Thursday, May 5, 2022

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုအခမ်းအနားသို့ တက်ရောက်

လွိုင်ကော် မေ ၅

ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြု အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ပြည်နယ်မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုအခမ်းအနားတွင် ကယား ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က မီးသတ်တပ်ဖွဲ့ဝင်များသည် နိုင်ငံတော်၏အကျိုး၊ တိုင်းရင်းသားပြည်သူများ၏အကျိုးကို ဆောင်ရွက်နေသည့် ပြည်သူ့ အကျိုးပြုတပ်ဖွဲ့တစ်ခုဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ပုံမှန်ဆောင်ရွက်နေရသော လုပ်ငန်းများသာမက ခေတ်နှင့်အညီပြောင်းလဲတိုးတက်နေသော ရှာဖွေကယ်ဆယ်ရေး နည်းပညာ၊ သတင်းအချက်အလက် ဆက်သွယ်ရေးနည်းပညာများကို စဉ်ဆက်မပြတ် လေ့လာပြီး အမြဲမပြတ် တပ်ဖွဲ့အလိုက်စုဖွဲ့လေ့ကျင့်ပြီး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေရ မည်ဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်မှုတိုင်းသည် ပြည်သူများ၏ နေထိုင်မှု ဘဝလုံခြုံရေးမှအစပြု၍ နိုင်ငံတော်တည်ဆောက်ရေး အထိအကျုံးဝင်ကြောင်း၊ မီးသတ် လုပ်ငန်းသည် တစ်ဦးတစ်ယောက်ထဲမရပဲ မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ပြည်သူ များ၏ စုပေါင်းစွမ်းအားဖြင့် ဆောင်ရွက်မှသာ ပိုမိုအောင်မြင်နိုင်ကြောင်း ဂုဏ်ပြုမိန့်ခွန်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မီးသတ်တပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေများပေးအပ်ခဲ့ရာ ပြည်နယ်မီးသတ်ဦးစီးမှူး ဦးမြကြိုင်က လက်ခံရယူခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များက အထပ်မြင့် များတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ရာ၌ အသုံးပြုသည့် ကြိုးဆင်းစနစ်များ ဖြစ်သည့် တစ်လှမ်းခြင်းဆင်းနည်း၊ ခုန်ဆင်းနည်း၊ ဇောက်ထိုးဆင်းနည်း၊ ရိုးရိုးဆင်းလူနာ ကယ်ဆယ်နည်း၊ လူနာပါအောက်ချနည်းများနှင့် ဆီသိုလှောင်ကန် မီးလောင်မှုအား မီးငြှိမ်း သတ်သည့် နည်းစနစ်များကို လက်တွေ့သရုပ်ပြသခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မီးငြှိမ်းသတ်ရေးပစ္စည်းများနှင့် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်း သတ်ခြင်းနည်းစနစ်များ သရုပ်ပြသခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုငွေများ ချီးမြှင့် ပေးအပ်ခဲ့ကြောင်းသိရသည်။

 

ကိုဇင်(လွိုင်ကော်)




No comments:

Post a Comment