Friday, April 8, 2022

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ လူငယ်ရေးရာဦးစီးဌာန ဆိုင်းဘုတ်တင်ပွဲ/ ရုံးခန်း ဖွင့်ပွဲနှင့် အလေးမအားကစားနည်း၊ ပြိုင်ပွဲအသွင်ဆန်းစစ်ပြိုင်ပွဲတက်ရောက်

နေပြည်တော် ဧပြီ ၈

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ဆိုင်းဘုတ်တင်ပွဲနှင့် ရုံးခန်းဖွင့်ပွဲ မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း လူငယ်ရေးရာ ဦးစီးဌာနရုံး၌ ကျင်းပသည်။

အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက လူငယ်ရေးရာဦးစီးဌာန ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ လူငယ်ရေးရာ ဦးစီးဌာန ဆိုင်းဘုတ်ကို အမွှေးနံ့သာရည်ဖြင့် ပတ်ဖျန်းပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လူငယ်များ၏ စွမ်းဆောင်ရည်၊ ကိုယ်ကျင့်တရား၊ တိုင်းချစ်ပြည် ချစ်စိတ်ဓာတ်၊ တာဝန်ယူမှု/တာဝန်ခံမှုများနှင့် လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံ့ သားကောင်းလူငယ်များ ဖြစ်လာစေရေး စနစ်တကျ ပြုစုပျိုးထောင်ပေးရမည်ဖြစ်ကြောင်း၊ လူငယ်များအကြား အသိပညာနှင့် ကိုယ်ကျင့်တရားများ တိုးတက်မြင့်မားလာပြီး ပြည်ထောင်စုစိတ်ဓါတ် အပြည့်ဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် တက်တက်ကြွကြွ ပူးပေါင်းပါဝင် လာနိုင်စေရေးအတွက် လူငယ်ရေးရာ ဦးစီးဌာနတွင် အဓိကတာဝန်ရှိသည့်အတွက် ဝန်ထမ်းများအားလုံး စည်းလုံးညီညွတ်စွာဖြင့် မိသားစုအသွင် ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး အပြန်အလှန် ဆက်ဆံပြီး ကြိုးကြိုးစားစားဖြင့် ကြိုးပမ်းကာ စဉ်ဆက်မပြတ် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြပါရန် မှာကြားသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူငယ်ရေးရာဦးစီးဌာနမှ ဌာနခွဲများဖြစ်သော စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးဌာနခွဲ၊ မသန်စွမ်းလူငယ်ရေးရာဌာနခွဲ၊ သတင်းပြန်ကြားရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးဌာနခွဲ၊ လူ့စွမ်းအားအရင်းအမြစ် လေ့ကျင့်ရေးနှင့် အသိပညာပေးဌာနခွဲများ၏ ရုံးခန်းများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများကိုတွေ့ဆုံ၍ ဝန်ထမ်းများအချင်းချင်း မိသားစုစိတ်ဓါတ်နှင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးလေးစားစား ဆက်ဆံကြရန်နှင့် ကျန်းမာရေး အထူးဂရုစိုက်၍ လုပ်ငန်း တာဝန်များကို ကျေပွန်အောင် ကြိုးကြိုးစားစားထမ်းဆောင်ကြရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အလေးမအားကစားရုံ၌ လေ့ကျင့် လျက်ရှိသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာ့ လက်ရွေးစင် အလေးမအားကစားသမား (အမျိုးသား/အမျိုးသမီး) များ၏ ဝိတ်တန်းအလိုက် ပြိုင်ပွဲအသွင် ဆန်းစစ်ယှဉ်ပြိုင် ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment