Thursday, May 19, 2022

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဂုန်မင်းကျေးရွာ တောင်သူများနှင့်တွေ့ဆုံ


ကျောင်းကုန်း မေ ၁

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဂုန်မင်းအုပ်စုတောင်သူများနှင့် တွေ့ဆုံပွဲကို ဂုန်မင်းကျေးရွာ သာသနာ့ဇောတိက ကျောင်းတိုက်ဓမ္မာရုံ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဂုန်မင်းကျေးရွာ သာသနာ့ဇောတိက ကျောင်းတိုက်ပဓာနနာယက ဆရာတော်ထံ မြတ်သင်္ကန်းနှင့် နဝကမ္မအလှူငွေ ဆက်ကပ်လှူဒါန်းခဲ့ပြီး၊ ဓမ္မာရုံအတွင်း၌ တောင်သူများနှင့် တွေ့ဆုံကာ တစ်မိုးတစ်သီး စိုက်ပျိုးနေရာကနေ စပါး၊ ပဲ၊ စပါး (၃)သီးစိုက်ပျိုးသင့်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် မိုးစပါးဧက (၃၇)သိန်းနှင့် နွေစပါးဧက (၁၄)သိန်း စိုက်ပျိုးထားကြောင်း၊ စက်သုံးဆီစရိတ် ဈေးကြီးနေတာ သက်သာစေဖို့အတွက် ဆိုလာစနစ် တပ်ဆင်ကြဖို့လိုကြောင်း၊ စားသုံးဆီဖူလုံဖို့အတွက် နေကြာစိုက်ပျိုးကြဖို့လိုကြောင်း၊ ဓာတ်မြေဩဇာအစား E M ဘိုကာရှီ ဆိုတဲ့သဘာဝမြေဩဇာကို သုံးစွဲကြရန်လိုကြောင်း၊ ပိုက်ဆံလျှော် ကြဲပက်၍ စိုက်ပျိုးသင့်ကြောင်း၊ မြေဆီလွှာအားကောင်းမှ မြေဆီလွှာဂုဏ်သတ္တိ တိုးလာမယ်၊ ဒါမှ အထွက်နှူန်းတိုးလာမှာဖြစ်ကြောင်း အားပေးစကား ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး လယ်ယာမြေစာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမြင့်၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိန်မောင်မြင့်၊ တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကြည်ထွန်း၊ တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာမိုးမိုးခိုင်တို့က မိမိတို့ဌာန လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြသည်။ ကျောင်းကုန်းမြို့နယ်အနေဖြင့် ရပ်ကွက်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၆၅)အုပ်စု၊ ရပ်ကွက်ကျေးရွာအုပ်စုပေါင်း (၇၀)ရှိပြီး၊ တက်ရောက်လာသော ဂုန်မင်းကျေးရွာမှ တောင်သူ ဦးဟန်မြင့်၊ လှည်းဆိပ်ကျေးရွာမှ တောင်သူ ဦးဌေးပိုင်တို့က ဒေသအခက်အခဲများကို တင်ပြကြရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ဂုန်မင်းအခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကာ ကျောင်းသုံးဗလာစာအုပ်များ၊ ခဲတံများနှင့် ကျန်းမာရေးသုံးပစ္စည်း နှာခေါင်းစည်းတို့ကို ကျောင်းအုပ်ဆရာကြီး ဦးကျော်စိုးထံ ပေးအပ်ခဲ့ပြီး၊ အန္တရာယ်ရှိ စာသင်ကျောင်းဆောင်အား သွားရောက်ကြည့်ရှုကာ အကြီးစား ပြန်လည်ပြင်ဆင်ဖို့လိုတယ်ဟု မှတ်ချက်ပြုသွားခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)

No comments:

Post a Comment