ဒေါက်တာရင်ရင်နွယ်
ဤဆောင်းပါးကို ရေးရခြင်းမှာ မြန်မာနိုင်ငံသားများ ကုလသမဂ္ဂအကြောင်းကို ယခုထက်ပိုမို သိစေလိုသောကြောင့်ဖြစ်သည်။
မြန်မာအများစုသည် ဤအဖွဲ့အစည်းကြီးကို အဖြစ်မှန်ထက် အထင်ကြီးနေသည်။ ယင်းအဖွဲ့အစည်းတွင် စွမ်းဆောင်နိုင်မှုမရှိသည့် လုပ်ငန်းများကို လုပ်ဆောင်ရန် မြန်မာအချို့က အားကိုးနေကြသည်။ စင်စစ်မှာကား ကျွန်မလေးစားသော ဝန်ကြီးတစ်ပါးပြောသလို “ကုလသမဂ္ဂသည် ကမ္ဘာကိုအုပ်ချုပ်နေသော ကမ္ဘာ့အစိုးရမဟုတ်။ အစိုးရအသီးသီးတို့၏ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသောအဖွဲ့သာဖြစ်သည်။” (The United Nations is not a world
government. It is an organization composed of government representatives.)
ထို့ကြောင့်လည်း ကုလသမဂ္ဂကို တစ်သားတည်းရှိနေသော “monolithic” အဖွဲ့အစည်းဟု ထင်လျှင်မှားမည်။ ကုလသမဂ္ဂပဋိညာဉ်၏ ပုဒ်မ(၂)အရ နိုင်ငံတော်၏ အချုပ်အခြာအာဏာ စက်အတွင်း၌ရှိသော အရေးကိစ္စများကို ကုလသမဂ္ဂသည် ဝင်ရောက်စွက်ဖက်ခွင့်မရှိချေ[၁]။
(၁) ကုလသမဂ္ဂကို တွန်းအားပေးသော အနောက်အုပ်စုသည် မြန်မာပြည်ကို တစ်မူထူး ဖိနှိပ်ဆက်ဆံသည်
၁၉၈၈ နောက်ပိုင်း မြန်မာပြည်အပေါ် ကျင့်သုံးသောမူဝါဒ။ ကုလသမဂ္ဂနှင့် အနောက်အုပ်စုသည် ၁၉၈၈ ခုနှစ်မှစ၍ မြန်မာပြည်အပေါ် ကျင့်သုံးနေသော မူဝါဒမှာ “Myanmar Exceptionalism”ဟူ၍ သမ္မတကြီး ဦးသိန်းစိန်ခေတ်၊ ကုလသမဂ္ဂ - အာဆီယံ အစည်းအဝေးတစ်ခု၌ ကျွန်မစတင်ပြောခဲ့သည်။ ဥပမာများဖြင့်ပြပါက ပိုရှင်းလင်းမည်ဟု
ထင်ပါသည်။ (က) အခြားနိုင်ငံများတွင် စစ်တပ်အာဏာသိမ်းမှုများ
ရှိသော်လည်း မြန်မာပြည်၏
စစ်အစိုးရနှင့် တပ်မတော်ကိုသာ ပြစ်တင်ရှုတ်ချသည်။ ရုရှားနှင့် တရုတ်က ကာကွယ်ပေးသောကြောင့် ကုလသမဂ္ဂပိတ်ဆို့မှုများ (sanctions) အပြည့်မလုပ်နိုင်ခဲ့သော်လည်း အနောက်နိုင်ငံများက ပိတ်ဆို့မှုများ (sanctions) လုပ်ခဲ့သည်။ အကျိုးဆက်မှာ စစ်အစိုးရမပြောင်း၊ ပြည်သူများသာ ပိုမိုဆင်းရဲသွားသည်။ ဤသင်ခန်းစာကိုမမှတ်ဘဲ ယခုလည်း ပိတ်ဆို့မှုများ ဆက်လုပ်သည်။ (ခ) အခြားနိုင်ငံများ (ဥပမာ- တရုတ်၊ ဗီယက်နမ်၊ လာအို)တွင် တစ်ပါတီစနစ်များ ရှိနေပါလျက်နှင့် မြန်မာပြည်နိုင်ငံရေးကိုသာ ဖိအားပေါင်းစုံပေး ဝင်စွက်ခဲ့သည်။ (ဂ) မြောက်မြားစွာသော နိုင်ငံများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အာဏာရှင်စနစ်များ ရှိကြသော်လည်း မြန်မာပြည်ကိုသာ မီးမောင်းထိုး၊ ပြစ်တင်ရှုတ်ချပြီး “မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်”သာ ခန့်သည်။ အိမ်နီးချင်းနိုင်ငံများအတွက်ကား “ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်” ခန့်သည်ဟု မကြားဖူးပါ။
Myanmar Exceptionalism
ဟူသည်မှာ။ နိုင်ငံရေးသိပ္ပံလေ့လာသူများသုံးသည်မှာ “American Exceptionalism” ဟူသော စကားဖြစ်သည်။ ဆိုလိုသည်မှာ အမေရိကန်သည် အခြားနိုင်ငံများ လိုက်နာသော နိုင်ငံတကာစာချုပ်၊ စည်းကမ်းများကို မလိုက်နာဘဲ မိမိအကျိုးစီးပွားအတွက် လိုအပ်သလို ချိုးဖောက်သည်။ ဥပမာ - အခြားတိုင်းပြည်များကို အမေရိကန်က စစ်ဝင်တိုက်သည်။ Myanmar Exceptionalism ဟူသော စကားရပ်တွင်ကား အနောက်အုပ်စု၊ အချို့အာဆီယံနိုင်ငံများနှင့် ကုလသမဂ္ဂတို့သည် မြန်မာနိုင်ငံကို အခြားတိုင်းပြည်များထက် ပိုမိုဖိနှိပ်၍ အငြိုးများဖြင့် တစ်မူထူး ဆက်ဆံနေသည်ကို ဆိုလိုသည်။
(၂) ကုလသမဂ္ဂသည် တရားမျှတမှုမရှိသော အဖွဲ့အစည်းဖြစ်သည်
ကုလသမဂ္ဂသည် အင်အားကြီး၍ ပိုက်ဆံပေးနိုင်သောနိုင်ငံများ ကျက်စားရာ အဖွဲ့အစည်း ဖြစ်သည်။ ကုလသမဂ္ဂနှင့်ပတ်သက်နေသော သမိုင်းဖြစ်စဉ်များကို
ကြည့်ခြင်းဖြင့် သိနိုင်သည်။
တရုတ်ပြည်၏ ကုလသမဂ္ဂသမိုင်း။ ၁၉၄၉ ခုနှစ်တွင် တရုတ်ပြည်တွင်းစစ်ကို မော်စီတုံး ဦးဆောင်သော ကွန်မြူနစ်များ နိုင်ခဲ့သည်။ ချန်ကေရှိတ် ဦးဆောင်သော ကိုမင်တန်အဖွဲ့သည် ထိုင်ဝမ်ကျွန်းသို့ ဆုတ်ခွာခဲ့ရသည်။ ၁၉၅၀ ပြည့်နှစ်မှ ၁၉၇၁ ခုနှစ်အထိ အမေရိကန်ပြည်ထောင်စုနှင့် ကုလသမဂ္ဂသည် ခိုင်လုံသောအကြောင်းပြချက် တစ်စုံတစ်ရာမျှမရှိဘဲ ကုလသမဂ္ဂ၌ ထိုင်ဝမ်ကျွန်းရှိ ကိုမင်တန်အစိုးရကသာ တရုတ်ပြည်ကို ကိုယ်စားပြုသည်ဟု ချမှတ်ခဲ့သည်။ ဆိုလိုသည်မှာ မြေဧရိယာ စတုရန်းကီလိုမီတာ ၉ ဒသမ ၄ သန်း၊ ထိုစဉ်က လူဦးရေ ၅၆၇ သန်းကို အုပ်ချုပ်နေသော တရုတ်ပြည်မကြီးအစိုးရကို အသိအမှတ်မပြုဘဲ စတုရန်းကီလိုမီတာ သုံးသောင်းခွဲရှိသော ကျွန်းလေး၊ လူဦးရေ ၇ ဒသမ ၉ သန်းကိုသာ အုပ်ချုပ်သော ထိုင်ဝမ်အစိုးရသည် “တရုတ်ပြည်”ကို ကိုယ်စားပြုသည်ဟု ကုလသမဂ္ဂက မဲပေးဆုံးဖြတ်ခဲ့သည်။ အနှစ် ၂၀ အတွင်း ကုလသမဂ္ဂသည် အမေရိကန်ဖိအားကြောင့် ထိုင်ဝမ်အစိုးရကိုသာ အသိအမှတ်ပြုသည့်မဲ အကြိမ်ကြိမ်ပေးခဲ့သည်။ ၁၉၇၁ ခုနှစ်၌သာလျှင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ကုလသမဂ္ဂတွင် နေရာရလာသည်။ ထိုစဉ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ဆန့်ကျင်မဲပေးခဲ့သော အာရှနိုင်ငံများမှာ ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်၊ ဂျပန်တို့ဖြစ်၍ မည်သည့်ဘက်မှ မဲမပေးခဲ့သော အာရှနိုင်ငံများမှာ ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားတို့ဖြစ်ခဲ့သည်[၂]။ မြန်မာပြည်ကား ၁၉၅၀ ပြည့်နှစ်ကတည်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရကို အသိအမှတ်ပြုခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ၏ ကုလသမဂ္ဂသမိုင်း။ ခမာနီ (Khmer Rouge)တို့သည် ကမ္ဘောဒီးယားနိုင်ငံ ကို ၁၉၇၅ ခုနှစ်မှ စတင်သိမ်းပိုက်အုပ်ချုပ်ရာ သုံးနှစ်အတွင်း လူဦးရေ ၇ ဒသမ ၅ သန်းအနက် ၁ ဒသမ ၇ သန်းကျော်ကို နှိပ်စက်သတ်ဖြတ်ခဲ့သည်။ ၁၉၇၉ ခုနှစ်တွင် မစ္စတာဟွန်ဆန် ဦးဆောင်သောအုပ်စုသည် ဗီယက်နမ်အကူအညီဖြင့် ကမ္ဘောဒီးယားရှိ ခမာနီတို့ကို စစ်နိုင်ခဲ့၍ အာဏာယူခဲ့သည်။ အနောက်အုပ်စုများသည် ၁၉၇၉ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်အထိ ခမာနီကိုသာ အသိအမှတ်ပြု၍ စင်စစ်ကမ္ဘောဒီးယား၏ နယ်မြေကို ထိန်းချုပ်အုပ်စိုးနေသော မစ္စတာဟွန်ဆန်၏ အစိုးရကို လက်မခံခဲ့ချေ။ တရုတ်နှင့် ထိုစဉ်က အာဆီယံနိုင်ငံများ (အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ၁၉၈၄ ခုနှစ်နောက်ပိုင်း ဘရူနိုင်း)တို့သည် အနောက်အုပ်စုများဘက်လိုက်၍ ခမာနီတို့ကိုသာ မဲပေးခဲ့သည်[၃]။ (တရုတ်မှာ ထိုစဉ်က ဗီယက်နမ်-ဆိုဗီယက်နှင့် မတည့်ချေ။) ထို့ကြောင့် ကုလသမဂ္ဂသည် နယ်မြေထိန်းချုပ်မှုမရှိတော့သည့် ခမာနီတစ်ဖွဲ့တည်းကိုသာ တောက်လျှောက် ၁၉၇၉ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်အထိ ကိုယ်စားလှယ်အဖြစ် ထိုင်ခုံပေးခဲ့သည်။ ၁၉၉၃ ခုနှစ်ရောက်မှသာလျှင် ခမာနီအဖွဲ့ ကုလသမဂ္ဂမှ အပြီးအပိုင် ထုတ်ပယ်ခြင်းခံရသည်။
ကမ္ဘာ့ဇာတ်ခုံပေါ် အမေရိကန်ပြည်ထောင်စု၏ လုပ်ရပ်များ။ အမေရိကန်ပြည်ထောင်စုသည် ၁၉၄၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ အနည်းဆုံး ၅၇ ကြိမ် အခြားနိုင်ငံများတွင် မိမိမနှစ်သက်သော အစိုးရများပြုတ်ကျရန် ဝင်ရောက်စွက်ဖက်ခဲ့သည်[၄]။ ဝင်စွက်မှု အသွင်သဏ္ဌာန်များမှာလည်း (က)မိမိဘက်တွင် စစ်တပ်က ရပ်တည်နေပါက တပ်ကိုအာဏာသိမ်းစေခြင်း၊ (ခ) မိမိကိုယ်တိုင် တိုင်းတစ်ပါးကို အတိအလင်း စစ်ကြေညာ၍ စစ်ဝင်တိုက်ခြင်း၊ (ဂ) အကြမ်းဖက်အုပ်စုများကို ငွေကြေးလက်နက်များ၊ အကြံပေးပုဂ္ဂိုလ်များဖြင့် ထောက်ပံ့ခြင်း၊ (ဃ) စစ်မကြေညာဘဲ ခိုးဝင်၍ စစ်တိုက်ခြင်း သို့မဟုတ် လူသတ်ခြင်းတို့ ဖြစ်သည်။
အမေရိကန်သည် မိမိကိုယ်တိုင် “ဒီမိုကရေစီနိုင်ငံ”ဟု ကြွေးကြော်နေသော်လည်း အခြားနိုင်ငံများအပေါ် မတရားမှုများ လုပ်ရုံသာမက ထိုနိုင်ငံများရှိ လူအမြောက်အမြားကို သေကျေပျက်စီးစေခဲ့သည်။ နဂိုက မိမိနှင့် မဆိုင်ခဲ့သော်လည်း အမေရိကန်တပ်များ မတရားတိုက်ခဲ့သည့် အီရတ်စစ်၊ ဗီယက်နမ်စစ်၊ လျှို့ဝှက် လာအိုစစ် (Secret war in Laos) အစရှိသော ဥပမာများ မှတ်တမ်းတင်ပြီးသားရှိပါသည်။ ကုလသမဂ္ဂသည်လည်း ထိုကဲ့သို့ အင်အားကြီးနိုင်ငံများ ဩဇာလွှမ်းမိုးနေသည့်အတွက် တရားမျှတသော အဖွဲ့အစည်းမဖြစ်နိုင်။
(၃) ကုလသမဂ္ဂသည် နိုင်ငံများကို ထိရောက်စွာ ကူညီနိုင်မှုအားနည်းသည်
ရရှိသောငွေပမာဏ။ ကုလသမဂ္ဂအဖွဲ့အစည်းများသည် ယင်းတို့ဖော်ပြနေသလောက် ဘဏ္ဍာငွေ မရှိသည့်အပြင် ရှိသည့်ငွေကိုသုံးစွဲရာ၌လည်း ထိန်းချုပ်မှုများရှိသည်။ ဥပမာ - တစ်ချိန်က ကျွန်မ ၂၁ နှစ် တာဝန်ထမ်းဆောင်ခဲ့သော ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF)ကို ကြည့်ပါ။ UNICEF သည် မိမိ၏ဘုတ်အဖွဲ့ (Executive Board) ထံ တင်ပြသော မြန်မာနိုင်ငံအတွက် ဘတ်ဂျက်သည် ၂၀၁၈-၂၀၂၂ ငါးနှစ်တာကာလအတွက် အမေရိကန်ဒေါ်လာ ၂၀၇ ဒသမ ၅ သန်းဟု ပြထားသည်[၅]။ သို့သော် စင်စစ်တွင် UNICEF-ရန်ကုန်ရုံးက ကြိုက်သလိုသုံးစွဲနိုင်သော ဘတ်ဂျက်သည် ငါးနှစ်တာအတွက် အမေရိကန်ဒေါ်လာ ၇၆ ဒသမ ၇ သန်း (တစ်နှစ်လျှင် ၁၅ ဒသမ ၃ သန်း) သာရှိ၍ ကျန် ၁၃၀ ဒသမ ၈ သန်းကို အလှူခံရမည့် သဘောရှိသည်။ ရရှိလာသော ငွေကြေးများကိုလည်း အလှူရှင်နိုင်ငံလိုချင်သလို (အိမ်ရှင် မြန်မာအစိုးရက သဘောတူခွင့်ပြုမှ) သုံးစွဲခွင့်ရှိသည်။ ထို့ကြောင့်လည်း ကျွန်မသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဌာနေကိုယ်စားလှယ် ဖြစ်ခဲ့စဉ်က တရုတ်-မြောက်ကိုရီးယား နယ်စပ်ဒေသများအတွက် အမေရိကန်အစိုးရက လှူလိုသည့် အမေရိကန်ဒေါ်လာ တစ်သိန်းကျော်ကို ငြင်းခဲ့ပါသည်။
“မြန်မာပြည်အတွက်” ဘတ်ဂျက်များကို သုံးစွဲပုံ။ ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုက “မြန်မာ ပြည်အတွက်”ဟု ပြထားသော ငွေပမာဏတွင် ထိုအဖွဲ့အစည်း၏ ရုံးနှင့်ဝန်ထမ်းစရိတ် အမြောက်အမြား ပါဝင်သည်။ ဥပမာ- ပရောဂျက်ဝန်ထမ်းများ၏ လစာနှင့် (နိုင်ငံခြားသားဆိုလျှင်) ယင်းတို့၏ အိမ်လခ တစ်စိတ်တစ်ပိုင်းနှင့် ကလေးကျောင်းစရိတ်များ၊ ပရောဂျက်ရုံးကားများ၊ ပြည်တွင်းနှင့် နိုင်ငံခြားခရီးစရိတ်များ အစရှိသဖြင့် ပါဝင်သည်။ (ရုံးငှားခနှင့် ဌာနေကိုယ်စားလှယ်၏ရုံးခန်းမှ ဝန်ထမ်းများလခကိုမူ အိမ်ရှင်အစိုးရကို ချမပြသော သီးခြား Support ဘတ်ဂျက်ရှိသည်။)
ရုံးသုံးစရိတ်များနှင့် ဝန်ထမ်းစရိတ်များကို နုတ်ပြီးပါက ကျန်ဘတ်ဂျက်ကို ကုလသမဂ္ဂ အဖွဲ့အစည်းများသည် အောက်ပါအတိုင်းသုံးစွဲသည် - (၁) ယင်းတို့၏ ပရောဂျက်များအတွက် အစည်းအဝေးများ၊ တွေ့ဆုံပွဲများ၊ သင်တန်းများ အစရှိသည်တို့နှင့် ထောက်ပံ့ပစ္စည်းများ၊ (၂) နှစ်သက်ရာINGO/NGO အဖွဲ့များထံသို့ ဆင့်ကဲဆင့်ကဲ ပရောဂျက်များအတွက် ငွေကြေးများ၊ NGO ဝန်ထမ်းအချို့၏ လစာများ၊ ကားများ၊ တစ်ဆင့်စီတွင် NGO အသီးသီး၏ စီမံခန့်ခွဲ (overhead) စရိတ်များ၊ (၃) “နည်းပညာအထောက်အပံ့” (technical assistance) ဟုခေါ်သော “ကျွမ်းကျင်ပညာရှင်”/ အကြံပေးများအတွက် စရိတ်များ အစရှိသည်တို့ဖြစ်သည်။
ကုန်ကျငွေနှင့်ရရှိသောရလဒ်။ မြန်မာပြည်သူလူထုအတွက် ထိုက်တန်ထိရောက်သော အကူအညီမျိုး ဖြစ်၊ မဖြစ်ကို ဆုံးဖြတ်နိုင်ရန် ကုလသမဂ္ဂ အဖွဲ့အစည်းများ အသုံးပြုခဲ့သော ငွေပမာဏနှင့် ၎င်းတို့ရရှိခဲ့သော
ရလဒ်များကို နှိုင်းယှဉ်သင့်သည်။ အထက်တွင်ဖော်ပြထားသည့်အတိုင်း ရုံး/ ဝန်ထမ်း စရိတ်များနှင့် သီးခြားဘတ်ဂျက် အမျိုးမျိုးတို့ကြောင့် မြန်မာနိုင်ငံအစိုးရထံ တင်ပြထားသော “ဘတ်ဂျက်” များကို နားလည်ရန်ခက်ခဲသည်။ အသုံးပြုခဲ့သော ငွေပမာဏကို သိလိုလျှင် ကုလသမဂ္ဂအဖွဲ့အစည်းများ “ကိုယ်တိုင်ပရိုမိုးရှင်း” (self-promotion)လုပ်ရန် အင်တာနက်ပေါ်တွင် တင်ထားသော “နှစ်စဉ်ရလဒ် အစီရင်ခံစာ” ကို ကြည့်ပါက ပိုနားလည်လွယ်သည်။
သို့ဖြစ်၍ ၂၀၂၀ ပြည့်နှစ်အတွက် မြန်မာပြည်ရှိ ကုလသမဂ္ဂအဖွဲ့အားလုံး၏ ကုန်ကျငွေ (Programmable expenditure) သည် အမေရိကန်ဒေါ်လာ ၅၀၈ သန်းဟု သိရသည်[၆]။ အဓိကရလဒ်များကို ထိုအစီရင်ခံစာ၌ပင် ပြထားသည်။ ဥပမာ(၁) တောင်သူလယ်သမား ၂ ဒသမ ၈ သန်း အတွက်ချေးငွေများ၊ (၂) ကိုဗစ်ထိန်းချုပ်ရန် နှာခေါင်းစည်း ၄၀ ဒသမ ၅ သန်း၊ လက်အိတ် ၂ ဒသမ ၄ သန်း၊ ပီပီအီးဝတ်စုံ ၅၄၄၀၆ စုံ အစရှိသော အထောက်အကူပစ္စည်းများ၊ (၃) လူဦးရေ ၁ ဒသမ ၇၇ သန်းအတွက် ကျန်းမာရေးအထောက်အကူ၊ (၄) လူဦးရေ ၃၉၀၀၀၀ အတွက် သန့်ရှင်းသော သောက်သုံးရေ၊ (၅) ဆင်းရဲသော အိမ်ထောင်စု ပေါင်း ၄၃၆၄၁၂ စုနှင့် မိခင်နှင့်ကလေး ၂၂၂၅၂၇ ယောက်အတွက် ငွေကြေးထောက်ပံ့မှုများ (cash transfers)၊ (၆) လူဦးရေ ၉၃၀၀၀၀ ကျော်အတွက် စားနပ်ရိက္ခာ ထောက်ပံ့မှုများ အစရှိသည်တို့ပါ၍ ကျန်ရလဒ်များကိုလည်း အစီရင်ခံစာတွင် ကြည့်နိုင်ပါသည်။
ယေဘုယျအားဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများသည် ဆင်းရဲသောနိုင်ငံများတွင် လိုအပ်နေသော အခြေခံအဆောက်အအုံ (infrastructure) အကြီးစားများကိုဆောက်ပေးရန် ငွေပမာဏ မလုံလောက်၍ အသေးစားအဆောက်အအုံများ (ဥပမာ- အဝီစိရေတွင်းများ၊ အိမ်သာများ)သာ ဆောက်ပေးနိုင်သည်။ အထက်ဖော်ပြပါ အထောက်အကူများသည် မြန်မာများအတွက် အကျိုးရှိကြောင်း ငြင်းမရပါ။ သို့သော်လည်း တစ်နှစ်အတွင်း ကုန်ကျငွေပမာဏ အမေရိကန်ဒေါ်လာ ၅၀၈ သန်းနှင့် နှိုင်းယှဉ်၍ ပြောရမည်ဖြစ်သည်။
