Thursday, May 19, 2022

အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်း ၂၀၂၆-၂၀၂၇ ခုနှစ်တွင် စတင်ဓာတ်အားထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိ

 



နေပြည်တော် မေ ၁၈

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၏ အရှေ့မြောက်ဘက် မိုင် ၂၀ ခန့်အကွာ ပေါင်းလောင်းမြစ်ပေါ်တွင် အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည့် အလယ်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းနှင့် နန်ချိုရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာပြည်ထောင်စုဝန်ကြီးသည် စီမံကိန်းရှင်းလင်းဆောင်၌ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အား ရရှိမှုသည် အဓိကကျသည့်အတွက် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ၏ သဘာဝအရင်းအမြစ်များ ရရှိမှု အပေါ် အ​ခြေခံ၍ စီးပွားရေးအရတွက်ခြေကိုက်ပြီး သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်စေမည့် ရေအားလျှပ်စစ်မှ လျှပ်စစ်ဓာတ်အားထုတ်ယူနိုင်မည့် စီမံကိန်းအသစ်များကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ သို့မှသာ နိုင်ငံတော်၏ နှစ်စဉ်တိုးတက် သုံးစွဲလာသည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို အချိန်မီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကာကွယ်နိုင်ရန်အတွက် စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုစစ်ဆေး ဆောင်ရွက်သွားကြရန်နှင့် စီမံကိန်းပြီးမြောက်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို မောင်းနှင်ပေးရန်အတွက် ဝန်ထမ်းများ အိမ်ရာ ဆောက်လုပ်ရာတွင်လည်း စက်ရုံနှင့်အနီးစပ်ဆုံးနေရာများတွင် ဆောက်လုပ်ပြီး ရာသီသီးနှံများ စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် စီမံကိန်း ဧရိယာအတွင်း စက်ယန္တရားကြီး များဖြင့် ပင်မတမံမြေကြီးကျောက် သားတူးဖော်လုပ်ငန်း ဆောင်ရွက် နေမှု၊ ရေလွှဲစနစ်လုပ်ငန်း ဆောင် ရွက်နေမှု၊ ဓာတ်အားပေး စက်ရုံတည်ဆောက်ရန် မြေကြီး/ ကျောက်သားတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် တံတားတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို မှာကြား သည်။

အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းသည် စက်တပ်ဆင်အင်အား ၇၆ မဂ္ဂါဝပ်ရှိ စက်နှစ်လုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား ၁၅၂ မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်ရုံ တပ်ဆင် တည်ဆောက်ကာ နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ သန်းပေါင်း ၅၃၀ ဒသမ ၄ သန်း ထုတ်လုပ်ပြီး နိုင်ငံတော်ဓာတ်အား စနစ်နှင့်ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူး ပေးနိုင်ရေး ရည်ရွယ်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ၂၀၂၆-၂၀၂၇ ခုနှစ်တွင် စတင်ဓာတ်အားထုတ်လုပ် နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် လျှပ်စစ်ဓာတ်အားထုတ်လုပ် ရေးလုပ်ငန်း၊ နန်ချိုရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိပြီး ရေထိန်းတမံအတွင်း ရေသိုလှောင်ထားရှိမှုနှင့် ရေယူအဆောက်အအုံတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။

 သတင်းစဉ်

No comments:

Post a Comment