၁)ဖြင့် အနိုင်ရရှိခဲ့ပြီး မြန်မာနိုင်ငံအတွက် သတ္တမမြောက် ရွှေတံဆိပ်ဆုကို ထိုက်ထိုက် တန်တန် ဆွတ်ခူးရယူပေးနိုင်ခဲ့ပြီး၊ အမျိုးသား (နှစ်ယောက်တွဲ) အသင်းလိုက် ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုကို လည်းကောင်း၊ ပြေးခုန်ပစ်အားကစားနည်းမှ ၂၀ ကီလိုမီတာ အမျိုးသမီး (လမ်းလျှောက်)ပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်၌ မြန်မာ၊ မလေးရှား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ ယှဉ်ပြိုင်ကြရာတွင် မဇင်မေထက်က ငွေတံဆိပ်ဆုကိုလည်းကောင်း ထပ်မံဆွတ်ခူးရရှိခဲ့ကြသည်။



အလားတူ ဟနွိုင်းမြို့ရှိ Hoai Duc အားကစားရုံ၌ ဂျူဒိုအားကစားနည်းမှ (-၅၇) ကီလိုတန်း အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲတွင်မခြူးမြတ်နိုးဝေနှင့် (-၆၃) ကီလိုတန်းတွင် မနွယ်နီပွင့်လှိုင်တို့က ငွေတံဆိပ်ဆု တစ်ခုစီကိုလည်းကောင်း၊ Hai Phong မြို့၌ ကနူး/ကယက် လှေလှော်အားကစားနည်း ကယက်လှေလှော် မီတာ ၁၀၀၀ အမျိုးသား နှစ်ယောက်တွဲပွဲစဉ်၌ မြန်မာ၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နှင့် မလေးရှား နိုင်ငံတို့မှ ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာနိုင်ငံမှ ကြေးတံဆိပ်ဆု ကိုလည်းကောင်း၊ Tay Ho အားကစားရုံ၌ တိုက်ကွမ်ဒို အားကစားနည်းအတိုက်ပြိုင်ပွဲ (-၄၉) ကီလိုတန်းတွင် မဒေစီ ဂျူးလိယက်က ငွေတံဆိပ်ဆု၊ (-၈၀) ကီလိုတန်းတွင် မောင်ထက် ဇော်လင်းနှင့် (-၈၇) ကီလိုတန်း ပြိုင်ပွဲတွင် မောင်ကျော်မင်းနိုင် တို့က ကြေးတံဆိပ်ဆု တစ်ခုစီ ကို လည်းကောင်း၊ Soc Son အားကစားရုံ၌ ဗိုဗီနမ်အားကစားနည်းမှ (-၆၅) ကီလိုတန်းတွင် မဇင်မာခိုင်က ကြေးတံဆိပ်ဆုကို လည်းကောင်း မြန်မာနိုင်ငံအတွက် ဆုတံဆိပ်များ ထပ်မံဆွတ်ခူးပေးနိုင်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးမင်း သိန်းဇံနှင့်အဖွဲ့သည် ယနေ့ယှဉ်ပြိုင်လျက်ရှိသော အားကစားနည်းများမှ ပြေးခုန်ပစ်အားကစားပြိုင်ပွဲ၊ အလေးမအားကစားပြိုင်ပွဲ၊ ဗိုဗီနမ်နှင့်ပိုက်ကျော်ခြင်း အားကစား ပြိုင်ပွဲများတွင် မြန်မာအသင်း ဝင်ရောက်ယှဉ်ပြိုင်ကစားနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြေးခုန်ပစ်၊ စစ်တုရင်၊ သေနတ် ပစ်၊ ဘိလိယက်၊ လက်ဝှေ့၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ အလေးမနှင့် ဗိုဗီနမ် အားကစားနည်းများတွင် မြန်မာ အားကစားအဖွဲ့များမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မေ ၂၀ ရက် ပြိုင်ပွဲ ပွဲစဉ်များအဖြစ် စစ်တုရင်၊ ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊ E-Sports၊ ဘော်လီဘော၊ ကနူး လှေလှော်၊ ဂျူဒို၊ ဗိုဗီနမ်၊ အလေးမ၊ လက်ဝှေ့နှင့် ဘိလိယက်အားကစား ပြိုင်ပွဲများကို ဆက်လက်ဝင်ရောက် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ယနေ့အထိ ရွှေတံဆိပ်ခုနစ်ခု၊ ငွေတံဆိပ် ၁၂ ခုနှင့် ကြေးတံဆိပ် ၂၀ တို့ကို ဆွတ်ခူးရရှိထားပြီး စုစုပေါင်း ဆုတံဆိပ် ၃၉ ခုဖြင့် နိုင်ငံအလိုက် အဆင့်(၇) တွင် ရပ်တည်လျက်ရှိကြောင်း သိရသည်။    

သတင်းစဉ်

No comments:

Post a Comment