မကွေး မေ ၆
မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များသို့ သန့်ရှင်း ရေး လုပ်ငန်းသုံး မော်တော်ယာဉ်များ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အသီးသီး မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့် အမှာစကား ပြောကြားရာတွင် ယခုအခါ နိုင်ငံတော်အစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ် ချမှတ်၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးများအား ဆောင်ရွက်လျက်ရှိသလို မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနဖြင် မိမိတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့မကွေးမြို့သည် ကုန်စည်ဖလှယ်ရောင်းဝယ် ကူးသန်းမှုများ တိုင်းဒေသကြီးမြို့တော်ဖြစ်၍ လူဦးရေထူထပ်များပြားလာသည့်နှင့်အမျှ နေ့စဉ် အမှိုက်ထွက်ရှိမှုသည်လည်း ပိုမိုများပြားလာပါကြောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့သည် မြို့သန့်ရှင်းသာယာလှပရေး၊ ဈေးများ စည်းကမ်းတကျရှိရေး၊ မြို့တွင်းလမ်းများရှိ ရေမြောင်းများ တွင် ရေစီးရေလာကောင်းမွန်ပြီး မြို့တွင်းလမ်းများ စနစ်တကျကောင်းမွန်ရေး၊ ပြည်သူများ စိတ်လက်ကြည်သာ အပန်းဖြေနိုင်ရေးအတွက် ဆောင်ရွက်ပေးရသည့် ဌာနတစ်ခုဖြစ်ပါကြောင်း၊ အမှိုက်ကို စည်းကမ်းမဲစွန့်ပစ်မည်ဆိုပါက လူမှုပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေပြီး လူထု ကျန်းမာရေးကိုလည်း ထိခိုက်လာမည်ဖြစ်၍ အမှိုက်များအား စနစ်တကျ စွန့်ပစ်ရန် လိုအပ်ပါ ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် မြို့ဧရိယာအားလုံး အမှိုက်သိမ်းဆည်းမှု လွှမ်းခြုံရာခိုင်နှုန်းအား ရာနှုန်းပြည့်ဖြစ်စေရေးအတွက် ၂၀၁၆-၂၀၁၇ခုနှစ်မှစ၍ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့မှုနှင့်အဖွဲ့ရန်ပုံငွေမှ ဝယ်ယူနိုင်မှုတို့ကြောင့် အမှိုက်သိမ်းယာဉ်များ ယခင် ထက်တိုးလာပြီး လမ်းကြောင်းအသစ်များဖြင့်လည်းကောင်း၊ အကြိမ်ရေတိုး၍လည်းကောင်း သိမ်းဆည်းနိုင်ခဲ့သဖြင့် ယခုခါ မြို့ပေါ်ဧရိယာအမှိုက်သိမ်းဆည်းမှု(၁၀၀)ရာခိုင်နှုန်း သိမ်းဆည်းနိုင်ခဲ့ ပြီးဖြစ်ပါကြောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များအနေဖြင့် လွှဲပြောင်းပေးလိုက်သည့် အမှိုက် သိမ်းယာဉ်များအား ရိုရိုသေသေကိုင်တွယ်ဆောင်ရွက်ကြရန်နှင့် “လွယ်လင့်တကူ အမှိုက် စွန့်ပစ်မှု မရှိစေဘဲ အမှိုက်ကားလာချိန် စောင့်ဆိုင်း၍ အမှိုက်ပစ်ရမည်”ဟူသော အသိစိတ်ဓာတ်များ မြို့နေ ပြည်သူများမှ နားလည်ခံယူလာစေရေး စည်းရုံးဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးထင်အောင်က မြို့နယ် စည်ပင်သာယာရေးအဖွဲ့များ၏ အမှိုက်သိမ်းဆည်းမှုအခြေအနေနှင့် အမှိုက်သိမ်းယာဉ်များ လွှဲပြောင်းပေးအပ်မည့်အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် သန့်ရှင်းရေးလုပ်ငန်းသုံး မော်တော်ယာဉ်များအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များသို့ အသီးသီး လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက အမှိုက်သိမ်း မော်တော်ယာဉ်များအား ကြည့်ရှုစစ်ဆေးခဲ့ရာ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြား ရေးမှူး ဦးထင်အောင်နှင့် တာဝန်ရှိသူများက အမှိုက်သိမ်းမော်တော်ယာဉ်များနှင့် ပတ်သက်၍ ရှင်းလင်းခဲ့ကြကြောင်း သိရသည်။
အဆိုပါ သန့်ရှင်းရေးလုပ်ငန်းသုံး မော်တော်ယာဉ်များအား တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ အတွက် မော်တော်ယာဉ်တစ်စီးလျှင် ငွေကျပ်(၂၈၈.၉)သိန်းဖြင့် အစီးရေ(၂၀)အား ထောက်ပံ့ပေး အပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ကိုစည်သူ(မကွေး)
No comments:
Post a Comment