တောင်ကြီး မေ ၁၅
ရှမ်းပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ကဆုန်လပြည့်နေ့(ဗုဒ္ဓအခါတော်နေ့)တွင် ကဆုန်ညောင်ရေသွန်း လောင်းပူဇော်ခြင်းကို ယမန်နေ့မွန်းလွဲ တောင်ကြီးမြို့ စူဠာမုနိလောကချမ်းသာစေတီတော်မြတ်ကြီးရှိ ပရိ ဘောဂစေတီခေါ်မဟာဗောဓိပင်၌ ကျင်းပသည်။
အခမ်းအနားကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းနှင့်ဇနီး၊
ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဧည့်ပရိတ်သတ်တို့က
နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ကဆုန်လပြည့်(ဗုဒ္ဓအခါတော်နေ့) ဂုဏ်ပြုပူဇော်မင်္ဂလာကဗျာကို
ဝတ်အသင်းများမှ သံပြိုင် ညီညာရွတ်ပွားပူဇော်၍ နဂါး၊ဂဠန်၊နတ်ဗြဟ္မာအပေါင်းတို့၏ ဝမ်းမြောက်ကြည်နူးချီးကျူးကြွေးကြော်
သံကဗျာများကို ဝတ်ရွတ်အသင်းများမှ သံပြိုင်ညီညာ ပူဇော်ကာဓမ္မပါလပရဟိတအသင်းမှ ဦးကျော်စိုးက
ပရိတ်သတ်ကိုယ်စား ဗောဓိရုက္ခေါဒကသိဉ္စန မင်္ဂလာဂါထာတော်ဖြင့် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပေး၍ ဂါထာတော်အဆုံးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊
ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ဗောဓိညောင်ခြေပလ္လင်ဗွေ၌ ကဆုန်ညောင်ရေသွန်းလောင်း
ပူဇော်ပေးကြပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဝတ်အသင်းများတို့က ကဆုန်ညောင်ရေ သွန်းလောင်း
ပူဇော်ပေးကြသည်။
ဆက်လက်၍ ဓမ္မပါလပရဟိတအသင်းမှဦးကျော်စိုးက ပရိတ်သတ်ကြီးကိုယ်စား
ပတ္တာနုမောဒနာ ဂါထာ တော်ဖြင့် ဗောဓိညောင်ရေသွန်းလောင်းမှုအကြောင်းပြု၍ ကောင်းမှုအဖို့ဘာဂကို
လူ၊နတ်ဗြဟ္မာသတ္တဝါတို့ အား အမျှပေးဝေးပြီးအခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို
ဆုတောင်း၍ အခမ်းအနား ပြီးမြောက်ကြောင်း သိရသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းနှင့်ဇနီး၊
ပြည်နယ် ဝန်ကြီးများတို့က စူဠာမုနိဘုရားအား ပန်းရေချမ်း ဆက်ကပ်ပူဇော်ပေးကြပြီး ၊ ဘုရားအတွင်းလက်ယာရစ်
ပူဇော်ကြပြီး ဘုရားအတွက် အလှူငွေကျပ် (၁) သိန်း ထည့်ဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)
No comments:
Post a Comment