Friday, April 8, 2022

ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း ၁၃၈၄ ခုနှစ် နှစ်သစ်ကူးမဟာသင်္ကြန်မင်္ဂလာအခမ်းအနား တက်ရောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး ဗီနေးကူးမားကိုလက်ခံတွေ့ဆုံ



နေပြည်တော် ဧပြီ ၈

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၁၃၈၄ ခုနှစ် နှစ်သစ်ကူးမဟာသင်္ကြန်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်းက နှစ်သစ်ကူးကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် တစ်နှစ်တာကာလပတ်လုံး အခက်အခဲများအကြားမှ ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန် များကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် အရာထမ်း၊ အမှုထမ်းများအားလုံးကို ကျေးဇူးတင်ရှိပါ ကြောင်း၊ သင်္ကြန်ပိတ်ရက်ကာလအတွင်း မိသားစုများနှင့် အေးချမ်းပျော်ရှင်စွာ အနားယူအပန်းဖြေပြီး နှစ်သစ်တွင် ကျန်းမာပျော်ရွှင်စွာ ဖြင့် နိုင်ငံ့အကျိုး၊ မိမိတို့ဝန်ကြီးဌာန အကျိုးအတွက် ဆက်လက်တာဝန်ထမ်းဆောင်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးညွန့်အောင်က နှစ်သစ်ဆုတောင်းစကားပြောကြားပြီး ဝန်ထမ်းများအား သပြေခက်နှင့်အတာရေပက်ဖျန်းကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး ဗီနေးကူးမားကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဧည့်ခန်းမ(၁)၌ လက်ခံတွေ့ဆုံ၍ နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် နယ်စပ်ကုန်သွယ်မှု တိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည့်အစီအစဉ် များ၊ တမူး-မိုရေး နယ်စပ်ဂိတ်အမှတ်(၁) ဖွင့်လှစ်နိုင်ရေးနှင့် ကုန်သွယ်မှုတွင် ဒေသသုံးငွေကြေးဖြင့် ပေးချေနိုင်ရေးဆိုင်ရာကိစ္စ၊ ကမ်းရိုးတန်းသွား သင်္ဘောများ အသုံးပြု၍ Transit Trade ဆောင်ရွက် နိုင်မည့်အခြေအနေများ၊ အကောက်ခွန်နှုန်းထား သတ်မှတ်ရေးအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment