Thursday, May 19, 2022

ပညာရေးဝန်ကြီးဌာန၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကာယပညာနှင့်အားကစားနည်းပြ မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် က်ရောက်

 





နေပြည်တော် မေ ၁၉

ပညာရေးဝန်ကြီးဌာန၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကာယပညာနှင့် အားကစားနည်းပြ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း (B) ရုံ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်း/ခရိုင်နှင့် မြို့နယ် ပညာရေးမှူးရုံးများမှ ဆရာကြီး/ဆရာမကြီးများ၊ သင်တန်းနည်းပြ များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ‌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် ကိုယ်ကာယကြံ့ခိုင်သန်စွမ်းရုံသာမကဘဲ အသိပညာရှင်၊ အတတ်ပညာရှင်၊ ဆန်းသစ်တီထွင်သူပညာရှင်၊ နိုင်ငံကသာမက ကမ္ဘာကပါ အားကိုးရသော ပညာရှင်များ ဖြစ်အောင် ကြိုးစားချင်စိတ်၊ အားထုတ်လိုစိတ်၊ ပညာသင်ချင်စိတ်များ ပေါ်လာအောင် တက်ကြွလန်းဆန်းတဲ့ တပည့်များဖြစ်အောင် မွေးထုတ်ပေးရမှာက ဆရာ၊ ဆရာမတွေရဲ့ တာဝန်ပဲဖြစ်ပါကြောင်း၊ ကမ္ဘာ့အဆင့်မီပညာရေး နိုင်ငံတကာအဆင့်မီပညာရေးကို တတ်မြောက်တဲ့ လူငယ်မောင်မယ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးဖို့ လိုအပ်ပါကြောင်း၊ အဲ့ဒါမှ အနန္တဂိုဏ်းဝင်ဆရာ၊ ဆရာမရယ်လို့ ခေါ်ဆိုထိုက်မည်ဖြစ်ကြောင်း၊ ယခုသင်တန်း တွင်လည်း အားကစားနည်း (၇) မျိုးကို ပို့ချပေးသွားမည်ဖြစ်ပါကြောင်း၊ ကာယဆိုသည်မှာ ခေါင်း၊ ခါး၊ ခြေ၊ လက် အစရှိသော ကိုယ်ခန္ဓာအစိတ်အပိုင်းလှုပ်ရှားခြင်း၊ လေ့ကျင့်ခြင်း၊ ကစားခြင်းဖြင့် မိမိကိုယ်ကာယ ဖွံ့ဖြိုးအောင် သင်ကြားပေးတဲ့ ပညာရပ် ဖြစ်ပါကြောင်း၊ ထို့အတူ ကာယပညာသည် ကိုယ်ကာယလှုပ်ရှားမှုများ ပြုလုပ်ခြင်းဖြင့် ကိုယ်ခန္ဓာ ကြံ့ခိုင်စေပြီး၊ နည်းဥပဒေကို အရင်းတည်ပြီး စာရိတ္တတိုးတက်မှုကို ဖြစ်ပေါ်စေသော ဘာသာရပ်ဖြစ်ပါကြောင်း၊ စာရိတ္တကောင်းမွန်၍ ပေါင်းသင်းဆက်ဆံမှု ကောင်းမွန်သည့် ကြံ့ခိုင်ပျော်ရွှင်သော လုပ်သား ပြည်သူများ ပေါ်ထွက်လာရေးသည် ကာယပညာရပ်၏ ရည်မှန်းချက် ဖြစ်ပါကြောင်း၊ အခြေခံ ပညာကျောင်းများတွင် ကာယပညာကို သင်ကြားပေးခြင်းဖြင့် ကာယပညာနှင့် အားကစားမှ တဆင့် အနာဂတ်မြန်မာနိုင်ငံအတွက် ထူးချွန် ထက်မြက်သော မျိုးဆက်သစ်လူငယ် အားကစား သမားများ ပေါ်ထွက်လာမှာ ဖြစ်ပါကြောင်း၊ ထို့ကြောင့် အခြေခံပညာကျောင်းများတွင် ကာယပညာကို သင်ကြားပေး စေခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် နေပြည်တော်တိုင်းပညာရေးမှူး ဦးအောင်ဆွေဦးက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွည်ချက်များနှင့် သင်တန်းစည်းမျဉ်း/စည်းကမ်းများအား ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ဇမ္ဗူသီရိမြို့နယ် အထက(ခွဲ)၊ အလက(၃) မှ ကျောင်းသူ လေးများက Physical Fitness Dance ဖြင့် ကပြဖျော်ဖြေရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ ကာယပညာနှင့် အားကစားနည်းပြမွမ်းမံသင်တန်းကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကာယဆရာ၊ ဆရာမ(၃၅) ဦးအား သင်တန်းနည်းပြဆရာ (၇) ဦးက မေ (၁၉) ရက်နေ့မှစတင်ကာ မေ (၂၁) ရက်နေ့အထိ (၃) ရက်ကြာ သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment