Friday, May 20, 2022

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မကွေးတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်မိတ်ဆက်ပြပွဲ အခမ်းအနား ဖွင့်လှစ်ခြင်းနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား တက်ရောက်



မကွေး မေ ၂၀

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် ယမန်နေ့နံနက် ၉ နာရီအချိန်က မကွေးတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်မိတ်ဆက်ပြပွဲ အခမ်းအနား ဖွင့်လှစ်ခြင်းနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးထွန်းခင်နှင့် မကွေးတက္ကသိုလ်ပါမောက္ခချုပ် ‌ဒေါက်တာခင်မောင်ဦးတို့က မကွေး တက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်မိတ်ဆက်ပြပွဲ အခမ်းအနား ဖွင့်လှစ်ခြင်းနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်က မကွေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် မောင်မယ် သစ်လွင်ကျောင်းသား/သူများကို အမှာစကားပြောကြားရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ မကွေးတက္ကသိုလ် ပထမနှစ် သင်တန်းအနေနဲ့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊ အရှေ့တိုင်းပညာ၊ စီးပွားရေးပညာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ဘူမိဗေဒ၊ ဇီတဓာတုဗေဒ ဘာသာရပ်တွေကို သင်ကြားပို့ချပေးသွားမှာ ဖြစ်ပါကြောင်း၊ စီးပွားရေး ဘာသာရပ်ကတော့ ဒီနှစ်မှ စတင် ဖွင့်လှစ် ပို့ချပြီး ဒေသရဲ့လိုအပ်ချက်ဖြစ်တဲ့ လူ့စွမ်းအား အရင်းအမြစ်ကို မွေးထုတ်ပေးနိုင်တဲ့ ပညာရပ် ဖြစ်ကြောင်း၊ ကျောင်းသား/သူများ နေထိုင်ဖို့အတွက်လည်း ကျောင်းတွင်းဆောင်တွေ စီစဉ် ဆောင်ရွက် ထားကြောင်း၊ တက္ကသိုလ်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ၊ သမာဓိ ဆိုတဲ့အတိုင်း စိတ်ဓာတ် စိတ်ထားကောင်းမွန်ကြံ့ခိုင်သော၊ စည်းကမ်းလိုက်နာစောင့်ထိန်း တတ်သော၊ စာပေ ဗဟုသုတ ပညာရည်ထူးချွန်ထက်မြက်သော တည်ကြည်ဖြောင့်မတ်မှန်ကန် သော နိုင်ငံသား ကောင်းသမီး မွန်ရတနာများ ပြုစုပျိုးထောင် လေ့ကျင့်သင်ကြားပေးခြင်း ဖြစ်ကြောင်း၊ ကျောင်းသား/သူများကလည်း ကျောင်းခေါ်ချိန်ပြည့်အောင် တက်ရောက်ဖို့ လိုအပ် ကြောင်း၊ မ‌ကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တက္ကသိုလ်ရဲ့တာဝန်ရှိသူများ ပူးပေါင်းပြီး ကျောင်းသား/သူများ လုံခြုံ စိတ်ချ အေးချမ်းစွာ ပညာသင်ကြားရေးကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မကွေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ ဌာနမှူးများနှင့် ဆရာ/ဆရာမများက ဘာသာရပ်အလိုက် ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကိုအောင်

No comments:

Post a Comment