Tuesday, May 10, 2022

လှိုင်းဘွဲ-ကမ်းနီ(ရွှေဂွန်း)လမ်းဖွင့်လှစ်

 


ဘားအံ မေ ၁၀

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ (၆)လ မီနီဘတ်ဂျက်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့်ဆောင်ရွက်သော လှိုင်းဘွဲ-ကမ်းနီ(ရွှေဂွန်း)လမ်းဖွင့်ပွဲကို ယမန် နေ့နံနက် ၁၀ နာရီခန့်က အဆိုပါလမ်းမုခ်ဦး၌ ကျင်းပသည်။

ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက လမ်းဖွင့်ပွဲသို့တက်ရောက်လာသော ဒေသခံ တိုင်းရင်းသားပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ ဖွင့်လှစ်သောလမ်းသည် လှိုင်းဘွဲမြို့မှ ကွမ်တာကုန်း၊ ကွမ်တာ၊ ကပ္ပလီ၊ သာယာကုန်း ကျေးရွာများကို ဖြတ်သန်း၍ ကမ်းနီမှတစ်ဆင့် မြိုင်ကြီးငူအထူးဒေသ-မဲသဝေါနယ်စပ်သို့လည်းကောင်း၊ သံလွင်မြစ် တစ်ဖက်ကမ်း ကမမောင်း-ဖာပွန်မြို့များသို့လည်းကောင်း သွားလာနိုင်ပြီး လှိုင်းဘွဲမှကမ်းနီထိ ၁၉ ဒသမ ၃ ကီလိုမီတာ၊ မိုင်အားဖြင့် ၁၂ မိုင်ခန့်အရှည်ရှိသည့် လမ်းတစ်လမ်းဖြစ်ကြောင်း၊ ယခင်က ကိုယ်ထူကိုယ်ထမြေသားလမ်းအဖြစ်တည်ရှိခဲ့ရာမှ လမ်းခရီးအဆင်ပြေချောမွေ့စေရေးအတွက် အဆင့် မြှင့်တင်ဆောင်ရွက်ခဲ့ရာတွင် ၂၀၂၁-၂၀၂၂ (၆လ)ဘဏ္ဍာနှစ်အထိ ၁၈ ပေအကျယ်ကတ္တရာလမ်း ၆ ဒသမ ၈ ကီလိုမီတာ၊ ၁၂ ပေအကျယ်ကတ္တရာလမ်း ၁၂ ဒသမ ၅ ကီလိုမီတာ ဆောင်ရွက်ထားခဲ့ပြီး ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ၁၀၅၄ ဒသမ ၅၄၆ သန်းဖြင့် ၁၂ ပေအကျယ်မှ ၁၈ ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်း ၃ ဒသမ ၆၉ ကီလိုမီတာ၊ လမ်းတာဘောင်ချဲ့ ရေမြောင်းတူးခြင်း ၄ ဒသမ ၄ ကီလိုမီတာနှင့် ၁၀ ပေတံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လမ်းတံတားများ တိုးချဲ့ပြုပြင်အဆင့်မြှင့်တင်နိုင်လာ သည်နှင့်အမျှ ပြည်နယ်အတွင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများသည် အစစအရာရာ မြင့်မားတိုးတက်လာမည်ဖြစ်သည့်အပြင် ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်လာခြင်းကြောင့် ဒေသခံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝများ ပိုမိုတိုး တက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်ညိုက လမ်းဆိုင်ရာအချက်အလက်များ အားရှင်းလင်းတင်ပြကာ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး ညွှန်ကြားရေးမှူးက လမ်းဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင်များအား လက်ရောက်ပေးအပ်သည်။

ယင်းနောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ အခြေချစစ်ဗျူဟာ(လှိုင်းဘွဲ)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စံထူးကျော်၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် အမှတ်(၂)တပ်နယ်မှူးဗိုလ်မှူးကြီးစောကြာအင်းတို့က လှိုင်းဘွဲ-ကမ်းနီ(ရွှေဂွန်း)လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေး ကြကာ လမ်းဖွင့်ပွဲတွင် လာရောက်ဖျော်ဖြေကြသည့် ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ယနေ့ဖွင့်လှစ်သည့်လမ်းသည် လှိုင်းဘွဲမြို့မှ ကမ်းနီ(ရွှေဂွန်း)ကျေးရွာသို့လည်းကောင်း၊ မြိုင်ကြီးငူ အထူးဒေသသို့လည်းကောင်း သွားလာရာတွင် ယခင်ကထက် ၃၀ ကီလိုမီတာကျော်ခန့် ပိုမိုတိုတောင်းစေပြီး အဓိကဖြတ်လမ်းတစ်ခုအနေဖြင့် အဆင်ပြေချောမွေ့စွာ သွားလာနိုင်ပြီဖြစ်သည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments:

Post a Comment