အကျိုးခံစားရသော မြန်မာပြည်၏ လူဦးရေ။ ပထမအနေဖြင့် အမေရိကန်ဒေါ်လာ ၅၀၈ သန်း ကုန်ကျခဲ့သည်ဟူသော အကူအညီကိုရရှိခဲ့သော လူဦးရေသည် မည်သူမဆို မေးစရာဖြစ်နေသည်။ နှိုင်းယှဉ်ပြောမည်ဆိုလျှင် ၂၀၁၅ ခုနှစ် မြို့နယ်ပေါင်း (၄၀) ရေကြီးရေလျှံသဘာဝဘေးဒုက္ခကြီးအတွက် အချိန်၊ လုပ်အား၊ စားနပ်ရိက္ခာများ၊ ငွေများကို မြန်မာအစိုးရ၊ မြန်မာလူထု၊ ပြည်တွင်း လုပ်ငန်းရှင်များ၊ သံဃာတော်များနှင့် တပ်မတော်သားများက လပိုင်းအတွင်း ကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်း မြောက်မြားစွာကို တစ်တပ်တစ်အား အောင်မြင်စွာ ဆောင်ရွက်ခဲ့သည်။
ထိုစဉ်က မြန်မာအစိုးရသည် နိုင်ငံတော်သမ္မတ၏ အထူးရန်ပုံငွေမှ ငွေကျပ် ၄၂ ဒသမ ၂ ဘီလီယံ၊ နိုင်ငံတော် အစိုးရထံမှ ငွေကျပ် ၆ ဒသမ ၅ ဘီလီယံနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများမှ ငွေကျပ်၂ ဒသမ ၃ ဘီလီယံ၊ စုစုပေါင်း ငွေကျပ် ၇၁ ဘီလီယံ ချပေးခဲ့သည်[၇]။ ၂၀၁၅ အောက်တိုဘာလ ၅ ရက်နေ့ ဒေါ်လာနှုန်းဖြင့် အမေရိကန်ဒေါ်လာ ၅၅ ဒသမ ၂ သန်းခန့်သာရှိသည်။ ပြည်သူလူထုနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ ငွေသား၊ စားနပ်ရိက္ခာ၊ ထောက်ပံ့ပို့ဆောင်ရေး အစရှိသော ထောက်ပံ့မှုများလည်း ရရှိခဲ့သည်။ ထိုထောက်ပံ့မှုများသည် အစိုးရထံမှ သုံးစွဲခဲ့သော ငွေတန်ဖိုး ၂၀ ရာခိုင်နှုန်းထက်မပိုဟု ခန့်မှန်းရသည် [၈]။
သို့ဖြစ်လျှင် ပြည်တွင်းမှ အစိုးရနှင့်ပြည်သူအားလုံးထံမှရရှိသော ထောက်ပံ့မှုများမှာ ထိုစဉ်က အမေရိကန်ဒေါ်လာ ၆၆ ဒသမ ၂ သန်းသာဖြစ်ပြီး မြို့နယ်ပေါင်း ၄၀ အတွင်းရှိ လူဦးရေ စုစုပေါင်း ၅ သန်းကျော်ကို ကူညီထောက်ပံ့ခဲ့သည်။ ယင်းထောက်ပံ့မှုများအနက် ဟားခါးမြို့တွင် မြေပြိုမှုကြောင့် ပြောင်းရွှေ့ခဲ့ရသော မိသားစုများအတွက် သစ်သားအိမ်ခြေ ၄၂၀ ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဦးဆောင်၍ တည်ဆောက်ပေးခဲ့သည်။
ထို့အပြင် လုံးဝပျက်စီးသွားသော တံတား ၃၅၈ စင်း၊ တစ်စိတ်တစ်ပိုင်း ပျက်စီးသော တံတား ၄၄၉ စင်း၊ ပျက်စီးသွားသောလမ်းများ (အနည်းဆုံး ၁၉၈ မိုင်)တို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ဦးဆောင်၍ ပြန်လည်ပြုပြင် တည်ဆောက်ခဲ့ရသည်[၉]။ ပြည်တွင်းအားများနှင့် လုပ်ခဲ့ရသည့်အတွက် ဘတ်ဂျက်များကို ခြစ်ခြစ်ခြုတ်ခြုတ်
သုံးခဲ့ရသည်။ ရလဒ်များနှင့် ငွေပမာဏကို နှိုင်းယှဉ်ပါက ကုလသမဂ္ဂအဖွဲ့အားလုံးမှ တစ်နှစ်အတွင်း ကုန်ကျငွေ အမေရိကန်ဒေါ်လာ ၅၀၈ သန်းသည် ထိုအဖွဲ့များ၏ ရုံးသုံးစရိတ်များ၊ ဝန်ထမ်းစရိတ်များအပြင် INGO/ NGO များထံသို့လည်း အများအပြား ရောက်လိမ့်မည်ဟု
ခန့်မှန်းနိုင်သည်။
အစားထိုးနိုင်သောအကူအညီ။ ဒုတိယအနေဖြင့် ကုလသမဂ္ဂထံမှ ကူညီထောက်ပံ့မှု မရခဲ့ပါက မြန်မာနိုင်ငံအတွက် မည်သို့ထူးခြားမည်နည်း၊ အစားထိုး၍ ရ၊ မရဟူ၍ မေးစရာပေါ်လာသည်။ ထိုမေးခွန်းများကိုဖြေရန် ကိုဗစ်ကာကွယ်ဆေးကိစ္စကို ပြည်သူသိသင့်သည်။ ကိုဗစ်ကာကွယ်ဆေးကိစ္စတွင် COVAX အစီအစဉ်ကို တာဝန်ယူထားသောအဖွဲ့များအားလုံး (အထူးသဖြင့် UNICEF နှင့် WHO) သည် မြန်မာပြည်ကိုဆက်ဆံခဲ့ပုံမှာ အထူးအကျည်းတန်သည်။ ထိုကုလသမဂ္ဂ အဖွဲ့အစည်းများသည် မိမိတို့ကိုယ်တိုင်ချမှတ်ခဲ့သော လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ စည်းမျဉ်းများ (Humanitarian Principles) မှ “ဆိုးကျိုးမဖြစ်စေရ” (Do no harm) ဟူသော စည်းမျဉ်းအား ချိုးဖောက်ခဲ့သည်။ COVAX ၏ ရည်ရွယ်ချက်သည် “ကာကွယ်ဆေးဖော်ထုတ်ခြင်းကို အရှိန်အဟုန်တိုးမြှင့်ဖို့ ဆောင်ရွက်ပေးရန်နှင့် ကမ္ဘာပေါ်ရှိ နိုင်ငံများအားလုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား သာတူညီမျှ ထိုးနှံနိုင်ဖို့ ကူညီပေးရန်” ဖြစ်ကြောင်း ကြေညာထားသည်။
COVAX အစီအစဉ်ကို GAVI အဖွဲ့၊ CEPI အဖွဲ့ နှင့် WHO တို့က ထိန်းချုပ်ကွပ်ကဲ၍ UNICEF က ကာကွယ်ဆေးများကိုပို့ရန် အဓိကတာဝန်ယူထားသည်[၁၀]။ ၂၀၂၁ ခုနှစ် မြန်မာပြည်သူများ ကာကွယ်ဆေးအလိုအပ်ဆုံးအချိန်တွင် WHO ကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း COVAX သည် မြန်မာပြည်အား ကိုဗစ်ကာကွယ်ဆေးကို လုံးဝမပေးခဲ့ပါ။ ထိုစဉ်က ကမ္ဘာ့နိုင်ငံအများအပြားသို့ ရောဂါကာကွယ်ဆေးကို တစ်ကြိမ်မက လေးကြိမ်အထိ ပေးပို့ပြီးဖြစ်သည်။
၂၀၂၂ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် COVAX ထံမှ ကာကွယ်ဆေး ဒို့စ်ပေါင်း ၂ ဒသမ ၂၄ သန်း ရရှိခဲ့သည်။ မြန်မာနိုင်ငံသည်ကား ကာကွယ်ဆေး အလိုအပ်ဆုံးအချိန်ကို ကျော်ဖြတ်ခဲ့ပြီး ဖြစ်နေသည်။ မြန်မာနိုင်ငံသည် မိမိကိုယ်တိုင်ဝယ်သော ကာကွယ်ဆေး ဒို့စ်ပေါင်း ၄၅ သန်းသာမက မိတ်ဆွေနိုင်ငံများနှင့် ပုဂ္ဂလိကကဏ္ဍအလှူရှင်များ (အဓိက တရုတ်ကုန်သည်ကြီးအသင်း)က လှူဒါန်းခဲ့သော ကာကွယ်ဆေးများကိုသာ အားကိုးရင်း အဆိုးဆုံးကာလကို ကျော်ဖြတ်ခဲ့ရသည်။
၂၀၂၂ ခုနှစ် မေလ ၁၁ ရက်နေ့တွင် မြန်မာအစိုးရသည် ဒို့စ်ပေါင်း ၆၇ သန်းကျော် (၆၇၁၉၄၄၀၀) စုဆောင်းရရှိပြီးဖြစ်သည်။ ထိုရက်တွင် အကြိမ်ပြည့် ကာကွယ်ဆေးထိုးနှံပြီးသူ ၂၄ ဒသမ ၃၃ သန်းရှိ၍ ဆေးထိုးနှံခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိနေသည်။ တစ်နိုင်ငံလုံးတွင် ကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ် ထိုးနှံပြီးသူများသည် အသက် ၁၈ နှစ်နှင့်အထက် လူဦးရေ၏ ၉၂ ရာခိုင်နှုန်းခန့်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။ ခြုံငုံပြောလျှင် မြန်မာပြည်ရှိ ကုလသမဂ္ဂအဖွဲ့များမှ အကူအညီများသည် တစ်ကြောင်းမဟုတ် တစ်ကြောင်းကြောင့် မရှိတော့ပါက အစားမထိုးနိုင်သော အကူအညီမျိုးမဟုတ်ဟု ဆိုနိုင်သည်။
(၄) ကုလသမဂ္ဂက မြန်မာပြည်၏ တည်ဆဲအစိုးရကို အသိအမှတ်မပြုပါက ကုလသမဂ္ဂအတွက် ဆိုးကျိုးပိုများမည်
ကုလသမဂ္ဂအထွေထွေညီလာခံ။ အထွေထွေ ညီလာခံအစည်းအဝေးများတွင် မြန်မာနိုင်ငံ၏ တည်ဆဲအစိုးရက အသိအမှတ်မပြုသော ဦးကျော်မိုးထွန်းသည် မြန်မာနိုင်ငံအတွက် ထားသောထိုင်ခုံတွင် ထိုင်နေသည်။ သို့သော် ဦးကျော်မိုးထွန်းအနေဖြင့် အလေးထားခြင်းခံရမည် မဟုတ်။ မိမိတို့၏ နိုင်ငံအသီးသီးကို အမှန်တကယ် ကိုယ်စားပြုနေသော ကိုယ်စားလှယ်များအကြား၌ ဦးကျော်မိုးထွန်း၏ မဲနှင့် မှတ်ချက်များသည် မည်သို့မျှ အရေးမပါနိုင်။ ဥပမာ- ဦးကျော်မိုးထွန်းပေးသော မဲကိုကြည့်ပြီး မြန်မာပြည်၏ ရပ်တည်ချက်ကို သုံးသပ်မရနိုင်ဟူသည်မှာ ထင်ရှားသည်။
