မျက်မှောက်ကာလတွင် နိုင်ငံ့စီးပွားရေး မြင့်မားတိုးတက်လာရန်အတွက် အဘက်ဘက်မှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နေသည်ကို တွေ့ရသည်။ ပြည်တွင်း ထုတ်ကုန်များ မြင့်မား တိုးတက်လာရေးကို အားပေးမြှင့်တင်ဆောင်ရွက်ပြီး ပို့ကုန်တိုးတက်တင်ပို့နိုင်ရေးကို ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ် မီနီဘတ်ဂျက်ကာလတွင် ကုန်သွယ်မှုပိုငွေ တောက်လျှောက် တက်လာခဲ့သည်ကိုတွေ့ရသည်။
ပြည်ပပို့ကုန် မြင့်မားတိုးတက်ရေးအတွက်ကြိုးပမ်းအားထုတ်နေစဉ်
တစ်ဖက်မှလည်း ပြည်တွင်းထုတ်ကုန်မြင့်မားတိုးတက်ရေးအတွက် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း
များအား မြှင့်တင်အားပေးပြီး ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှုများကို စည်းရုံးဖိတ်ခေါ်ကြိုးပမ်း
ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုအားကောင်းလာမှ နိုင်ငံ့စီးပွားရေး
မြင့်မားတိုးတက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာမည်ဖြစ်သည်။ လက်ရှိအခြေအနေတွင်
နိုင်ငံ့စီးပွားရေးအတွက် အဓိကမောင်းနှင်အားဖြစ်သည့် သီလဝါအထူးစီးပွားရေးဇုန်အတွင်းရှိ
ရင်းနှီးမြှုပ်နှံမှုများမှာ အားရဖွယ်ဖြစ်သည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှစတင်၍မြန်မာနိုင်ငံအစိုးရနှင့်ဂျပန်နိုင်ငံ
အစိုးရတို့ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ထူထောင်လာခဲ့သော သီလဝါအထူးစီးပွားရေးဇုန်သည်
ရှစ်နှစ်တာကာလအတွင်း ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၂ ဘီလီယံရှိပြီဖြစ်သည်။
အထူးစီးပွားရေးဇုန်ကို မြန်မာကုမ္ပဏီကိုးခု၊ မြန်မာအစုရှယ်ယာရှင် ၁၇၀၀၀ ကျော်နှင့်
ဂျပန်ကုမ္ပဏီသုံးခုတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအစိုးရမှ ၁၀ ရာခိုင်နှုန်း၊
မြန်မာနိုင်ငံသားကုမ္ပဏီများမှ ၄၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံအစိုးရမှ ၁၀ ရာခိုင်နှုန်း၊
ဂျပန်ကုမ္ပဏီ များမှ ၃၉ ရာခိုင်နှုန်း အသီးသီးအချိုးကျ ထည့်ဝင်ဆောင်ရွက်ထားသော အထူးစီးပွားရေး
ဇုန်ကြီးဖြစ်သည်။
အထူးစီးပွားရေးဇုန်သည် စီးပွားရေးမြို့တော်
ရန်ကုန်မြို့၏အဓိကကျသော ကုန်သွယ်မှု ဆိပ်ကမ်းများနှင့် ရန်ကုန်ပင်လယ်ဝရှိ နိုင်ငံတကာစီးပွားရေဗဟိုချက်
ကျသည့်နေရာတွင် အကောင်အထည်ဖော်ထားခြင်းဖြစ်သည်။ လုပ်ပိုင်ခွင့်ရမြေဧက ၅၀၀၀ ကျော်တွင်
စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိပြီး ရင်းနှီးမြှုပ်နှံမှုများကို အစဉ်မပြတ်
တိုးချဲ့လက်ခံဆောင်ရွက်နိုင်သောနေရာဖြစ်သည်။ သီလဝါအထူးစီးပွားရေးဇုန်တွင် ထုတ်ကုန်
