Friday, April 8, 2022

အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး လုပ်ငန်းစီမံချက်များကို နိုင်ငံတော်နှင့် တပ်မတော်က ကတိကဝတ်များနှင့်အညီ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ

ဇာနည်ဘွား

နိုင်ငံတစ်နိုင်ငံ၏ နယ်မြေတည်တံ့မှု၊ အချုပ်အခြာအာဏာပိုင်စိုးမှု၊ အမျိုးသားလွတ်လပ်ရေး အဓွန့်ရှည် တည်တံ့ခိုင်မြဲမှုနှင့် လုံခြုံမှုအတွက် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန် နိုင်ငံသား တိုင်းတွင် တာဝန်ရှိသည်။

ကမ္ဘာ့နိုင်ငံအသီးသီးတွင် မိမိတို့ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရေး အတွက် မိမိတို့နိုင်ငံနှင့် လိုက်လျောညီထွေရှိမည့် ကာကွယ်ရေးစီမံချက်များကို ချမှတ်ထားကြသည်။ ထိုသို့ကာကွယ်ရေး စီမံချက်များချမှတ်ရာတွင် နိုင်ငံအများစု တွင် အရွယ်ရောက်ပြီးသူ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို ပြဋ္ဌာန်း၍ဆောင်ရွက်လျက်ရှိကြသည်။

နိုင်ငံတော်ကာကွယ်ရေးစီမံချက်

အစ္စရေးနိုင်ငံ၏ နိုင်ငံတော်ကာကွယ် ရေးစီမံချက်ကိုလေ့လာကြည့်လျှင် စစ်မှု ထမ်း ဥပဒေကို ၁၉၄၉ ခုနှစ် ဩဂုတ်လ တွင်ပြဋ္ဌာန်းပြီး အမြဲတမ်းတပ်မတော် တည်ထောင်ခဲ့သည်။ စစ်မှုထမ်းရေး ဥပဒေအရ အသက် ၁၈ နှစ်နှင့် ၂၆ နှစ် အတွင်း အမျိုးသားများသည် နှစ်နှစ်နှင့် ခြောက်လ စစ်မှုထမ်းရပြီး အသက် ၂၇ နှစ်နှင့် ၂၉ နှစ်အတွင်း အမျိုးသားများသည် နှစ်နှစ် စစ်မှုထမ်းရသည်။ အမျိုးသားများသည် အသက် ၄၉ နှစ် အရွယ်အထိ လည်းကောင်း၊ ကလေးမရှိသော အမျိုးသမီးများသည် အသက် ၃၄ နှစ်အရွယ်အထိ လည်းကောင်း အရန်တပ်တွင် တစ်နှစ်လျှင် ၁၄ ရက်မှ ၃၁ ရက်အထိ ဆက်တိုက် စစ်မှုထမ်းရန် တာဝန်ရှိသည်။ အသက် ၄၉ နှစ်ကျော်သော အမျိုးသားများသည် အရန်တပ်တွင် စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရသည်။ သို့ရာတွင် မြို့ပြကာကွယ်ရေးတွင် လုပ်အားပေးနိုင်သည်။

အစ္စရေးနိုင်ငံတွင် အမျိုးသမီးများ စစ်မှုမထမ်းမနေရ ဥပဒေကိုလည်း ပြဋ္ဌာန်းထားသည်။ စစ်မှုထမ်းကာလမှာ နှစ်နှစ် ဖြစ်သည်။ အရာရှိများမှအပ အမျိုးသမီးစစ်သည်များသည် အသက် ၁၈ နှစ်နှင့် ၂၀ နှစ်အတွင်း ဖြစ်သည်။ အမျိုးသမီးတစ်ဦးသည် ယင်းအသက် ထက်စော၍ အိမ်ထောင်ပြုလျှင်လည်း စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသည်သာ ဖြစ်သည်။ အခြေခံစစ်ပညာ သင်ယူ ပြီးလျှင် ယင်းအမျိုးသမီးအား အရန် တပ်ဖွဲ့ထဲသို့ ထည့်သွင်းသည်။ အစ္စရေး နိုင်ငံသို့ မကြာမီကမှ ပြောင်းရွှေ့လာပြီး အိမ်ထောင်မကျသေးသူဖြစ်လျှင် အသက် ၂၆ နှစ်အရွယ်အထိ စစ်မှုထမ်းရန်ဆင့်ခေါ် နိုင်သည်။

ဆွီဒင်နိုင်ငံ၏ နိုင်ငံတော်ကာကွယ်ရေးစီမံချက်တွင် စစ်သားစုဆောင်းရေးနှင့် စစ်မှုထမ်းရေးကို နိုင်ငံလုံးဆိုင်ရာ စစ်မှုထမ်းရေးမူဖြင့် စစ်သားစုဆောင်း သည်။ အသက် ၁၈ နှစ်မှစ၍ စစ်မှုထမ်း ရန်တာဝန်ရှိပြီး အသက် ၄၇ နှစ်တွင် ပြီးဆုံးသည်။ စစ်မှုမထမ်းမနေရ ကာလ မှာ တပ်သားများအတွက် ၁၀ လဖြစ်ပြီး အရာရှိများအတွက် ၁၈ လ ဖြစ်သည်။

ဆွစ်ဇာလန်နိုင်ငံ၏ နိုင်ငံတော် ကာကွယ်ရေးစီမံချက်တွင်မူ နိုင်ငံသားတိုင်း ပါဝင်ဆောင်ရွက်ရသည့် နိုင်ငံသားတပ်မတော် (Citizen Army)ကို ဖွဲ့စည်း ထားသည်။ နိုင်ငံသားတပ်မတော်မှာ အမြဲတမ်း တပ်မတော်မဟုတ်သောကြောင့် အမြဲတမ်းတပ်ဖွဲ့အဖြစ် လေ့ကျင့်ရေး တပ်မကြီးတစ်ခုသာ ထားရှိသည်။

သို့ရာတွင် ဆွစ်ဇာလန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသား တိုင်း စစ်မှုထမ်းရမည်ဟု ပါရှိသည့် အတိုင်း အသက် ၂၀ မှ ၅၀ နှစ်အတွင်းရှိ ကျန်းမာသန်စွမ်းသော နိုင်ငံသားတိုင်း စစ်မှုထမ်း ရသည်။ အရာရှိဖြစ်ပါက အသက် ၅၅ နှစ်အထိ စစ်မှုထမ်းရသည်။ စစ်မှုထမ်းရန် လိုအပ်သောအရည်အချင်း မပြည့်စုံသူများသည် ယင်းသို့စစ်မှုမထမ်း ရသည့်အတွက် အခွန်ပိုပေးဆောင်ကြရသည်။ အမျိုးသမီးများအနေဖြင့်လည်း အသက် ၂၀ မှ ၄၀ အတွင်း မိမိတို့၏ ဆန္ဒ အလျောက် စစ်မှုထမ်းလိုပါက လက်နက်တပ်ဆင်မထားသော အမျိုးသမီးအရန်တပ်ဖွဲ့တွင် ဝင်ရောက် အမှုထမ်းနိုင်သည်။

မြန်မာ့တပ်မတော်

မြန်မာ့တပ်မတော်၏ စစ်သားစုဆောင်းရေးနှင့် စစ်မှုထမ်းရေးသမိုင်းကို လေ့လာကြည့်လျှင် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုကာလကတည်းက မျိုးချစ်လူငယ်များသည် ကိုယ်ပိုင်ဆန္ဒ အလျောက် တပ်မတော်တွင်ဝင်ရောက်စစ်မှုထမ်းကြသည်။

ဗမာ့လွတ်လပ်ရေးတပ်မတော်(BIA)ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် စတင်ဖွဲ့စည်းစဉ်ကပင် ဘန်ကောက်၊ မဲဆောက်၊ ကမ်းဘူရီ၊ ဇင်းမယ်စသော ဒေသများရှိ မြန်မာ့သွေးပါဝင်သော မျိုးချစ်လူငယ်များသည် BIA တပ်မတော်ထဲသို့ ဆန္ဒအလျောက် ဝင်ရောက်ခဲ့ကြသည်။

ဘန်ကောက်မြို့တွင် ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က ကျင်းပခဲ့သည့် ဗမာ့လွတ်လပ်ရေးတပ်မတော် ဖွင့်ပွဲ စစ်ရေးပြအခမ်းအနားတွင် ဗိုလ်တေဇ (ဗိုလ်ချုပ်အောင်ဆန်း) က “ယခုစစ်တိုက် ထွက်ရမယ်။ မိမိတို့ သားမယား၊ အသက် စည်းစိမ်၊ အိုးအိမ်များကို စွန့်လွှတ်နိုင်ရမယ်။ မစွန့်လွှတ်နိုင်ရင် မလိုက်ကြနဲ့။ မလိုက်နိုင်တဲ့သူတွေ ယခုထဲက ထွက်နေ နိုင်တယ်။ စစ်တိုက်တယ်ဆိုတာ နိုင်မယ်၊ ရှုံးမယ်ဆိုတာမသိ၊ သေမည် ရှင်မည်ဆိုတာလည်း မသိ။ ကံကောင်းလို့ လွတ်လပ်ရေးရရင် ရာထူးဌာနန္တရနဲ့ သူဌေးဖြစ်မယ်ဆိုပြီး မျှော်လင့်ချက်နဲ့ တော့မလိုက်နဲ့။ ဒါကြောင့် ယခုက စဉ်းစားပြီး တိုက်ပွဲလိုက်ချင်မှ လိုက်” ဟူ၍ ဗမာ့လွတ်လပ်ရေးတပ်မတော် စတင်ပေါက်ဖွားလာစဉ်ကပင် ထိုသို့ မိန့်ခွန်း ပြောကြားခဲ့လေသည်။

သို့ရာတွင် သူ့ကျွန်ဘဝတွင် နှစ်ပေါင်း ၁၀၀ ကျော်နေထိုင်ခဲ့ရပြီး လွတ်လပ်ရေးကို ဆာလောင်မွတ်သိပ်နေကြသော မြန်မာတိုင်းရင်းသားအပေါင်းသည် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ၏ မော်လမြိုင်စစ်ကြောင်း၊ ထားဝယ် စစ်ကြောင်း၊ မြိတ်စစ်ကြောင်း၊ ရေကြောင်း ချီတပ်ဖွဲ့စသည့် မြန်မာပြည် စစ်ကြောင်းချီရာ လမ်းတစ်လျှောက်တွင် BIA တပ်မတော်အတွင်း တဖွဲဖွဲဝင်ရောက် လာခဲ့ကြ၍ အင်အားအထူးတောင့်တင်း လာခဲ့သည်။ BIA ၏ အင်အားကို ဂျပန် တပ်မတော်ပင် စိုးရိမ်လာခဲ့၍ နောက်ပိုင်းတွင် ဗမာ့ ကာကွယ်ရေးတပ်မတော်(BDA)အဖြစ် ပြောင်းလဲဖွဲ့စည်းကာ အင်အားကို လျှော့ချ ကန့်သတ်ခဲ့လေသည်။

မြန်မာပြည် လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင်လည်း ပြည်တွင်းသောင်း ကျန်းမှုရန်ကို ကာကွယ်ရန် မျိုးချစ် မြန်မာလူငယ်များသည် မြန်မာ့ တပ်မတော်အတွင်းသို့ မိမိ ဆန္ဒအလျောက် ဝင်ရောက်ခဲ့ကြသည်။ အင်းစိန်တိုက်ပွဲတွင် ဆေးကျောင်းသားများ မိမိဆန္ဒအလျောက် ဝင်ရောက် တိုက်ပွဲဝင်ခဲ့ကြသည်ကို ထိုစဉ်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်း စစ်မြေပြင်သို့ လာရောက်စစ်ဆေးစဉ် တွေ့မြင်ခဲ့၍ အခြားတာဝန်များကိုသာ ထမ်းဆောင် ကြရန် အမိန့်ပေးခဲ့ရလေသည်။ နောင်တွင် သူတို့သည် တပ်မတော်ဆေးတပ်ဖွဲ့တွင် ပါရဂူကြီးများ၊ သမားတော်ကြီးများ ဖြစ်လာကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် သမ္မတကြီးဖြစ်သူ ဗိုလ်ချုပ်ကြီးစန်းယု သည်လည်း တစ်ချိန်က ဆေးကျောင်း သားတစ်ဦး ဖြစ်ခဲ့လေသည်။

“ကျွန်တော်တို့ဆိုရင် ဗိုလ်ချုပ် အောင်ဆန်းခေါင်းဆောင်တဲ့ ဗမာ့လွတ်လပ်ရေး တပ်မတော်ထဲကို စပြီး ဝင်ခဲ့တာ ယနေ့အထိဆိုရင် အနှစ်သုံးဆယ် လောက်ရှိခဲ့ပါပြီ။ ခေါင်းဆောင်ကြီးတွေရဲ့ ညွှန်ကြားချက်၊ သွန်သင်ချက်တွေ၊ မြင့်မြတ်တဲ့ စိတ်ထားမွေးမြူပေးချက် တွေအရ ကျွန်တော်တို့ဟာ ဒီအသိုင်းအဝန်းနဲ့ ဒီပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့ရတာပါ။ ကျွန်တော်တို့ဆိုရင် ဒုတိယကမ္ဘာစစ်ကြီးဖြစ်တဲ့အချိန်မှာ ဆေးကျောင်းသားပါ။ စစ်ပြီးတော့လည်း ပြန်ပြီးဆေးပညာကို မလိုက်ရတော့ ပါဘူး။ ဘာလို့လဲဆိုတော့ ဗိုလ်ချုပ် အောင်ဆန်းက မင်းတို့တွေကမှ တပ်ထဲ မှာ ဆက်မနေရင်၊ ဒို့ရတဲ့တပ်ရင်း သုံးရင်းကို မထိန်းကြရင် ဘယ်သူထိန်းမလဲ။ ဒို့ကနိုင်ငံရေး လုပ်ရဦးမယ်။ မင်းတို့ တပ်ထဲမှာ နေကြဦးဆိုတာနဲ့ မမှိတ်မသုန် ဆက်လုပ်ခဲ့ကြတာပါ”ဟု တစ်ချိန်က ထိုသို့ ပြန်ပြောင်းပြောကြားခဲ့ဖူးသည်။

မျိုးချစ်စိတ်ပြည့်ဝ

တပ်မတော်သည် ထိုကဲ့သို့ မျိုးချစ် စိတ်ပြည့်ဝသော တိုင်းရင်းသားမြန်မာ လူငယ်များစွာ မိမိ သဘောဆန္ဒ အလျောက် ဝင်ရောက်စစ်မှုထမ်းဆောင် ခြင်းဖြင့် ဖွဲ့စည်းတည်ဆောက်ခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာရှိလာခဲ့ပေသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ပေါ်ပေါက်လာသောအခါတွင်မူ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေ တည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်။ နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာ သင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ် ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်” ဟု ထည့်သွင်းပြဋ္ဌာန်းရေးဆွဲခဲ့သော်လည်း လက်ရှိကာလတိုင် ကျင့်သုံးမှု မရှိသေးချေ။ မြန်မာ့တပ်မတော်ထဲသို့ ဝင်ရောက်စစ်မှုထမ်းသူများသည် မိမိ သဘောဆန္ဒအလျောက်သာ နိုင်ငံတော် ကာကွယ်ရေးအတွက် ဝင်ရောက်စစ်မှု ထမ်းကြခြင်း ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် က ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက်ကကျင်းပခဲ့သည့် (၇၇)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ “တပ်မတော်သားတိုင်းဟာ အသက်ခန္ဓာကို ပဓာနမထားဘဲ နိုင်ငံတော်ကို ကာကွယ်ရန်ဆိုတဲ့ အခြေခံစိတ်ဓာတ်ကောင်းမွန်မှုနှင့် မိမိတို့ သဘောဆန္ဒအလျောက် တပ်မတော်ထဲ ဝင်ရောက် တာဝန်ထမ်းဆောင်နေမှု အပေါ်မှာ ဂုဏ်ယူပြီး နိုင်ငံတော်နဲ့ တပ်မတော်က အားကိုးအားထားပြုရတဲ့ စစ်သည်တော် ကောင်းတွေဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြဖို့ မှာကြားလိုတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

တပ်မတော်သည် ထိုသို့ မိမိသဘော ဆန္ဒအလျောက် တပ်မတော်ထဲတွင် ပါဝင် စစ်မှုထမ်းလိုကြ သူများကိုသာ စုဆောင်းခဲ့ခြင်းဖြစ်သော်လည်း ရံဖန်ရံခါတွင် အရွယ်မရောက်သေးသူ ကလေး သူငယ်များနှင့် ဆန္ဒမပါသူများကို မှားယွင်း စုဆောင်းခဲ့မှုအချို့ ဖြစ်ပေါ်ခဲ့သည်။

ထို့ကြောင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင် ခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီသည် တပ်မတော်မှ အရွယ်မရောက်မီ မှားယွင်းစွာ စုဆောင်းခဲ့သည့် အသက်မပြည့် စစ်သည်များကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြုပြီး မိဘရပ်ထံ ပြန်လည်လွှဲပြောင်းပေးခြင်း၊ အရွယ်မရောက်သေးသူ ကလေးသူငယ်များနှင့် ဆန္ဒမပါသူများကို မှားယွင်းစွာစုဆောင်းခဲ့သည့် တာဝန်ရှိသူအရာရှိ၊ စစ်သည်များအား အရေးယူခြင်းတို့ကို ဆောင်ရွက် လျက်ရှိသည်။

ထို့ပြင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် မြန်မာနိုင်ငံ စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံ တင်ပြရေးလုပ်ငန်းအဖွဲ့(Country Task Force on Monitoring and Reporting- CTFMR)တို့အကြား “အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး လုပ်ငန်းစီမံချက်” ကို ၂၀၁၂ ခုနှစ် ဇွန်လ ၂၇ ရက်တွင် လက်မှတ် ရေးထိုးခဲ့သည်။

Plan of Action သက်တမ်းကာလမှာ ၁၈ လဖြစ်ပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် Plan of Action သက်တမ်း ကာလ ၁၈ လ ပြည့်မြောက်ခဲ့သော်လည်း လုပ်ငန်းကိစ္စများ မပြီးပြတ်သဖြင့် ခြောက်လ နှစ်ကြိမ် သက်တမ်းတိုးမြှင့်ခဲ့သည်။

ဒုတိယအကြိမ် သက်တမ်းခြောက်လ ကုန်ဆုံးသည့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၇ ရက် နောက်ပိုင်းမှစ၍ Plan of Action အား ထပ်မံသက်တမ်းတိုးမြှင့်ခြင်း မရှိတော့ဘဲ indicator ၂၁ ချက်ဖြင့် ဆက်လက် ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇူလိုင် ၂၆ ရက်တွင် CTFMR နှင့် မြန်မာ အစိုးရကိုယ်စားလှယ်အဖွဲ့တို့ ပြုလုပ်သော အစည်းအဝေးဆုံးဖြတ်ချက်အရ indicator ၂၁ ချက်မှ indicator ၁၁ ချက်အထိ လျှော့ချကာ ဆောင်ရွက်ခဲ့သည်။

Plan of Action စတင်ခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန်လမှ ယနေ့ကာလအထိ အဆိုပါလုပ်ငန်းစီမံချက် အပေါ် လိုက်နာ ဆောင်ရွက်မှုအနေဖြင့် CTFMR နှင့် ပူးပေါင်း၍ တပ်မတော်မှ အရွယ်မရောက်မီ မှားယွင်းစုဆောင်းခဲ့သည့် အသက်မပြည့်စစ်သည် ၁၀၂၉ ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြုပြီး မိဘ ရပ်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။ ဆက်လက်၍ မှားယွင်းစုဆောင်းခြင်း ခံရသည်ဟု စိစစ်တွေ့ရှိရသည့် အသက်မပြည့် စစ်သည် ၂၈ ဦးကို မိဘအုပ်ထိန်း သူများထံ ပြန်လည် လွှဲပြောင်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။ အရွယ်မရောက်သေးသူ ကလေးသူငယ်များနှင့် ဆန္ဒမပါသူများကို မှားယွင်းစွာစုဆောင်းခဲ့သည့် တာဝန်ရှိသူ အရာရှိ၊ စစ်သည်များကိုလည်း အရေးယူဆောင်ရွက်ခဲ့သည်။

ပူးပေါင်းဆောင်ရွက်

ထိုကဲ့သို့ တပ်မတော်နှင့် CTFMR တို့၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်၏ ၂၀၁၉ ခုနှစ်အတွက် ကလေးသူငယ် များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ နှစ်စဉ်အစီရင်ခံစာ၏ နောက်ဆက်တွဲပါ ကလေးစစ်သည် စုဆောင်းမှုနှင့် အသုံးပြုမှုစာရင်းမှ မြန်မာ့တပ်မတော်ကို ပယ်ဖျက်ခဲ့ပြီး အပြီးသတ်ပယ်ဖျက်နိုင်ရေး စောင့်ကြည့်ကာလ တစ်နှစ်သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။

သို့ရာတွင် စောင့်ကြည့်ကာလ အတွင်း တပ်မတော်အနေဖြင့် တပ်သား စုဆောင်းရေးကဏ္ဍ၌ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများအတိုင်းတိကျစွာ လိုက်နာပြီး ပူးပေါင်းဆောင်ရွက်ခဲ့သော် လည်း ၂၀၂၁ ခုနှစ် ဇွန်လ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ နှစ်စဉ် အစီရင်ခံစာမထုတ်ပြန်မီ ကြိုတင်ညှိနှိုင်း ခြင်းမရှိဘဲ တစ်ဖက်သတ် ပြန်လည် စာရင်းသွင်းခဲ့သည်။ ထိုသို့ ပြန်လည် စာရင်းအသွင်းခံရသော်လည်း တပ်မတော် အနေဖြင့် ကော်မတီအစည်းအဝေးများကို ပုံမှန်ဆောင်ရွက်လျက်ရှိပြီး အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် ဆောင် ရွက်ပြီးစီးမှုများကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် CTFMR သို့ အသိပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် CTFMR သို့ အဆင့်တူ ပူးပေါင်းဆောင်ရွက်ရန် မြန်မာဘက်မှ လမ်းကြောင်းမျိုးစုံဖြင့် ဆက်သွယ် ဆောင်ရွက်လျက်ရှိပြီး မြန်မာ့တပ်မတော် ၏ အကောင်အထည်ဖော် ဆောင်ရွက် ချက်များကိုလည်း ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူး ကိုယ်စားလှယ် Ms. Virginia Gamba ထံသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အကြောင်းပြန်ထားရှိကြောင်း သိရ သည်။

သဘောတူညီချက်တစ်ရပ်

မြန်မာနိုင်ငံတွင် အစိုးရတပ်မတော်ဘက်ကရော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ ဘက်ကပါ ကလေးစစ်သားများ အသုံးပြုနေကြပြီး ထိုသို့ ကလေးစစ်သားအသုံးပြုသော လက်နက် ကိုင်အဖွဲ့အစည်း ရှစ်ဖွဲ့ ရှိကြောင်း ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ လုံခြုံရေးကောင်စီသို့ တင်သွင်းသည့် ၂၀၁၂ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာ ထွက်ပေါ်အပြီးတွင် မြန်မာနိုင်ငံ၌ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ဆောင်ရွက်ရန် ထိုစဉ်က မြန်မာအစိုးရနှင့်ကုလသမဂ္ဂတို့ကြား သဘောတူညီချက်တစ်ရပ် ကို ၂၀၁၂ ခုနှစ်က ရေးထိုးခဲ့ခြင်းဖြစ်သည်။

