Wednesday, April 20, 2022

အရာထမ်းများ လုပ်ငန်းကျွမ်းကျင်မှု အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ဧပြီ ၁၉

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန အရာထမ်းများ လုပ်ငန်းကျွမ်းကျင်မှုအခြေခံ သင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရုံးအမှတ် (၃၁) သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပသည်။

တက်ရောက်

အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယ ဝန်ကြီးများ ဖြစ်သော ဦးအေးထွန်း၊ ဦးထွန်းအုံ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊  သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းသို့ တက်ရောက်မည့် သင်တန်းသားများသည် ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ ခေါ်ယူသော ပြန်တမ်းဝင်အဆင့်စာမေးပွဲကို ဖြေဆိုအောင်မြင်၍ အရာထမ်းလောင်း အခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ် (၈)ကို တက်ရောက် အောင်မြင်ပြီး သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာကြသည့် အရာထမ်းများဖြစ်ပါကြောင်း။

သင်တန်းသားအရာရှိများသည် အမှုထမ်းများနှင့် အထက်အရာရှိကြီးများအကြား ပေါင်းကူး ဆက်သွယ် အကောင်အထည်ဖော်ပေးကြရသည့် အရေးပါလှသော အရာရှိအဆင့်များဖြစ်၍ ရုံးလုပ်ငန်းစနစ် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ကျွမ်းကျင်မှုရှိရမည့်အပြင် လူမှုဆက်ဆံရေး နယ်ပယ်တွင်လည်း ပြေပြစ်ချေငံစွာ ဆက်ဆံတတ်ရန် အထူး လိုအပ်မည်ဖြစ်ပါကြောင်း။

မိမိတို့ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရုံးလုပ်ငန်းစနစ်များ သွက်လက်မြန်ဆန်လာစေရန်၊ ရုံးလုပ်ငန်း လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်စေရန် စီမံရေးရာ၊ ဝန်ထမ်းရေးရာ၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများကို နားလည် တတ်ကျွမ်းပြီး လုပ်ထုံးလုပ်နည်း များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်တတ်စေရန်၊ သံဃာ့အဖွဲ့အစည်း ဆိုင်ရာဥပဒေ၊ ဝိနည်းဓမ္မကံ အဓိကရုဏ်း မှုခင်းများ ဖြေရှင်းဆုံးဖြတ်ချက်များကို ကာကွယ်စောင့်ရှောက် သည့်ဥပဒေများကို သိရှိနားလည်နေရန် ယခုဖွင့်လှစ် သင်ကြားပေးသည့် သင်တန်း၌ ကြိုးကြိုးစားစား လေ့လာသင်ယူကြပြီး သင်တန်းစည်းကမ်း များကိုလည်း လိုက်နာကြရန် လိုအပ်ကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းသားများကို လိုက်လံ နှုတ်ဆက်စကား ပြောကြားသည်။

အဆိုပါသင်တန်းကို ဧပြီ ၁၉ ရက်မှ ၂၉ ရက် အထိ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွင့်လှစ် သင်ကြား ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသား ၄၀ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

 

No comments:

Post a Comment