ယခုကာလသည် ရာသီဥတုထူးခြားဖြစ်စဉ်များ ဖြစ်ပေါ်ခြင်းနှင့် ၎င်း၏အကျိုးဆက်ဖြစ်သော သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သည့် အချိန်ကာလဖြစ်ရာ မိုးလေဝသနှင့်ဇလဗေဒဌာနမှထုတ်ပြန်ပေးလျက်ရှိသည့် မိုးလေဝသကြေညာချက်များနှင့် သတိပေးချက်များကို အထူးဂရုပြုကြရမည့် အချိန်အခါဖြစ်သည်။
မေလ ၁၉ ရက်မှ ၂၃ ရက်အတွင်း ကပ္ပလီပင်လယ်ပြင်၊
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့်အရှေ့အလယ်ပိုင်းတို့ တွင် မုတ်သုံလေအားကောင်းရာမှ
အားအလွန်ကောင်းလာနိုင်ခြင်း ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊
ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့်သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း။
ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးများနှင့် ရခိုင်၊ ကရင်၊ မွန်ပြည်နယ်တို့
တွင် ၂၄ နာရီအတွင်း မိုးရေချိန် ၃ လက်မ (၇၇ မီလီမီတာ)နှင့်အထက် ရွာသွန်းနိုင်ကြောင်း၊
မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ၊ ရခိုင်ကမ်းရိုးတန်းများနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်
မိုးသက်လေပြင်းကျပြီး လှိုင်းကြီးနိုင်ကြောင်းနှင့် သဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်းတို့ကို
မိုး/ဇလက မေ ၁၈ ရက်တွင် မီဒီယာများမှတစ်ဆင့် ထုတ်ပြန်ပေးခဲ့ရာ မြန်မာနိုင်ငံဒေသအချို့တွင်
မိုးသက်လေပြင်းကျ၍လှိုင်းကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းစသည့် သဘာဝဘေးအန္တရာယ်များ
ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။
မိုးကြိုမိုးနှောင်းကာလများသည် ရာသီအပြောင်းအလဲများနှင့်
အတူ မိုးလေဝသဖြစ်စဉ်များ ထူးထူးခြားခြား ဖြစ်ပေါ်လေ့ရှိသည့်ကာလများ ဖြစ်သည့်အလျောက်ပင်လယ်ပြင်နှင့်
မြစ်ချောင်းများတွင် ရေယာဉ်များဖြင့်သွားလာရာတွင်လည်းကောင်း၊ကမ်းနီး ကမ်းဝေးငါးဖမ်း
လုပ်ကိုင်ရာတွင်လည်းကောင်း မီဒီယာအမျိုးမျိုးမှတစ်ဆင့် အသိပေးထုတ်ပြန်ကြေညာလျက်ရှိသည့် မိုးလေဝသသတင်းအချက်အလက်များကို ဂရုတစိုက်ရယူကြရန်လိုအပ်သည်။ မိမိတို့ နေထိုင်သည့်
နေရာများ၏အနေအထားကိုလိုက်၍ မြေပြိုမည့်အန္တရာယ်၊ ရုတ်တရက်ရေကြီးမည့် အန္တရာယ်များကြုံတွေ့လာနိုင်သည်ကို
ကြိုတင်သတိပြုကာအချိန်မီ တိမ်းရှောင်နိုင်ရန် ပြင်ဆင်မှုများပြုလုပ်ထားကြရမည်ဖြစ်သည်။
မိမိတို့နိုင်ငံသည် ပထဝီအနေအထားနှင့်
မြေမျက်နှာသွင်ပြင်တို့အရ သဘာဝဘေးအန္တရာယ်ဖြစ် နိုင်ခြေအများဆုံးသောနိုင်ငံများထဲတွင်
ပါဝင်သည်။ သဘာဝဘေးအန္တရာယ်ဟူသည် တားဆီး၍ ရနိုင်သောအရာမဟုတ်သကဲ့သို့ ရှောင်လွှဲ၍ရနိုင်သော
အရာလည်းမဟုတ်၊ ကြိုတင်ပြင်ဆင်မှုဖြင့် ရင်ဆိုင်ရမည့်အရာသာဖြစ်သည်။ သဘာဝဘေးအန္တရာယ်များကိုရင်ဆိုင်ရာတွင်
ကြိုတင် ပြင်ဆင်မှုကောင်းမွန်သည်နှင့်အမျှ ထိခိုက်ဆုံးရှုံးမှု အသက်သာဆုံး၊ အနည်းဆုံးသော
ရလဒ်ကို ရရှိနိုင်မည်ဖြစ်ရာ သဘာဝဘေးအန္တရာယ်လျော့ပါးရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူဌာန
အဖွဲ့အစည်းများက စီမံခန့်ခွဲဆောင်ရွက်နေသကဲ့သို့ပင် ပြည်သူများအနေဖြင့်လည်း မိမိတို့
အပေါ်ဘေးအန္တရာယ်များ ကျရောက် မလာစေရန် အလေးဂရုပြုဆောင်ရွက်ကြရမည်ဖြစ်သည်။
သဘာဝဘေးအန္တရာယ်ကြိုတင်ခန့်မှန်းသတိပေးမှုများကို
သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ အင်တာနက်ဝက်ဘ်ဆိုက်၊ လူမှုကွန်ရက်များ စသည့်မီဒီယာများမှ
ထပ်ဆင့်အချိန်အလိုက် ထုတ်ပြန်ပေးလျက်ရှိရာ ထုတ်ပြန်ကြေညာချက်၊ သတိပေးချက်များကို အထူးသတိပြုမှတ်သား
ဆောင်ရွက်ခြင်းဖြင့် သဘာဝဘေးအန္တရာယ်အပေါင်းမှ ကြိုတင်ပြင်ဆင်ရှောင်ရှားနိုင်ကြပါစေကြောင်း။ ။
မြန်မာ့အလင်း အယ်ဒီတာ့အာဘော်
No comments:
Post a Comment