ပစ္စည်းများကို ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံမှုဖြင့် ထုတ်လုပ်လျက်ရှိပြီး စီးပွားရေးအရ
အကျိုးစီးပွားဖြစ်ထွန်းသော ဇုန်အဖြစ် ရပ်တည်လျက်ရှိရာ ပြည်ပရင်းနှီးမြှုပ်နှံမှုများထပ်မံ
ဝင်ရောက်လာရေးအတွက် အသိပေးဖိတ်ခေါ်ဆောင်ရွက်မှုများကို အစဉ်ပြုလုပ် နေရမည်ဖြစ် သည်။
သီလဝါအထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက်
မေလ ၅ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်
ကွင်းဆင်းသွားရောက်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ဖော်ဆောင်ပေးရေး၊ ဇုန်နေရာအလိုက်
သတ်မှတ်ပေးထားသော ကုန်ကြမ်းကုန်ချောပစ္စည်းများ မှန်မှန်ကန်ကန် တင်သွင်းခြင်း၊ တင်ပို့ခြင်း
ရှိ၊ မရှိဆောင်ရွက်ရေး၊ အထူးစီးပွားရေး ဇုန်ဥပဒေ၊ ထုတ်ပြန်ထားသည့် ငွေကြးမူဝါဒတို့နှင့်အညီ
ဆောင်ရွက်ရေး၊ နောင်လာမည့် ရင်းနှီးမြှုပ်နှံသူများ ယုံကြည်မှုရှိစေရေး၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ
ပိုမိုစိတ်ဝင်စားမှုရှိစေရန် ဆောင်ရွက်ရေး၊ စီးပွားရေးဇုန်အတွင်း သုံးစွဲနေသော လျှပ်စစ်
ဓာတ်အားကိုနိုင်ငံခြားငွေဖြင့် ဝယ်ယူသုံးစွဲနေရမှုကို အစားထိုးနိုင်ရေး၊ နိုင်ငံတော်က
ရသင့် ရထိုက်သော အခွန်အခများ မဆုံးရှုံးစေရေးနှင့် ရင်းနှီးမြှုပ်နှံမှု အသစ်များ ထပ်မံဖိတ်ခေါ်
သွားရေးတို့ကို မှာကြားခဲ့သည်။
ရှစ်နှစ်သက်တမ်းရှိလာပြီဖြစ်သည့် သီလဝါအထူးစီးပွားရေးဇုန်တွင်
နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ကုမ္ပဏီပေါင်း ၉၄ခုတို့လာရောက်ရင်းနှီးမြှုပ်နှံခဲ့ကြရာ
၂၀၂၁ ခုနှစ် ကိုဗစ်-၁၉ တတိယလှိုင်း ကာလတွင် ကုမ္ပဏီ ၈၉ ခု ယာယီရပ်ဆိုင်းသွားခဲ့သည်။
ထို့နောက် သီလဝါအထူးစီးပွားရေးဇုန် လုပ်ငန်းအဖွဲ့နှင့် စီမံခန့်ခွဲရေးကော်မတီတို့၏
စည်းရုံးဆောင်ရွက်ခဲ့မှုကြောင့် ကုမ္ပဏီပေါင်း ၈၂ ခု လုပ်ငန်းများ ပြန်လည် လည်ပတ်နေပြီး
ကျန်ရှိသည့် ကုမ္ပဏီများလည်း မကြာမီကာလတွင် လုပ်ငန်းများ ပြန်လည်စတင်တော့မည်ဟုသိရသည်။
လက်ရှိတွင် အလုပ်အကိုင် အခွင့်အလမ်း ၁၃၃၀၀ ကျော်ရှိရာမှ အလုပ်အကိုင် သုံးသိန်းကျော်
ပေါ်ထွက်လာရန်ဆောင်ရွက် နေပြီဖြစ် သည်။
သို့ဖြစ်ရာ သီလဝါအထူးစီးပွားရေးဇုန်သည်
နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ
များစွာရရှိလာမည့် စီမံကိန်းဖြစ်၍ နိုင်ငံတော်က အထူးကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မကြာမီကာလတွင်
စီမံကိန်းလုပ်ငန်းများ ပိုမိုတိုးတက် အောင်မြင်လာမည်ဖြစ်ပါကြောင်း။ ။
ကြေးမုံအယ်ဒီတာ့အာဘော်
No comments:
Post a Comment