Thursday, May 19, 2022

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းရှိ လျှပ်စစ်ဓာတ်ခွဲခန်းနှင့် သုတေသနဌာနအား ကြည့်ရှုစစ်ဆေး

 


နေပြည်တော် မေ ၁၉

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းရှိ စက်မှုကြီးကြပ်ရေးနှင့်စစ် ဆေးရေးဦးစီးဌာန လျှပ်စစ်ဓာတ်ခွဲခန်းသို့ ရောက်ရှိပြီး Transformer များ၊ အိမ်သုံးလျှပ်စစ် ပစ္စည်းများ၊ အိမ်သုံးဝါယာကြိုးများ စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်တပ်ဆင်ခြင်း ရှိ/မရှိ နှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးနေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

 




ထို့နောက် ပြည်ထောင်စုဝန်ကြီးက လျှပ်စစ်အန္တရာယ်ကြောင့် ပြည်သူလူထုများ၏ အသက်အိုးအိမ်စည်းစိမ် ပျက်စီးမှုမရှိစေရေးအတွက် စစ်ဆေးရေးလုပ်ငန်းများနှင့် ဓာတ်ခွဲစမ်းသပ်သည့်လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန်၊ လျှပ်စစ်ကြောင့် ဓာတ်လိုက်မှုဖြစ်စဉ်များ လျော့နည်းသွားစေရေးအတွက် အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန်၊ လျှပ်စစ်ဓာတ်ခွဲခန်းအတွက် လိုအပ်သော အထောက်အကူပြုပစ္စည်းများ ထပ်မံဖြည့်တင်းနိုင်ရေး စီမံဆောင်ရွက်ရန်၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ ကျွမ်းကျင်တတ်မြောက်ထားသည့် ပညာရပ်များကိုအသုံးပြု၍ ပြည်သူလူထုကို အလုပ်အကျွေးပြုရန်၊ ဓာတ်ခွဲခန်းတွင် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအမံများ ချမှတ်ဆောင်ရွက်ရန်၊ ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် စမ်းသပ်စစ်ဆေးမှု နည်းပညာများရရှိရေးအတွက် စဉ်ဆက်မပြတ် လေ့လာသင်ယူရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် သုတေသနဌာနဝင်းအတွင်း တည်ဆောက်လျက်ရှိသည့် အမျိုးသားအဆင့် မူလဓာတ်ခွဲခန်းတည်ဆောက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဓာတ်ခွဲခန်းအတွင်း ထားရှိအသုံးပြုမည့် စက်ပစ္စည်းများ ရောက်ရှိလာပါက စနစ်တကျတပ်ဆင်ရန်၊ ဓာတ်ခွဲခန်း၏ လုပ်ငန်းတာဝန်များ အမြန်ဆုံးဆောင်ရွက်နိုင်ရေးအတွက် ဓာတ်ခွဲခန်းသုံး စက်ပစ္စည်းများ အချိန်မီရောက်ရှိနိုင်ရေး ညှိနှိုင်းဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သုတေသနဌာန အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ သုတေသနပညာရှင်များ၏ လုပ်ငန်းဆိုင်ရာကျွမ်းကျင်မှုများကို သတ်မှတ်ရေးဆွဲထားရန်၊ သုတေသနလုပ်ငန်း၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များကို ပြီးမြောက်အောင် အကောင်အထည်ဖော်နိုင်ရန်အတွက် သုတေသနပညာရှင်များ၏ လုပ်ငန်း ဆိုင်ရာ ကျွမ်းကျင်မှုပြုစုရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စီမံချက်များ ရေးဆွဲဆောင်ရွက်ရန်၊ ပြည်သူလူထုအတွက် လိုအပ်သော ဆေးဝါးအမယ်သစ်များ ထုတ်လုပ်နိုင်ရေးအတွက် ယခုထက်ပိုမိုကြိုးစားဆောင်ရွက်ရန်၊ ဝန်ထမ်းများ၏ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုများ တိုးတက်မြင့်မားစေရေးအတွက် လေ့ကျင့်သင်ကြားပေးရန် မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အမြန်လမ်းမကြီးပေါ်ရှိ ကျောက်တံခါးမြို့နယ်၊ အိုင်တုံကွင်းရှိ သုတေသနကြံစိုက်ကွင်းသို့ ရောက်ရှိပြီး သကြားစက်ရုံများအနေဖြင့် လုံလောက်သော ကြံစိုက်ခင်းများရှိရန်လိုအပ်၍ ရှိသည့်စိုက်ကွင်းများ အောင်မြင်အောင် ဆောင်ရွက်ရန်၊ စိုက်ပျိုးမြေများကို ဓာတ်ခွဲစမ်းသပ်၍ သင့်လျော်သည့် ကြံမျိုးစိတ်များ စိုက်ပျိုးသွားရန်၊ အထွက်နှုန်းကောင်းသည့် ကြံမျိုးစိတ်များရရှိရေးအတွက် သုတေသနလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment