Friday, May 20, 2022

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားများနှင့် မုံရွာပညာရေး ဒီဂရီကောလိပ် ပထမနှစ်(ဒုတိယနှစ်ဝက်)နှင့် ပထမနှစ် (ပထမနှစ်ဝက်) သင်တန်း ကျောင်းသား၊ ကျောင်းသူများ ကြိုဆိုပွဲအခမ်းအနားများတက်ရောက်


မုံရွာ မေ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်း၊ လူမူရေးရာဝန်ကြီး ဦးအေးလိူင်နှင့် တာဝန်ရှိသူများ လိုက်ပါလျှက် ယမန်နေ့နံနက်ပိုင်းတွင် မုံရွာစီးပွားရေးတက္ကသိုလ်၊ ဘက်စုံသုံးခန်းမတွင် ကျင်းပသော မုံရွာစီးပွားရေးတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်များအား ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယနေ့မျက်မှောက်ခေတ်မှာ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကို လျှောက်လှမ်းရာတွင် ပညာရေးတိုး တက်မှု အခန်းကဏ္ဍသည် အဓိကကျသော အခန်းကဏ္ဍက ရပ်တည်နေတယ်ဆိုတာ ကျောင်းသား၊ ကျောင်းသူများအား အသိပေးပြောကြားလိုပါကြောင်း၊ မိမိတို့သင်ယူရမည့် အတတ်ပညာ၊ အသိပညာများနဲ့ နိုင်ငံတော်တည်ဆောက်ရေးမှာ အဓိကထား တာဝန်ယူ ဆောင်ရွက်ရမည့် မျိုးဆက်သစ်များဖြစ်စေရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်ကြီးတည်ဆောက်ရာတွင် မိမိတို့တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက္ကသိုလ်များမှ ကျောင်းသားကျောင်းသူများ၏ အနာဂတ်တွင် ထမ်းဆောင်မည့် တာဝန်သည် အဖိုးတန်သော တာဝန်တစ်ရပ်ဖြစ်ပါကြောင်း၊ ပညာနှင့် သညာသည် အတူယှဉ်တွဲ နှလုံးသွင်းရမည့် စကားရပ်ဖြစ်သည်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများ အမှားအမှန်ဝေဖန် ပိုင်းခြားနိုင်ခြင်း၊ လုပ်သင့်လုပ်ထိုက်သည်ကို မဆုတ်မနစ် ဆောင်ရွက်တတ်ခြင်းဟူသော အကြောင်းနှင့်အကျိုးကို ခွဲခြားဆောင်ရွက်နိုင်စွမ်းသော စွမ်းရည်များမြင့်မားတိုးတက်မှု ရှိရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ကကြီးမားသော မျှော်လင့်ချက်ဖြစ်သည့် ကျောင်းသားလူငယ်များ၏ ပညာရည် ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် နိုင်ငံ့အနာဂတ်သားကောင်းများ ဖြစ်လာစေရေးကိုအဓိကထားပြီး ပညာတက်လူရည်ချွန်၊ လူရည်မွန်များ ဖြစ်လာအောင် မိမိတို့ကိုယ်တိုင် ပြုစု ပျိုးထောင်ကြပါရန် တိုက်တွန်းပြောကြား ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ဆရာ၊ ဆရာမများ၏ သင်ကြားပို့ချ လမ်းညွှန်မှုများကို အလေးထား၍ ကျောင်းနေပျော်၍ စာတော်သူများဖြစ်အောင်ကြိုးစားရင်း မိမိတို့ရပ်ရွာ၊ဒေသ၊ နယ်မြေတို့၏ ဖွံ့ဖြိုးတိုးတက် ထူထောင်ရေးကို စွမ်းအားရှိသ၍ ဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မုံရွာစီးပွားရေးတက္ကသိုလ်ရှိ ဆရာ/ဆရာမ များအတွက် ကျောင်းဝတ်စုံစရိတ် ငွေကျပ် - ၁၅၄၀၀၀၀ (တစ်ဆယ့်ငါးသိန်းလေးသောင်း) ကျပ်အား ဆရာ/ဆရာမများထံ ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်က ကျောင်းသား/ကျောင်းသူများအတွက် စာရေးကိရိယာများဝယ်ယူရန် ငွေကျပ်သိန်း - ၁၀၀ (သိန်းတစ်ရာ) အား ကျောင်းသား/ ကျောင်းသူများထံ ပေးအပ်ခဲ့ကြသည်။