၂၀၂၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ရုရှားကို ရှုတ်ချခဲ့သော ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်အပေါ် မဲခွဲသည့်ကိစ္စတွင် အမေရိကန် သံတမန်ရေးရာ ဂျာနယ်တစ်စောင်ကပင် ဦးကျော်မိုးထွန်း၏မဲသည် မြန်မာအစိုးရကို ကိုယ်စားမပြုသည့်အတွက် ထည့်စဉ်းစားလို့မရဟု ဆိုထား၏[၁၁]။ ထို့အပြင် အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်များကို နိုင်ငံများက လျစ်လျူရှုတတ်ကြသည်။ ဥပမာ - နှစ်စဉ်နှစ်တိုင်း အစ္စရေးနိုင်ငံနှင့် ပတ်သက်နေသော အထွေထွေညီလာခံသည် ဆုံးဖြတ်ချက်များ အကြိမ်ကြိမ်ချမှတ်ခဲ့သော်လည်း[၁၂] အစ္စရေးနိုင်ငံက မိမိ၏အကျိုးစီးပွားနှင့် ဆန့်ကျင်နေသော ဆုံးဖြတ်ချက်များကို လျစ်လျူရှုနေသည်။
ကုလသမဂ္ဂအဖွဲ့အစည်းများ၏ အစည်းအဝေးများ။ ထိုအစည်းအဝေးများတွင်ကား ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုစီနှင့် သက်ဆိုင်သော ကိစ္စရပ်များကို ဆွေးနွေးသည်။
ဥပမာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)သည် နိုင်ငံများ၏ ကိုဗစ်ရောဂါအခြေအနေ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP)သည် နိုင်ငံများ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ (SDGs)၊ UNICEF သည် ကလေးသူငယ်များ၏ အခြေအနေ၊ အစရှိသဖြင့် အဖွဲ့ဝင်နိုင်ငံများမှလာသော အစီရင်ခံစာများကို အခြေခံ၍ ဆွေးနွေးသည်။
တည်ဆဲအစိုးရကိုလက်မခံပါက မြန်မာပြည်မှ အချက်အလက်များကို မည်သို့မျှ ဦးကျော်မိုးထွန်းတို့အဖွဲ့ထံမှ မရနိုင်။ ဥပမာအားဖြင့် ကိုဗစ်ရောဂါ ပြန့်ပွားမှုများ ကာကွယ်ဆေးထိုးအခြေအနေများကို မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနသာလျှင် တင်ပြနိုင်မည်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ တည်ဆဲအစိုးရအဖွဲ့နှင့် မဆက်ဆံလိုသော ကုလသမဂ္ဂအဖွဲ့အစည်းများသည် အချက်များ database များ ပြည့်စုံမည်မဟုတ်။ ယခုအခါ မြန်မာပြည်တွင်းရှိ ကုလသမဂ္ဂအဖွဲ့အစည်းများအနက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)သာလျှင် မြန်မာအစိုးရနှင့် စားနပ်ရိက္ခာကိစ္စအတွက် ပူးပေါင်းဆောင်ရွက်ခြင်းရှိသည်။
ရှေ့ဆက်ရန်လမ်း။ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ချုပ်ဆိုထားသောစာချုပ်များ သက်တမ်း ကုန်ဆုံးသောအခါ မြန်မာနိုင်ငံ၏တည်ဆဲအစိုးရကို အသိအမှတ်မပြုလျှင် စာချုပ်အသစ် ထိုးနိုင်မည်မဟုတ်။ အပိုင်း(၃)တွင် ဆွေးနွေးပြီးသည့်အတိုင်း ကုလသမဂ္ဂအဖွဲ့အစည်းများမှ ထောက်ပံ့မှုသည် အစားထိုးမရသော အရာမဟုတ်။ ကုလသမဂ္ဂပရိုဂရမ်များ ရပ်စဲသွားပါက မြန်မာနိုင်ငံ ကုလသမဂ္ဂရုံးများတွင်လုပ်နေသော နိုင်ငံခြားသားအချို့၊ မြန်မာဝန်ထမ်းများနှင့် ကုလသမဂ္ဂထောက်ပံ့မှုရနေသော NGO ဝန်ထမ်းများသာ အဓိကနစ်နာမည် ဖြစ်သည်။
နိဂုံး
ယနေ့ယခု ကုလသမဂ္ဂသည် ကျွန်မအလုပ်စဝင်ခဲ့သော ကုလသမဂ္ဂမဟုတ်တော့ပါ။ ထိုခေတ် က UNICEF ဝန်ထမ်းများသည် နိုင်ငံရေးမလုပ်၊ ဘက်လည်းမလိုက်။ နာမည်အကြီးဆုံး အအောင် မြင်ဆုံး UNICEF Executive Director Mr James P
Grant ၏လက်ထက်တွင် UNICEF ဝန်ထမ်းများသည် ကလေးသူငယ်များ၏ ကျန်းမာရေး၊ အာဟာရနှင့် ပညာရေးတို့ကိုသာ ပဓာနထား၍ အစိုးရမျိုးစုံနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ UNICEF ဝန်ထမ်းများသည်လည်း ကုလသမဂ္ဂဝန်ထမ်းများ စောင့်ထိန်းရမည့် စည်းကမ်း (International Civil Service Code of
Conduct [၁၃])
ပုဒ်မ (၃၃) နှင့်အညီ မည်သည့်အစိုးရကိုမျှ ဝေဖန်ခြင်း၊ ဝင်စွက်ခြင်းမပြုခဲ့ပါ။ ထိုစဉ်က UNICEF ဝန်ထမ်းတစ်ယောက် ဖြစ်ရသည်ကို ကျွန်မဂုဏ်ယူနိုင်အားရှိခဲ့ပါသည်။
ယနေ့ခေတ် ကုလသမဂ္ဂဝန်ထမ်းများမှာ Code of Conduct မှ ပုဒ်မ (၃၃)သာမက ပုဒ်မ (၄၄) (၄၈)တို့ကိုပါ ချိုးဖောက်နေသည်။ မြန်မာနိုင်ငံ ဥပဒေအရ အကြမ်းဖက်ဟု သတ်မှတ်ထား၍ သံဃာများ၊ ဝန်ထမ်းများ၊ ဘက်မလိုက် ပြည်သူများကို သတ်နေသော NUG/PDF တို့အတွက် နယူးယောက် မြို့တွင် ရန်ပုံငွေရှာခြင်း အစရှိသည်တို့ကို ဆောင်ရွက်ကြသည်။
နောက်ဆုံးပြောလိုသည်မှာ မြန်မာနိုင်ငံအစိုးရ၏ ကုလသမဂ္ဂနှင့် ဆက်ဆံရာတွင် မကြာသေးမီက ဖြစ်ခဲ့သည့် COVAX မှ ကိုဗစ်ကာကွယ်ဆေးများကို ကိုင်တွယ်ခဲ့ပုံမှာ ကောင်းမွန်သော မဟာဗျူဟာ ဖြစ်သည်။ ဆိုလိုသည်မှာ ကုလသမဂ္ဂအဖွဲ့ အစည်းများကို အားမကိုးဘဲ မိမိပြည်သူများအတွက် လိုအပ်သည်များကို ဖြစ်သည့်နည်းဖြင့် ဆက်လုပ်၍ ကုလသမဂ္ဂက ကူညီမည်ဆိုပါက ထိုအကူအညီကို အလျဉ်းသင့်သလို လက်ခံနိုင်သည်။ ကုလသမဂ္ဂဟူသည်မှာလည်း အဖွဲ့အစည်းတစ်ခုတည်း မဟုတ်ဘဲ မတူကွဲပြားနေသည့်အတွက် ခွဲခြားဆက်ဆံ၍ ရပါသည်။ ပြည်သူများ၏အကျိုးကို ရှေးရှု၍ စားနပ်ရိက္ခာထောက်ပံ့မှုများဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နေသော WFP ကဲ့သို့ အဖွဲ့များလည်းရှိသည်။ အထောက်အထားများဖြင့် တင်ပြခဲ့သော ကုလသမဂ္ဂနှင့် စပ်လျဉ်းသည့် အချက်လေးချက်ကို သိရှိပြီးနောက် ကုလသမဂ္ဂအကြောင်း ပိုမိုသဘောပေါက်လာမည်ဟု မျှော်လင့်ပါသည်။
အညွှန်းများ
[၁] https://www.un.org/en/about-us/un-charter/full-text
[၂] (က) http://www.chinatoday.com.cn/ctenglish/2018/commentaries/202111/t20211105_800262615.html
[၃] (က) Ramses
Amer. 1990. https://doi.org/10.1080/14672715.1990.10413112
[၄] https://williamblum.org/essays/read/overthrowing-
other -peoples-governments-the-master-list
[၅] https://reliefweb.int/report/myanmar/unicef-country-programme-2018-2022-myanmar
[၈] ဒုတိယသမ္မတ ဦးဉာဏ်ထွန်းဦးဆောင်ခဲ့သော အမျိုးသားသဘာဝဘေး
အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ အကြံပေးအဖွဲ့မှ ဒေါက်တာဇော်ဦး (အတွင်းရေးမှူး)နှင့် ဒေါက်တာရင်ရင်နွယ် (ဥက္ကဋ္ဌ)၏ ခန့်မှန်းချက်။
[၉] အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှုကော်မတီကို တင်ပြသော အစီရင်ခံစာများ
[၁၀] https://www.gavi.org/covax-facility
[၁၁] https://thediplomat.com/2022/03/how-did-asian-countries-vote-on-the-uns-ukraine-resolution/
[၁၂] https://www.jewishvirtuallibrary.org/unga-resolutions-2010-present#19
[၁၃] https://icsc.un.org/Resources/General/Publications/standardsE.pdf
No comments:
Post a Comment