အဆိုပါသဘောတူညီချက်နှင့်အညီ အရွယ်မရောက်သေးသူ ကလေးသူငယ် များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကော်မတီသည် တပ်မတော်စစ်သား စုဆောင်းရေးတပ်များ၊ တပ်ဌာနချုပ်များ၊ လက်ရုံး/ဝန်ထမ်း တပ်ဖွဲ့များအနေဖြင့် တပ်သားသစ်များ စုဆောင်းရေးဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်း များနှင့် ကိုက်ညီမှုရှိအောင် ကြပ်မတ် စိစစ်ခြင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ သတ်မှတ်ထားသော ကလေးသူငယ်များနှင့် သက်ဆိုင်သည့် စံချိန်စံညွှန်းများအား တပ်မတော် စစ်သားစုဆောင်းရေးတပ် နှင့် စစ်အခြေခံလေ့ကျင့်ရေးတပ်များရှိ တာဝန်ရှိသူများ သိရှိလိုက်နာနိုင်ရေး အတွက် အခါအားလျော်စွာ ကုလသမဂ္ဂ အဖွဲ့အစည်းများဖြင့် ပညာပေးသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ စနစ်တကျ ရွေးချယ်စိစစ်ပြီးသော တပ်သားသစ်များအား စစ်အခြေခံလေ့ကျင့်ရေးတပ်များ၌ လေ့ကျင့်သင်ကြား နေချိန်တွင် လည်းကောင်း၊ စစ်မှုထမ်းဆောင်နေချိန်တွင် လည်းကောင်း အသက် ၁၈ နှစ် မပြည့်သူ များ၊ ဆန္ဒမရှိသူများအား စိစစ်တွေ့ရှိပါက မိဘအုပ်ထိန်းသူထံ ပြန်လည်လွှဲပြောင်း အပ်နှံရေး ဆောင်ရွက်ခြင်း၊ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား အရွယ်မရောက်သေးသည်ကို သိလျက်နှင့် တပ်သားသစ်အဖြစ် လက်ခံခြင်း ကိစ္စပေါ်ပေါက်ပါက ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ခြင်း စသည့် လုပ်ငန်းတာဝန်များကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ပံ့ပိုးကူညီ

ထို့အတူ မြန်မာနိုင်ငံတွင် ကလေးသူငယ်ဆိုင်ရာဥပဒေကိုလည်း ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် တပ်မတော်က နုတ်ထွက်ခွင့်ပြုခဲ့သည့် အရွယ်မရောက်သေးသူ ကလေးသူငယ်များ နေရပ်ပြန်နိုင်ရေး၊ အုပ်ထိန်းသူများ နှင့် တွေ့ဆုံနိုင်ရေး၊ အသက်မွေးဝမ်း ကျောင်းပညာရပ်များ တတ်မြောက်နိုင်ရေး၊ အလုပ်အကိုင် ရရှိရေးအပြင် ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ ကိစ္စရပ်များကို ပံ့ပိုးကူညီပေးလျက်ရှိသည်။

အချုပ်အားဖြင့်ဆိုရလျှင် မြန်မာ့ တပ်မတော်သည် သမိုင်းကြောင်းအရ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုကာလမှသည် နိုင်ငံတော်၏လွတ်လပ်ရေး၊ အချုပ် အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲ ရေး၊ နိုင်ငံတော်ကာကွယ်ရေးခရီးလမ်းတစ်လျှောက်တွင် မျိုးချစ်စိတ်အပြည့် အဝဖြင့် မိမိဆန္ဒ အလျောက် စစ်မှုထမ်း လာကြသည့် မျိုးချစ်မြန်မာ တိုင်းရင်းသား လူငယ်မောင်မယ်များဖြင့်သာ ဖွဲ့စည်းတည်ဆောက်ခဲ့သော တပ်မတော် တစ်ရပ်သာဖြစ်သည်။

အရွယ်မရောက်သေးသူ ကလေးသူငယ်များ တပ်မတော်အတွင်း လုံးဝ မရှိစေရေး၊ ကလေးသူငယ် များကို တပ်သားအဖြစ် လုံးဝစုဆောင်းမှုမပြုလုပ်ရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် မှားယွင်းစုဆောင်းခဲ့သူများ ရှိခဲ့လျှင်လည်း အမြန်ဆုံးထွက်ခွင့်ပြုရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားခဲ့ပြီး မြန်မာ့ တပ်မတော်အနေဖြင့် အရွယ်မရောက် သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးလုပ်ငန်း စီမံချက်များကို ကတိကဝတ်များအတိုင်း ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်း တင်ပြလိုက်ရပါသည်။ ။


No comments:

Post a Comment