Friday, May 20, 2022

စာပေဗိမာန်စာမူဆုရ စာအုပ်များဖြန့်ချိရောင်းချ

 နေပြည်တော် မေ ၁၉

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန်စာမူဆု၊ လူငယ်စာပေ တတိယဆုရရှိသည့် စာရေးသူကိုရွှေရင်အေး၏ “ရွာကြီးတစ်ရွာသို့ အလည် တစ်ခေါက်” စာအုပ်ကိုတန်ဖိုးငွေကျပ် ၂၀၀၀ ဖြင့် ဖြန့်ချိရောင်းချလျက်ရှိသည်။

ယင်းစာအုပ်တွင် ပေးစာပုံစံဆောင်းပါးအပုဒ် ၂၀ ပါဝင်သည်။ မြန်မာ့တိုင်းရင်းသားနှင့် ကျေးလက် ဒေသတို့၏ ပထဝီဝင်၊ ထုံးတမ်းဓလေ့၊ ယဉ်ကျေးမှု၊ ကိုယ်ပိုင်စရိုက်လက္ခဏာ စသည့်ကွဲပြားခြားနားမှု အမျိုးမျိုးအပေါ် အတွေးအမြင် ဆင်ခြင်နှိုင်းဆတင်ပြထားသော စေတနာအရင်းခံပြုပြင်ရေးပုံစံဖြင့် ရေးသားထားသည်။ လိုအပ်ရာနေရာများ၌ ကဗျာ၊ သီချင်း၊ နိုင်ငံရပ်ခြား ဗဟုသုတဖြစ်ရပ်များနှင့် သိပ္ပမကျန်၊ နည်းနာအခြေခံများကိုပါ ကိုးကားရေးသားထား၍ လူငယ်များအတွက် သင့်လျော်ရုံမျှမက အကျိုးကျေးဇူးရရှိမည့် စာအုပ်ကောင်း တစ်အုပ်ဖြစ်သည်။

ထို့အတူ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ ပြဇာတ်စာပေ ဒုတိယဆုရရှိသည့် စာရေးသူမောင်မြေနီ(တမာတော)၏ “တစ်နေ့နေ့ထဲက တစ်နေ့” စာအုပ်ကို တန်ဖိုးငွေကျပ် ၂၅၀၀ ဖြင့် ဖြန့်ချိရောင်းချလျက်ရှိသည်။

ယင်းစာအုပ်တွင် မိုးခေါင်သော ကျေးလက်ဒေသရွာတစ်ရွာတွင် လယ်ယာသီးနှံစိုက်ပျိုးရေးကို ခေတ်မီနည်းပညာများ အသုံးပြုလျက် သီးနှံအထွက်တိုးစေရန် ဇာတ်အိမ်ပြု၍ ရေးသားထားသည်။ မိမိရပ်ရွာ ဖွံ့ဖြိုးတိုးတက်စေရန် တောင်သူလယ်သမားသင်တန်းကျောင်း၏ လမ်းညွှန်မှုဖြင့် ခေတ်မီစိုက်ပျိုးရေးလုပ်ငန်းကို ဦးဆောင်သည့် ဘွဲ့ရလူငယ်တစ်ဦးနှင့် ကျေးလက်ရှိတောင်သူများ၏ ရိုးသားမှုကို အခွင့်ကောင်းယူကာငွေကြေးဖြင့် ဖြားယောင်းအမြတ်ထုတ်သည့် မြို့ပေါ်မှစီးပွားရေး သမားတစ်ဦး၏ စိတ်နေသဘာဝများ၊ မေတ္တာရေးပဋိပက္ခများ၊ မိမိဇာတိရပ်ရွာ၏ ယာသီးနှံစိုက်ပျိုး ရေးသာမက စာကြည့်တိုက်များတည်ထောင်ကာ ရပ်ရွာလူ့စွမ်းအားဖွံ့ဖြိုးမှုကိုပါ တိုးတက်အောင် ကြိုးစားကြသူများ၊ ခေတ်မီနည်းပညာအသုံးပြုခြင်း၏ ကျေးဇူးများကို ရသတွင် သုတရောလျက် စိတ်ဝင်စားဖွယ်ရေးသားထားပါသည်။ ကျေးလက်အငွေ့အသက်နှင့် ပြဇာတ်တွင်ပါဝင်သူတို့၏ စရိုက်များကိုပေါ်လွင်သွက်လက်စွာရေးဖွဲ့ထားပြီး ဦးတည်ချက်ကောင်းမွန်သည့် ကျေးလက်သဘာဝ သရုပ်ဖော် ပြဇာတ်ရှည်ဖြစ်သည်။

အဆိုပါစာအုပ်များကို အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁- ၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းဈေး နေပြည်တော်ရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေ ဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန်ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူ လိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။  

သတင်းစဉ်

No comments:

Post a Comment