Thursday, May 19, 2022

အဓိကသီးနှံများ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး၊ ပို့ကုန်တိုးမြှင့်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်

 



နေပြည်တော် မေ ၁၈

နိုင်ငံတော်၏ အဓိကသီးနှံများ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး၊ ပို့ကုန်တိုးမြှင့်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကများအပိုင်းက သက်ဆိုင်ရာကဏ္ဍများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့်လိုအပ်ချက်များ ညှိနှိုင်းဆောင်ရွက်ရန် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) အောက်ရှိ ညီနောင်အသင်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲများကို မေ ၁၇ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် နတ်မောက်လမ်းရှိ ယုဇနဧည့်ဂေဟာ၌ ကျင်းပသည်။

တွေ့ဆုံပွဲများသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးကျော်ဆွေလင်း၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ မြန်မာ့ပြောင်း လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ပြောင်း ဈေးကွက် ယှဉ်ပြိုင်မှု အခြေအနေ၊ ပို့ကုန်အရည်အသွေး ပြည့်မီရေးအတွက် ရိတ်သိမ်းချိန်လွန်နည်းပညာနှင့် စက်ကိရိယာများ အသုံးပြုနိုင်ရေး၊ ကန်ထရိုက် လယ်ယာစနစ်ကျယ်ပြန့်စွာ ဆောင်ရွက်ရေး၊ အရည် အသွေး မြင့်မားရေးအတွက် အခြေခံအဆောက်အအုံနှင့် သိုလှောင်ရုံလုပ်ငန်းများတွင် ကာလတို ကာလ ရှည် အရင်းအနှီးချေးငွေရရှိရေးအတွက် အခြေခံလိုအပ်ချက်များကို ဆွေးနွေးခဲ့ကြသည်။

အလားတူ မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင်များ အသင်း၊ ဆီစက်ပိုင်ရှင်များအသင်းတို့မှ တာဝန်ရှိ သူများနှင့်တွေ့ဆုံ၍ စားသုံးဆီဈေးကွက် အလားအလာနှင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးလာရေးအတွက် ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းဆိုင်ရာများ၊ နေကြာနှင့် မြေပဲမျိုးစေ့ထုတ်လုပ်ခြင်းကို တောင်သူ နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး၊ လက်ရှိ ဆီစက်များ စွမ်းအားပြည့် လည်ပတ်နိုင်ရေးနှင့် ခေတ်မီအဆင့်မြင့်ဆီစက်များ အမြန်ဆုံးအကောင် အထည်ဖော်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများ၊ စားသုံးဆီ ထုတ်လုပ်ရောင်းချရာတွင် စားသုံး သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ပြည်တွင်း ဆန် စားသုံးမှုနှင့် ပြည်ပတင်ပို့မှုအခြေအနေ၊ ငွေကြေးနှုန်းထားများနှင့် ဈေးကွက်အခြေအနေ၊ လက်ရှိ စပါးပေါက်ဈေးကြောင့် တောင်သူများ အကျိုး အမြတ် တိုးတက်လာမှုနှင့်အတူ ဓါတ်မြေဩဇာ ဝယ်လိုအား မြင့်တက်နေမှုကြောင့် ယခုနှစ်မိုးစပါး စိုက်ပျိုးရာသီတွင် တိုးတက်စိုက်ပျိုးလာမည့် စပါး စိုက်ဧရိယာများအတွက် လိုအပ်လျက်ရှိသည့် သွင်းအားစုများ အချိန်မီဖြည့်ဆည်းပေးနိုင်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိ သူများနှင့်တွေ့ဆုံ၍ ပြည်ပမှ ဓါတ်မြေဩဇာနှင့် သွင်းအားစုများ တင်သွင်းရာတွင် သွင်းကုန်လိုင်စင်များ အချိန်မီရရှိရေး၊ တောင်သူများထံ စိုက်ပျိုးရေးသွင်းအားစုများ အချိန်မီရောက်ရှိ အသုံးပြုနိုင်ရေးနှင့် စိုက်ပျိုးရေး သွင်းအားစုများ အရည်အသွေးပြည့်မီရေး၊ အတုအပတားဆီး ကာကွယ်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကန်တော်ကြီး မြေပဒေသာကျွန်းရှိ စိုက်ပျိုးရေးပြတိုက်သို့ ရောက်ရှိကြပြီး ပြည်ထောင်စုဝန်ကြီးက ပြတိုက်နှင့် ပြခန်း၏ ကွဲပြားသည့် ရည်ရွယ်ချက်နှင့် အခင်းအကျင်းများအပေါ် အခြေခံ၍ လယ်ယာကဏ္ဍဆိုင်ရာ ဗဟုသုတများ မျှဝေနိုင်ရေးအတွက် လိုအပ်သော ပြုပြင်မွမ်းမံမှုဆောင်ရွက်ရန် လိုအပ်ချက်များ၊ တန်ဖိုးကြီး အနုပညာလက်ရာများ စနစ်တကျ ထိန်းသိမ်းရန်နှင့် ပြည်သူများစိတ်ဝင်တစား ကြည့်ရှုလေ့လာရင်း အပန်းဖြေနိုင်သည့် သာယာလှပသော ဝန်းကျင်တစ်ခုအဖြစ် ဖော်ဆောင်နိုင်ရေးအတွက် ကျွမ်းကျင်သူပညာရှင်များနှင့် ညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စိုက်ပျိုးရေးပြတိုက်အတွင်း ခင်းကျင်းပြသထားသော ပြခန်းပြကွက်များကို လည်းကောင်း၊ မြေပဒေသာဥယျာဉ်ရှိ စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင်များ၊ ပျိုးပင်များ ပန်းအလှပင်အရောင်းဆိုင် တို့ကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။  

သတင်းစဉ်

No comments:

Post a Comment