မြန်မာနိုင်ငံ၏ ဆယ့်နှစ်လရာသီတွင် တန်ခူး-ကဆုန်လသည် ဆွေ့ဆွေ့ခုန်လောက်အောင် ပူပြင်းသောကာလဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင် အေးချမ်းသာယာသည့်သဘောကို ဆောင်သောအားဖြင့် ကဆုန်လပြည့်နေ့မှစတင်၍ အပူချိန်လျော့နည်းကျဆင်းလာသည်ကို တွေ့ရသည်။ အကြောင်းရင်းမှာ အနောက်တောင်မုတ်သုံလေသည် ပုံမှန်ထက်စောစွာ ဝင်ရောက်ခဲ့သောကြောင့် မိုးဦးစောပြီး အပူလျော့ရန်အကြောင်းဖြစ်လာသည်။
ယခုကာလတွင် မုတ်သုံလေသည် ပုံမှန်ထက်သာလွန်၍
အားကောင်းလာသည်။ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၏တိုင်းထွာချက်များအရ မေလ ၁၉ ရက်နေ့မှ
၂၃ ရက်နေ့အတွင်း ကပ္ပလီပင်လယ်ပြင်၊ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင်
မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းလာနိုင်ခြင်းကြောင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊
တနင်္သာရီတိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင်
နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသ အလိုက် မိုးကြီးခြင်း၊ နေရာကွက်၍မိုးကြီးခြင်းတို့နှင့်အတူ
လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် ယခင်ကဥတုသုံးမျိုးပုံမှန်တည်ရှိသောကြောင့်
မျှတကောင်းမွန်စွာ နေထိုင်ကြရ သည်။ ယခုအခါ ရာသီဥတုပြောင်းလဲမှုကြောင့် ဥတုရာသီများ
ပုံမှန်မရှိတော့ဘဲ အပူလွန်ကဲခြင်း၊ အအေးပျောက်ကွယ် အစွန်းထွက်မှုများရှိလာသည်။ နွေရာသီကာလတွင်
အလွန်ပူပြင်းသော ကြောင့် အပူဒဏ်ကိုခံကြရပြီး မိုးရာသီကာလတွင် ပုံမှန်ထက်မိုးပိုမိုရွာသွန်းသောကြောင့်
ရေကြီးရေလျှံ၊ လေပြင်းတိုက်မှုများရှိလာသည်။ အစောပိုင်းက မြန်မာနိုင်ငံတွင် ရေကြီးရေလျှံ
ဖြစ်စဉ်များ ဆိုးရွားစွာကြုံတွေ့ခဲ့ရပြီးနောက် ယခုအခါ ရေကြီးရေလျှံဖြစ်စဉ်များကို သတိထားရမည့်
အခြေအနေရှိနေသည်။
ယခုအခါ ဖော်ပြပါဒေသများတွင် မေလ ၁၉ ရက်နေ့မှစတင်၍
မိုးသည်းထန် စွာရွာသွန်းမှုများရှိ နေပြီး နေ့စဉ်ရက်ဆက်ရွာသွန်းမှုကြောင့် မိုးရေချိန်လက်မမြင့်တက်လာသည်။
ဆက်လက်၍ မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းလာမည်ဖြစ်၍ မိုးသည်းထန်စွာရွာသွန်းခြင်း၊
လေပြင်းတိုက်ခြင်း၊ ရုတ်တရက်ရေကြီးခြင်း၊ မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ် အမျိုးမျိုးကိုသတိပြုရမည်ဖြစ်သည်။
မုတ်သုံလေအားအလွန်ကောင်းနိုင်ကြောင်း ခန့်မှန်းထား သောကြောင့် ဆက်လက်၍မိုးများလာမည်ဖြစ်ပြီး
တောင်ကုန်းတောင်တန်းကုန်းမြင့်ဒေသ ပတ်ဝန်းကျင်တွင် နေထိုင်ကြသောပြည်သူများအနေဖြင့်
မြေပြိုမှုအန္တရာယ်ကို အထူးသတိထား ရမည်ဖြစ်ပြီး သက်ဆိုင်ရာတို့ကစစ်ဆေး၍ အန္တရာယ်ရှိနိုင်ပါက
ဘေးလွတ်ရာသို့ကြိုတင်ရွှေ့ ပြောင်းထားသင့်ပါသည်။
မြန်မာနိုင်ငံတွင် မြေပြိုမှုအန္တရာယ်ကို
မွန်ပြည်နယ်တွင် ဆိုးရွားစွာကြုံတွေ့ခဲ့ရသည်။ မွန်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ်မှ ၂၀၁၉
ခုနှစ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပွားမှုများသာမက တောင်ပြိုမှုများပါဆိုးရွားစွာဖြစ်ပေါ်ခဲ့ရာ
ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ များစွာဆုံးရှုံးခဲ့ရသည်။ ၂၀၁၉ ခုနှစ်က မွန်ပြည်နယ်
ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာတွင် မလတ်တောင် မြေပြိုကျမှုကြောင့်လူနေအိမ် ၂၇ လုံး၊မော်တော်ယာဉ်
၁၀ စီးမြေပိသွားပြီး လူ ၄၀ ကျော်ဒဏ်ရာရ၍ လူ ၇၀ ခန့်သေဆုံးခဲ့ရသည့်ဖြစ်စဉ်မှာ သဘာဝဘေး
အန္တရာယ်ကို သတိမမူမိသောကြောင့် ကြုံခဲ့ရသည့်အဖြစ်ဆိုးတစ်ခုဖြစ်သည်။ ထို့ကြောင့် မိုးသည်းထန်သောအချိန်တွင်
တောင်ကုန်း၊ တောင်စောင်း၊ တောင်ခြေတွင် နေထိုင်ကြသောပြည်သူများအတွက် အထူးသတိထားဆောင်ရွက်ပေးကြရမည်ဖြစ်သည်။
မိုးသည်းထန်စွာရွာသွန်းသောအခါ ရုတ်တရက်မြေပြိုခြင်းအပြင်
ရုတ်တရက် ရေကြီးရေလျှံခြင်း များပါဖြစ်နိုင်သဖြင့် ကုန်းမြင့်ဝန်းကျင်တွင် နေထိုင်ကြသော
ပြည်သူများနှင့် မြစ်ငယ်၊ ချောင်းငယ်၊ မြစ်ဝများအနီးတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့်
ရုတ်တရက် ရေကြီးရေလျှံဖြစ်ပေါ်လာမှုများကို ကြိုတင်သတိထား ကြရမည်ဖြစ်သည်။ ကမ်းရိုးတန်း
တစ်လျှောက်တွင်နေထိုင်လုပ်ကိုင်ကြသော ပြည်သူများအနေဖြင့်လည်း မိုးသက်လေပြင်းများကျရောက်စဉ်
လှိုင်းလေရိုက်ခတ်မှုကို သတိပြုကြရမည်ဖြစ်သည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့နှင့်ကြုံတွေ့ဖူးသောနိုင်ငံဖြစ်ပြီး ယခုကာလတွင်မုတ်သုံလေ အားကောင်းရာမှ
အလွန်အားကောင်းလာနိုင်သောကြောင့် ကျရောက်လာနိုင်သည့် သဘာဝ ဘေးအန္တရာယ်များကို သတိမူကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်ပါကြောင်း။ ။
ကြေးမုံအယ်ဒီတာ့အာဘော်
No comments:
Post a Comment