Wednesday, May 18, 2022

အပူပိုင်းဒေသ ရေဖူလုံစွာရရှိရေးနှင့် ဒေသဝမ်းစာဖူလုံရေး ကွင်းဆင်း‌ဆောင်ရွက်

 


နေပြည်တော် မေ ၁၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့နံနက်ပိုင်းက ညောင်ဦးမြို့နယ် ငါ့သရောက်လျှပ်စစ် မြစ်ရေတင်သို့ရောက်ရှိပြီး ပင်မရေတင်စခန်းနှင့် ရေပေးဝေနေမှုကို လည်းကောင်း၊ ဆိုလာစနစ် အသုံးပြု၍ ထပ်ဆင့်ရေတင်နေမှုကို လည်းကောင်း၊ ရေတင်စနစ်ဖြင့် စိုက်ပျိုးထားသည့် မိုးကြိုပဲတီစိမ်း မျိုးသန့်မျိုးပွားစိုက်ခင်းကို လည်းကောင်း၊ လက်ပံခြေပေါ် ဆိုလာစနစ်သုံး ထပ်ဆင့်မြစ်ရေတင်လုပ်ငန်း အခြေအနေများကို လည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။

ယင်းနောက် မိတ္ထီလာမြို့ လယ်ယာသုံးစက်ကိရိယာ ကျွမ်းကျင်မှု ဗဟိုသင်တန်းကျောင်း သို့ရောက်ရှိပြီး ဌာနအတွင်း သင်ကြားရေး ဆရာ ဆရာမများ အနေဖြင့် သင်ယူမှု၊ သင်ကြားမှုဆိုင်ရာ နည်းစနစ်များ၊ အကဲဖြတ် စမ်းစစ်ချက်ဆိုင်ရာ နည်းစနစ်များကို စနစ်တကျ ဆောင်ရွက်ကြစေလိုကြောင်း၊ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို သင်ကြားပို့ချကြစေလိုကြောင်း၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာများကို စနစ်တကျ သင်ကြားပို့ချကြစေလိုကြောင်း မှာကြားသည်။

ထို့နောက် ပျော်ဘွယ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ချောင်းမကြီး မျိုးသန့်ခြံသို့ ရောက်ရှိပြီး တောင်သူများအား စပါးမျိုးစေ့နှင့် ဝါမျိုးစေ့များ ပေးအပ်သည်။ ဆက်လက်၍ အင်ကြင်းကန် ကျေးရွာ၊ နွေစပါး တစ်ဧက တင်း ၁၂၀ ထွက်ရှိရေး စံပြကွက် တောင်သူ ဦးဆန်းမင်းအောင်၏ သီးထပ်ရင်စိုက်ကွင်းသို့ ရောက်ရှိပြီး တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ တောင်သူများ လိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရမည်းသင်းမြို့ ကျီးနီကန်ရေလှောင်တမံ ရေသိုလှောင်မှု၊ တမံကြံ့ခိုင်မှု အခြေအနေများကို လည်းကောင်း၊ ရမည်းသင်းမြို့နယ် ရွာတန်းလယ်ယာ ရပ်စုအိုင်ပုတ် ကျေးရွာအနီးရှိ သစ်ဆုံရေလှောင်တမံ ရေဝင်ရောက်မှု၊ ရေလှောင်တမံကြံ့ခိုင်မှု၊ ရေပေးဝေမှု အခြေအနေများကို လည်းကောင်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment