Friday, April 8, 2022

ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ် အဆင့်မြှင့်တင်ထားရှိမှုအခြေအနေ ရှင်းလင်းတင်ပြသည့် အစည်းအဝေးနှင့် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များပေးအပ်ခြင်း အခမ်းအနားကျင်းပ

 နေပြည်တော် ဧပြီ ၇

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန နီလာအစည်း အဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည့် ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ် လုံခြုံအဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်စေရန် အဆင့်မြှင့်တင် ထားရှိမှုအခြေအနေ ရှင်းလင်းတင်ပြသည့် အစည်းအဝေးသို့ တက်ရောက်သည်။

တက်ရောက်

အစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး နှင့် ပြည်နယ်ရုံးခွဲတာဝန်ခံများနှင့် Myanmar Ease Net Co.,Ltd တာဝန်ရှိသူများက Online မှ ပါဝင် တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ခရီးသွားဧည့်သည်များ လာရောက်ရာတွင် ဝင်ရောက် မည့်လမ်းကြောင်းများ၊ သယ်ယူပို့ဆောင်ရေးကိစ္စရပ်များ၊ လည်ပတ်မည့် ခရီးစဉ်ဒေသများနှင့် ငွေကြေး သုံးစွဲမှုကိစ္စရပ်များ လွယ်ကူအဆင်ပြေစေရေးအတွက် ကြိုတင်ဆောင်ရွက်ထားကြရန် လိုအပ်သည်ဖြစ်ရာ ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုရရှိမှသာ ခရီးသွားလုပ်ငန်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း။

ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများတွင် ခရီးသွားဧည့်သည်များ တည်းခိုနေထိုင်သည့် စာရင်းအင်း အချက်အလက်များအား အချိန်နှင့်တစ်ပြေးညီ သိရှိမှတ်တမ်းတင်နိုင်ရေးအတွက် ဧည့်စာရင်း စီမံခန့်ခွဲမှုစနစ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဧည့်စာရင်း စီမံခန့်ခွဲမှုစနစ်တွင် ချိတ်ဆက်မှုကွန်ရက်များကို မြန်မြန်ဆန်ဆန် ချိတ်ဆက်ဆောင်ရွက်ပြီး သတင်း အချက်အလက်များ အချိန်နှင့်တစ်ပြေးညီ သိရှိ နိုင်စေရေးအတွက် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် Myanmar Ease Net Co.,Ltd, Project Manager က ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ် ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြရာ အစည်း အဝေးသို့ တက်ရောက်လာကြသူများက သိရှိလို သည်များကို မေးမြန်းအကြံပြုကြပြီး ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည့် နေပြည်တော်ရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာများအား ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားသည်။

အမှတ်တံဆိပ်များပေးအပ်

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အမျိုးသားအဆင့် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်း ရေးဆိုင်ရာ အသိအမှတ်ပြုလက်မှတ်ရရှိသော ဟိုတယ်များအား အမှတ်တံဆိပ်များပေးအပ်ပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များကို ပြည်ထောင်စု နယ်မြေ နေပြည်တော်ရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများမှ ဒေသအဆင့် ၈၂ လုံး၊ အမျိုးသား အဆင့် ၂၅ လုံး ရရှိထားပြီး ကျန်ဟိုတယ်များအနေဖြင့်လည်း လျှောက်ထားရယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment