နေပြည်တော် မေ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်၊ အိမ်ယာကြီးကျေးရွာ၌ မဟာဓာတ်အားလိုင်း ပြင်ပအမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သည့်ဆိုလာအသေးစား ဓါတ်အားပေးစနစ်မီးလင်းရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက
ကျေးလက်ဒေသမီးရရှိရေးအနေဖြင့် လက်ရှိတွင် မဟာဓာတ်အားလိုင်းပြင်ပဧရိယာ၏ ၃၅ ဒသမ ၂ ရာခိုင်နှုန်း
လွှမ်းခြုံပေးနိုင်ခဲ့ပါကြောင်း၊ အိမ်ယာကြီးကျေးရွာတွင်ဆောင်ရွက်သည့် ဆိုလာ ၁၁၅ ကီလိုဝပ်နှင့်
၁၁၀ ကီလိုဝပ် အရံဒီဇယ် အင်ဂျင်စနစ်ပါဝင်သော ဆိုလာ-ဒီဇယ် ပေါင်းစပ်စနစ် အမျိုးအစားကို
ZLT Super Electrical ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့ပြီး နိုင်ငံတော်ဘတ်ဂျက်မှ ၆၀ ရာခိုင်နှုန်း
ကျေးရွာနေ ပြည်သူများမှ ၂၀ ရာခိုင်နှုန်းနှင့် လုပ်ငန်းဆောင်ရွက်သည့်ကုမ္ပဏီမှ ၂၀ ရာခိုင်နှုန်း
ထည့်ဝင်ဆောင်ရွက်ခဲ့ပါကြောင်း၊ စီမံကိန်းမှ ကျေးရွာရှိအိမ်ထောင်စုပေါင်း ၂၉၀ ကျော်
အကျိုးခံစားခွင့်ရရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း ကျေးလက်နေပြည်သူများ၏
လူနေမှုအဆင့် အတန်းမြင့်မားရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးလက်မီးလင်းရေးလုပ်ငန်းများအပါအဝင် သမဝါယမကဏ္ဍဖွံ့ဖြိုးရေး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဖွံ့ဖြိုးရေး၊
ကျေးလက်ဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို သက်ဆိုင်သူအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ပြောကြားသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်
ဦးတင်မောင်ဝင်းက ဧရာဝတီတိုင်းဒေသကြီးအတွင်း မဟာဓာတ်အားလိုင်းမရောက်နိုင်သော ကျေးရွာများ၏
Solar Mini Grid မီးလင်းရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ ယနေ့အထိ စီမံကိန်း (၂၈)ခုအနက်
အိမ်ယာကြီးကျေးရွာအပါအဝင် စီမံကိန်းလုပ်ငန်း (၁၉)ခု ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊
ယခုလက်ရှိ Solar Mini Grid မီးလင်းရေးနှင့် ဆောင်ရွက်ဆဲလုပ်ငန်း (၉)ခုရှိပြီးအဆိုပါ
စီမံကိန်းများမှ ကျေးရွာပေါင်း (၁၇)ရွာအိမ်ခြေ(၂၄၀၀)ကျော်ရှိ ပြည်သူများအနေဖြင့် မကြာမီကာလအတွင်း
လျှပ်စစ်မီးရရှိသုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ်ဦးသိန်းလွင်က ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဆိုလာအသေးစားဓာတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကို
ပြည်ထောင်စုဝန်ကြီးဦးလှမိုး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး
လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးတင်ဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊
ZLT Super Electrical ကုမ္ပဏီမှ တာဝန်ရှိသူတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက် မီးလင်းရေးစက်ရုံ ကမ္ပည်းမော်ကွန်းကို
ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့က စက်ခလုပ်နှိပ်ဖွင့်လှစ်ကာ
အမွှေးနံ့သာရေများ ပက်ဖျန်းပေးပြီး ဆိုလာအသေးစားဓါတ်အားပေးစက်ရုံနှင့် ကျေးရွာတွင်း
လျှပ်စစ်ဓာတ်အား သွယ်တန်းထားမှုကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် မအူပင်မြို့ မြို့နယ်သမဝါယမဦးစီးဌာနရုံး၌
သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန(၃)ခုရှိ
ခရိုင်နှင့်မြို့နယ် ဝန်ထမ်းများနှင့်ဆွေ့ဆုံကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
ပုသိမ်မြို့ရှိ သမဝါယမသင်တန်းကျောင်းသို့ ရောက်ရှိပြီး သင်တန်းကျောင်းကိုလှည့်လည်ကြည့်ရှုကာ
လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
ကန်ကြီးထောင့်မြို့နယ် ပြည်စုံစိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်သို့
Daedong လယ်ယာသုံးစက်ကိရိယာနှင့် စိုက်ပျိုးရေးသွင်းအားစု အရင်းမပျောက်မတည်ငွေပေးအပ်ပွဲ
အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားပြီး ငွေကျပ် ၁၇၀ ဒသမ ၉၇၃ သိန်းတန်ဖိုးရှိ
DaedongDS-4510 ထွန်စက်တစ်စီး၊ စိုက်ပျိုးရေးသွင်းအားစု အရင်းမပျောက်မတည်ငွေကျပ်
(၃၆)သိန်းတို့ကို ကန်ကြီးထောင့်မြို့နယ် ပြည်စုံစိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်း
သမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌထံ သို့လည်းကောင်း ပေးအပ်သည်။
ယင်းနောက် ကန်ကြီးထောင့်မြို့နယ် အနောက်စုကျေးရွာ
အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှတစ်နေ့လျှင်
ဂါလန် ၂၀၀ သန့်စင်ပေးနိုင်သော ရေသန့်စက်တပ်ဆင်ပြီးစီးမှုကိုလည်းကောင်း၊ အနောင်စုကျေးရွာ
Daedong ထွန်စက်ဖြင့် ထွန်ယက်နေမှုသရုပ်ပြပွဲကိုလည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ
ကြီးမှူး ဖွင့်လှစ်လျက်ရှိသည့် လူသုံးကုန်လက်မှုထည်များဖြစ်သည့် ပလတ်စတစ်ခြင်းအမျိုးမျိုးနှင့်
လက်ကိုင်အိတ်အမျိုးမျိုး ပြုလုပ်နည်းသင်တန်းမှ သင်တန်းသားသင်တန်းသူများ၏ထုတ်ကုန်များကိုလည်းကောင်း
ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment