ဘားအံ မေ ၁၀
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း(ဘားအံ)တွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၄) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင်
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနသည် နယ်စပ်ဒေသရှိ
တိုင်းရင်းသားလူမျိုးများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး အလုပ်အကိုင် အခွင့်အလမ်းများ
ဖော်ဆောင်ပေးနိုင်ရေး အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာရပ်သင်တန်းများကို စဉ်ဆက်မပြတ်
ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ယနေ့ဖွင့်လှစ်သည့်သင်တန်းသည် အခြေခံအိမ်တွင်းမှုသင်တန်းမှသင်ခန်းစာများနှင့်
အဆင့်မြင့် စက်ချုပ်သင်တန်းမှ သင်ခန်းစာများကို ပေါင်းစည်း၍ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအနေဖြင့်
ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ သင်ထောက်ကူပစ္စည်းများ၊ သင်တန်းသုံးပစ္စည်းများ၊
ခရီးစရိတ်(အသွား/အပြန်)တို့ကို အခမဲ့ထောက်ပံ့ပေးပြီး အဆောင်နေခွင့်ပေးကာ စားသောက်ရေးအတွက်ပါစီစဉ်ပေးထားကြောင်း၊
အသက်မွေးဝမ်း ကျောင်းပညာရပ်များအပြင် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့်ချိတ်ဆက်၍
အသိပညာ၊ အတတ် ပညာ၊ ဗဟုသုတများ တိုးပွားလာစေရန် လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊
သင်တန်းသူများအနေဖြင့် အသက်မွေးဝမ်းကျောင်းပညာရပ်များကို မြတ်နိုးတန်ဖိုးထားပြီး ရရှိသည့်အခွင့်အရေးကို
အပြည့်အဝအသုံးချကာ မိမိဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုသင်တန်းတွင်ပို့ချသည့် သင်ခန်းစာ
များကို ကြိုးစားသင်ယူကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် သင်တန်းကျောင်း
ကျောင်းအုပ်ဆရာမကြီးက သင်တန်းဆိုင်ရာကိစ္စရပ်များအား ရှင်းလင်း တင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က
ဆီ၊ အာလူး၊ ကြက်သွန်၊ ကုလားပဲ အစရှိသည့် စားသောက်ကုန် ပစ္စည်းများထောက်ပံ့ပေးအပ်ကာ
သင်ထောက်ကူပစ္စည်းများ၊ စက်ချုပ်သင်တန်းခန်းမနှင့် အဆင့်မြင့် မော်တာသင်တန်းဆောင်တို့ကို
ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ယနေ့ဖွင့်လှစ်သည့်သင်တန်းတွင်
လှိုင်းဘွဲ၊ ဘားအံ၊ ဖာပွန်၊ ကမမောင်း၊ သံတောင်၊ ကြာအင်းဆိပ်ကြီး မြို့နယ် များမှ သင်တန်းသူ
၃၅ ဦးတက်ရောက်ကြပြီး မေလ ၉ ရက်နေ့မှ အောက်တိုဘာလ ၇ ရက်နေ့ထိ ရက်သတ္တပတ် ၂၂ ပတ် ၅ လခွဲကြာ
သင်ကြားဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)



No comments:
Post a Comment