ဘားအံ မေ ၅
ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် မီးသတ်လုပ်ငန်းဆိုင်ရာများကို စွမ်းအားပြည့် တာဝန်ထမ်း ဆောင်နေကြသော မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုသောအားဖြင့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ လှာကမြင်(ကွက်သစ်)ရှိ ဘားအံ ခရိုင်မီးသတ်စခန်း၌ ကျင်းပခဲ့ပြီး လူပျိုဆောင်(၂)ထပ်အဆောက်အဦကိုဖွင့်လှစ်၍ ကရင်ပြည်နယ် အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူခဲ့သော မီးငြှိမ်းသတ်ယာဉ်(၄)စီးကို ခရိုင်မီးသတ်ရုံးများသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
အခမ်းအနားတွင်
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အလေးပြုခံစင်မြင့်ထက်တွင်နေရာယူ၍ မီးသတ်တပ်ဖွဲ့ဝင်
၁၀၀ ဦး၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းမှ ၃၀ ဦးပါဝင်သော စစ်ရေးပြအဖွဲ့မှ စစ်ကြောင်းပုံစံဖြင့်
အလေးပြုကြပြီး ပြည်နယ်ဝန်ကြီးချုပ်က (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့နေ့မိန့်ခွန်းကို
ပြောကြားသည်။
ထို့နောက် (၇၆)နှစ်မြောက်
မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြု ရန်ပုံငွေ
၉၅ ဒသမ ၁ သန်းဖြင့် အောင်မြင်ခိုင်ခန့်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့သော (၆၀ x ၃၀)
RC နှစ်ထပ် ဘားအံခရိုင်မီးသတ်စခန်း လူပျိုဆောင်(၂)ထပ်အဆောက်အဦဖွင့်ပွဲကိုကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်
ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေ ထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက
အဆောက်အဦကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက
အဆောက်အဦကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် ၂၀၂၁-၂၀၂၂ခုဘဏ္ဍာရေးနှစ်
ကရင်ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေ ၂၉၁ ဒသမ ၈ သန်းဖြင့် ဝယ်ယူခဲ့သော မီးငြိမ်းသတ်ယာဉ်(၄)စီးအား
ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က
ဘားအံ၊ ကော့ကရိတ်၊ မြဝတီ၊ ဖါပွန် ခရိုင်မီးသတ်ရုံးများသို့ လွှဲပြောင်းပေးအပ်ခဲ့ရာ
ခရိုင်ဦးစီးမှူးများက လက်ခံရယူခဲ့ကြသည်။
ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များနှင့်
မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းဝင်များက အထပ်မြင့် ရှာဖွေကယ်ဆယ်ရေး၊ Gas မီးလောင်မှု၊
ဆီဘောက်ဆာမီးလောင်မှုနှင့် ယာဉ်မတော်တဆ ထိခိုက်မှု တို့အား မီးငြှိမ်းသတ်ကယ်ဆယ်သရုပ်ပြသခဲ့ကြပြီး
အသစ်ဝယ်ယူထားသည့် မီးငြှိမ်းသတ်ယာဉ် ၄ စီးမှ စွမ်းရည်သရုပ်ပြသကာ ပြည်နယ်ဝန်ကြီးချုပ်က
မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး အသင်းတို့အား ငွေကျပ်သိန်း ၃၀ စီ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်၍
ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီးဦးစန်းကိုက မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုငွေများ
ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး
အစည်းအဝေးခန်းမ(၂)၌ လှိုင်းဘွဲမြို့နယ်၊ ရေဘုတ်ရေ လှောင်တမံတွင် ရေပေါ်ဆိုလာစနစ်ဖြင့်
လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်မှု အခြေအနေများအား ပြည်နယ်အစိုးရအဖွဲ့ထံ
လာရှောက်ရှင်းလင်းတင်ပြရာ True World Co.,Ltd မှမန်နေဂျင်းဒါရိုက်တာ ဦးစိုးဇေယျက ကိုဗစ်-၁၉
ကပ်ရောဂါကြောင့် လုပ်ငန်းများနှောင့်နှေး ကြန့်ကြာခဲ့ရပြီး ယခုအခါပြန်လည်ဖြေလျော့မှုများရှိလာသည့်အတွက်
နိုင်ငံခြားပညာရှင်များဖြင့် အသေးစိတ်မြေပြင်ကွင်းဆင်းတိုင်းတာဆန်းစစ်မှုအချို့ကို
လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ပြည်နယ် အတွင်း လျှပ်စစ်ဓါတ်အားထုတ်လုပ်သည့် ပင်မစက်ရုံ
မရှိသေးသည့်အတွက် အဆိုပါလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ဖြစ်ပါက လျှပ်စစ်ဓါတ်အားကို
ပြည့်ပြည့်ဝဝအသုံးပြုနိုင်မည်ဖြစ်ပြီး ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက်လည်း
ရန်ပုံငွေရရှိသုံးစွဲနိုင်ပြီး ဒေသ၏ အလုပ်အကိုင် အခွင့်လမ်းများ ပိုမိုတိုးတက်ရရှိနိုင်မည်ဖြစ်ကြောင်းနှင့်
လျှပ်စစ်ဓါတ်အား ၁၅၀ မီဂါဝပ်ထုတ်လုပ်နိုင် မည့် ရေပေါ်ဆိုလာစနစ်ကို Power Point အသုံးပြု
ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း
သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)
No comments:
Post a Comment