Thursday, May 19, 2022

ဘားအံတက္ကသိုလ်တွင် မောင်မယ်သစ်လွင်ကြိုဆို



ဘားအံ မေ ၁၉

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ဘားအံတက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ် သစ်လွင်ကြိုဆိုပွဲကို မေလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဘားအံတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ နှင့် ပါမောက္ခများက စင်မြင့်ထက်တွင်နေရာယူကြပြီး ကျောင်းသား၊ကျောင်းသူများနှင့် မိတ်ဆက် ပေးကာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က ယနေ့မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ တက်ရောက်လာသော ကျောင်း သားကျောင်းသူများသည် တိုင်းပြည်၏ အဓိကအင်အားများဖြစ်ပြီး ကရင်ပြည်နယ်၏ ဂုဏ်ကိုဆောင်မည့် ပညာရှင်လောင်းများဖြစ်ကြောင်း၊ ကျောင်းသား၊ကျောင်းသူများ ပညာရည် မြင့်မားမှသာ နိုင်ငံတိုးတက်မည်ဖြစ်၍ ခေတ်နှင့်အညီ မိမိတို့၏ အရည်အသွေးကို နိုင်ငံတကာ အဆင့်မီအောင် အမြဲကြိုးပမ်းနေရမည်ဖြစ်ကြောင်း၊ တိုင်းပြည်အတွက် ကရင်ပြည်နယ်အတွက် လက်ဆင့်ကမ်းတာဝန်များကို ထမ်းရွက်နိုင်ရန် အမိတက္ကသိုလ်ကြီးတွင် တတ်သင့်တတ်ထိုက်သည့် ပညာများ၊ သိသင့်သိထိုက်သည့် အတတ်ပညာများကို တတ်မြောက်ကျွမ်းကျင်အောင် သင်ယူကြရန် တိုက်တွန်းလိုကြောင်း‌ ပြောကြားသည်။

ထို့နောက် ဘားအံတက္ကသိုလ်ပါမောက္ခချုပ်၊ ဝိဇ္ဇာဘာသာရပ်ပါမောက္ခ(ဌာနမှူး)နှင့် သိပ္ပံဘာသာရပ် ပါမောက္ခ (ဌာနမှူး)တို့ကကြိုဆိုနှုတ်ခွန်းဆက်စကားများပြောကြားပြီး မောင်မယ်သစ်လွင် ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများက အခမ်းအနားသို့တက်ရောက်လာသော ဝိဇ္ဇာသိပ္ပံအထူးပြုဘာသာရပ် ၁၄ ခုမှ ကျောင်း သား၊ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်) 

No comments:

Post a Comment