Wednesday, May 18, 2022

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် မိတ္ထီလာမြို့နယ် ဆပ်ပြာကျင်းကျေးရွာရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ကျေးရွာတွင်း လျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေအား ကြည့်ရှု


   မိတ္ထီလာ၊   မေ ၁၈

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့ ညနေ နာရီ အချိန်က မိတ္ထီလာမြို့နယ် ဆပ်ပြာကျင်းကျေးရွာရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး မြစိမ်းရောင်စီမံကိန်း အတိုးရငွေဖြင့် ကျေးရွာတွင်း လျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှုခဲ့ ကြောင်း သိရသည်။

ဦးစွာ  ကျေးရွာ မြစိမ်းရောင်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးထွန်းနိုင်က မိတ္ထီလာမြို့နယ် ဆပ်ပြာကျင်း ကျေးရွာ၏ မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်နေမှုအခြေအနေများနှင့် မြစိမ်းရောင်စီမံကိန်း အတိုး ရငွေဖြင့် ကျေးရွာတွင်း လျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေတို့အား ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီးဦးမြင့်စိုးက ဆပ်ပြာကျင်းကျေးရွာ၏ မြစိမ်းရောင်ကျေးရွာစီမံကိန်း အောင်မြင်သည့် အတွက် ဝမ်းသာပါကြောင်း၊ ဒီထက်အောင်မြင်အောင် ဆက်လက်ကြိုးစားကြစေလိုကြောင်း၊ ကျေးရွာကို လည်း စံပြကျေးရွာဖြစ်စေရေး ကျေးရွာလမ်းများအဆင့်မြှင့်တင်ရန်၊ အိမ်တိုင်ရာရောက် ရေရရှိစေရန် စသည့် ရပ်ရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ရပ်ရွာကဝိုင်းဝန်ဆောင်ရွက်ကြစေလိုကြောင်း၊ စံပြကျေးရွာဖြစ်လာပါက ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍများလည်း ပိုမိုတိုးတက်မြင့်မားလာမည်ဖြစ်ပါကြောင်း၊ ကျေးရွာမှ လူငယ်လူရွယ်များ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများဆောင်ရွက်နိုင်စေရန် လူသုံးကုန်ပစ္စည်း ထုတ်လုပ်နည်းသင်တန်းများနှင့် အခြားလက်မှုပညာသင်တန်းများ ဖွင့်လှစ်နိုင်စေရန် ဌာနနှင့် ပေါင်းစပ်ဆောင်ရွက်သွားစေလိုကြောင်း၊ ၎င်းအပြင် ကျေးရွာရှိ ရှစ်တန်းအောင်မြင်သည့် ကလေးငယ်များ သမဝါယမတက္ကသိုလ်မှ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့်   စာရင်းကိုင်သင်တန်းကို တက်ရောက် စေလိုကြောင်း ဒါမှသာကျေးရွာရှိ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ဆပ်ပြာကျင်းကျေးရွာနှင့် ကျောက်အိုးကျေးရွာတို့မှ  ဒေသခံပြည်သူများကတင်ပြသည့် ဆပ်ပြာကျင်းရွာ၏ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းနှင့် ကျောက်အိုးကျေးရွာ၏ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းတို့ကို ယခုဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် မြစိမ်းရောင် စီမံကိန်းအတိုးရငွေဖြင့် ကျေးရွာတွင်း လျှပ်စစ်မီးလင်းရေးလုပ်ငန်းဖြစ်သည့် ကျေးရွာတွင်း ၄၀၀ ဗို့(စ်)အားလိုင်းဆွဲခြင်းလုပ်ငန်းပြီးစီးမှု အခြေအနေအား ကြည့်ရှုခဲ့သည်။

မိတ္ထီလာမြို့နယ် ဆပ်ပြာကျင်းကျေးရွာတွင် အိမ်ခြေ ၁၁၀၊ အိမ်ထောင်စု ၁၁၀၊ လူဦးရေ ၄၆၇ ဦးရှိပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်ဆောင်ရွက်လျက်ရှိရာ ကျေးရွာရှိ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၀၀ ဦးက စီမံကိန်းရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် အဆိုပါစီမံကိန်းအတိုးရငွေဖြင့် ကျေးရွာတွင်း ၄၀၀ ဗို့(စ်)အားလိုင်း ပေ ၃၀၀၀ ဆွဲခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)

No comments:

Post a Comment