Thursday, May 19, 2022

အမွန်မြတ်ဆုံးအလုပ်ကို ဂုဏ်ယူတန်ဖိုးထားလေးစား

 



မကြာမီကာလတွင် နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများအားလုံး ဖွင့်လှစ်တော့မည်ဖြစ်သည်။ ယခုစာသင်နှစ်တွင် ကျောင်းသားကျောင်းသူလေးများ စုံစုံညီညီဖြင့် ပညာနို့ချိုသောက်သုံးကြတော့မည်ဖြစ်သည်။ ပျော်ရွှင်စွာတက်ရောက် ခဲ့ကြသည့် ကျောင်းတော်ကြီးတွင် မိမိတို့၏ ဆရာ ဆရာမများနှင့် ပြန်လည်ဆုံစည်းပြီး ပညာသင်ကြားကြရတော့မည်ဟု မျှော်မှန်းထားသည်။

သို့သော် မိမိတို့၏ ဆရာ ဆရာမများကို မမြင်မတွေ့ရသောအခါ စိတ်မကောင်း ဝမ်းနည်းညှိုးငယ်အားလျော့ဖြစ်ကြပေလိမ့်မည်။ မိမိတို့၏ ဆရာ ဆရာမအချို့ မတွေ့ကြရသည့် အကြောင်းရင်းမှာ နိုင်ငံရေးအပြောင်းအလဲတွင် မွန်မြတ်သော ဆရာအလုပ်ကိုပစ်ပယ်၍ နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သောကြောင့် လည်းကောင်း၊ ဆရာကျင့်ဝတ်ကို ဖောက်ဖျက်မိသောကြောင့်လည်းကောင်း ကျောင်းပရိဝုဏ်နှင့်ကင်းကွာနေခြင်း ဖြစ်နိုင်သည်။

ထို့ကြောင့် တာဝန်မှကင်းကွာနေသော အခြေခံပညာရေးဝန်ထမ်းများအနက် တာဝန်ထမ်းဆောင်ရန် အကြောင်းအမျိုးမျိုးကြောင့် ခွင့်မဲ့ပျက်ကွက်နေသော ဝန်ထမ်းများ၊ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးဆဲ ဝန်ထမ်းများနှင့် အယူခံတင်သွင်းသည့် ဝန်ထမ်းများအား တာဝန်ပျက်ကွက်ခဲ့သည့်ကာလများကို လစာမဲ့ခွင့်အဖြစ် သတ်မှတ်၍ ကြီးလေးသော ရာဇဝတ်မှုကျူးလွန်ထားသူများမှအပ တာဝန်ပြန်လည် ထမ်းဆောင်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က မေလ ၁၆ ရက်နေ့တွင် အသိပေးကြေညာ ချက်ထုတ်ပြန်၍ အကြောင်းကြားထားသည်။

တာဝန်မှကင်းကွာနေသော ဆရာဆရာမများအနေဖြင့် အကြမ်းဖက်အဖွဲ့ တစ်ခုခုက ခြိမ်းခြောက်အကျပ်ကိုင်ခံရမှုကြောင့် လည်းကောင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများတွင် ပါဝင်ခဲ့မိသောကြောင့်လည်းကောင်း စသည့်စိုးရိမ်ကြောင့်ကြမှုများကြောင့် တာဝန်မှကင်းကွာခဲ့ကြသော ပညာရေးဝန်ထမ်း ဆရာဆရာမများ၊ ဝန်ထမ်းစည်းကမ်းဖြင့် အရေးယူခံထားရသည့် ဆရာဆရာမများအနေဖြင့် နိုင်ငံသားမျိုးဆက်သစ်လူငယ်များအတွက် စေတနာ၊ ဝါသနာ၊ အနစ်နာဟူသော နာသုံးနာကိုရှေးရှု၍ သင်ကြားရေးတာဝန်များကို ပြန်လည်ထမ်းဆောင်နိုင်သင့်ကြပေသည်။ မိမိတို့၏ သဘောဆန္ဒအလျောက် နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့ရာ ကျောင်းတည်ရှိသည့် မြို့နယ်ပညာရေးမှူးရုံးသို့ဖြစ်စေ၊ မိမိတို့လက်ရှိနေထိုင်ရာဒေသရှိ နီးစပ်ရာမြို့နယ်ပညာရေးမှူးရုံးသို့ဖြစ်စေ ကိုယ်တိုင်လာရောက်၍ သတ်မှတ်ပုံစံများ ဖြည့်စွက်ရန်နှင့် အယူခံလွှာတင်သွင်းရန်တို့အတွက် မေလ ၃၁ ရက်နေ့မတိုင်မီ သတင်းပေးပို့ရန် အသိပေးထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တာဝန်မှကင်းကွာနေသော ဆရာ ဆရာမများအား သဘောထားကြီးစွာဖြင့် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ရန် အသိပေးနှိုးဆော်ခဲ့သည်။ တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းများတွင် ဆရာ ဆရာမများ ထောင်သောင်းချီရှိရာ အချို့ဆရာ ဆရာမများမှာ အကြောင်း အမျိုးမျိုးဖြင့် တာဝန်မှပျက်ကွက်နေသဖြင့် ပညာအမွေရယူလိုသည့် ကျောင်းသား ကျောင်းသူများအတွက် သင်ကြားရေးအပိုင်းတွင် အခက်အခဲရှိနေမည်ဖြစ်သည်။ နိုင်ငံ့တာဝန်ကို လက်ဆင့်ကမ်းထမ်းဆောင်နေကြသည့် ဆရာ ဆရာမများသည် အနာဂတ်မျိုးဆက်သစ်လူငယ်များ၏ ပညာရည်မြင့်မားရေးကို အဓိကကျသည့် အခြေခံပညာကဏ္ဍတွင် စေတနာ၊ ဝါသနာ၊ အနစ်နာဖြင့် တစိုက်မတ်မတ် တာဝန်ထမ်းဆောင်ခဲ့ကြသည်။

ကျောင်းသား ကျောင်းသူများသည် ဘာသာရပ်ဆိုင်ရာများအား စဉ်ဆက်မပြတ် လေ့လာသင်ယူနေကြရသည်။ အခြေခံပညာ သင်ကြားကြမည့် ကျောင်းသားလူငယ်များ ပညာရည်နို့ကို အပြည့်အဝသောက်စို့နိုင်ရန်နှင့် အရည်အသွေးပြည့်ဝပြီး ဆရာ၊ တပည့် အချိုးမျှတသည့် သင်ကြားမှုစနစ်ဖြစ်စေရန်အတွက် သင်ကြားရေး အတွေ့အကြုံရှိသော ဆရာ ဆရာမများ လိုအပ်နေသဖြင့် ယခုကဲ့သို့ အသိပေး ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဦးတည်ချက် ၉ ရပ် ချမှတ်ဆောင်ရွက်လျက်ရှိရာ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဆိုသည့် လူမှုရေးဦးတည်ချက်တစ်ရပ်ကို ထည့်သွင်းချမှတ် အကောင်အထည်ဖော်လျက်ရှိသည်။ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် မျိုးဆက်သစ်လူငယ်များ ပညာရည်မြင့်မားရေးအတွက် ပညာသင် အခွင့်အလမ်းများ ပုံမှန်ပြန်လည်ရရှိစေရေးကို အထူးအလေးထား ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ရာ စေတနာ၊ ဝါသနာ၊ အနစ်နာဟူသည့် နာသုံးနာဖြင့် တပည့် ကျောင်းသားလူငယ်လေးများအား အစဉ်အဆက် ပညာအမွေပေးဝေလျက်ရှိသော ဆရာ ဆရာမများအနေဖြင့် မိမိတို့၏တပည့်များအား ပစ်ပယ်မသွားဘဲ အလွန်မွန်မြတ်သည့် ဆရာ့ဂုဏ်ရည်ကို တန်ဖိုးထားထိန်းသိမ်း၍ နိုင်ငံတော်အစိုးရ၏ ဖိတ်ခေါ်မှုကို အလေးထားကာ ကျောင်းပရိဝုဏ်အတွင်းသို့ ပြန်လည်ဝင်ရောက် ကြရန် တိုက်တွန်းအပ်ပါကြောင်း။       

No comments:

Post a Comment