ယင်းနောက် မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာကြူက မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ကျောင်းသား၊ ကျောင်းသူ များကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာ/ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မောင်မယ်သစ်လွင် များအား ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့် အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က မုံရွာတက္ကသိုလ် ဆရာ/ဆရာမ များ အတွက် ကျောင်းဝတ်စုံစရိတ် ငွေကျပ် - ၄၄၄၀၀၀၀ (လေးဆယ့်လေးသိန်းလေးသောင်း) ကျပ်အား ဆရာ/ဆရာမများထံ ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်က ကျောင်းသား/ကျောင်းသူများအတွက် စာရေးကိရိယာများဝယ်ယူရန် ငွေကျပ် သိန်း - ၁၅၀ (သိန်းတစ်ရာ့ငါးဆယ်) အား ကျောင်းသား/ကျောင်းသူများထံ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာ/ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကာ အခမ်းအနား ကို ရုပ်သိမ်းခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာ ပညာရေး ဒီဂရီကောလိပ်ရှိ ပဉ္စဗလဘက်စုံခန်းမတွင် ကျင်းပသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ် (ဒုတိယနှစ်ဝက်)နှင့် ပထမနှစ် (ပထမနှှစ်ဝက်) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြ သည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပညာဆိုတာ မွေးဖွားချိန်မှစ၍ ဘဝတစ် လျှောက်လုံး စဉ်ဆက်မပြတ်သင်ယူရသည့်အရာဖြစ်ပြီး နိုင်ငံရဲ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိကအရင်းအနှီး ဖြစ်ပါကြောင်း၊ ကလေးများရဲ့ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်စွမ်း ရည်တိုးတက်မှုဟာ ဆရာတစ်ဦးရဲ့ ပညာသင်ကြားမှု အရည်အသွေးနှင့် စေတနာ၊ မေတ္တာတို့ အပေါ်မှာမူတည်ပါကြောင်း၊ ဆရာ၊ ဆရာမများရဲ့ သင်ကြားပို့ချမှုများကို အထူးအလေးထား လိုက်နာသင်ယူရင်း ၂၁ ရာစုခေတ်မှာ ကမ္ဘာကိုရင်ဘောင်တန်းနိုင်ပြီး နိုင်ငံတကာကို မျက်ခြေ မပြတ်တဲ့ ၂၁ ရာစုမှာ ကျွမ်းကျင်မှုများပြည်ဝတဲ့ ဆရာ၊ ဆရာမကောင်းတွေ ဖြစ်လာအောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစဉ်လေ့လာသင်ယူသွားကြရန် မှာကြားလိုပါကြောင်း ပြောကြားခဲ့ သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မုံရွာပညာရေးဒီဂရီကောလိပ် ဆရာ/ဆရာမများအတွက် ကျောင်းဝတ်စုံစရိတ် ငွေကျပ် - ၉၀၀၀၀၀ (ကိုးသိန်း)ကျပ်အား ဆရာ/ဆရာမများထံ ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်က ကျောင်း သား/ ကျောင်းသူများအတွက် စာရေးကိရိယာများဝယ်ယူရန် ငွေကျပ် - ၂၅ သိန်း (နှစ်ဆယ့် ငါးသိန်း)အား ကျောင်းသား/ ကျောင်းသူများထံ ပေးအပ်ခဲ့ကြသည်။

ယင်းနောက် မုံရွာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ မင်းမင်းသိမ့်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာ/ဆရာမနှင့် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 တိုင်းဒေသကြီး (ပြန်/ဆက်)

No comments:

Post a Comment