Wednesday, April 20, 2022

ကျန်းမာဖွံ့ဖြိုး အာဟာရတိုးဖို့ ပဲမျိုးစုံကို တိုးစားစို့

 


စီမံကိန်းစိစစ်သုံးသပ်ရေးဌာနခွဲ၊ စီမံကိန်းဦးစီးဌာန

အာ​ရောဂျံ.... ကျန်းမာခြင်းသည် ပရမံ...မြတ်လှစွာ​သော... လာဘံ...လာဘ်ကြီးတစ်ပါး ဆိုသည့်ဆိုရိုးစကား အတိုင်း ကျန်းမာခြင်းသည် လူသားအားလုံးအတွက် လွန်စွာအ​ရေးကြီး​ပါသည်။ ကျန်းမာမှ ပျော်ရွှင်သော နေ့စဉ်ဘဝကို ဖြတ်သန်း နိုင်မည်ဖြစ်ကာ ကျန်းမာရေးထိခိုက်သည်နှင့်အမျှ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ အိမ်ထောင်ရေးတို့ပါ ထိခိုက်လာမည်ဖြစ်ပါသည်။ ကျန်းမာရေးကောင်းစေရန်အတွက် အိပ်ရေးဝဝအိပ်ခြင်း၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း၊ လေကောင်းလေသန့်ရှူရှိုက်ခြင်း၊ အရိယာပုတ်မျှတစွာ နေထိုင်ခြင်း စသည်တို့အပြင် အာဟာရပြည့်ဝစေမည့် အစားအစာကို ရွေးချယ်စားသုံးခြင်းမှာလည်း အထူးလိုအပ်ပါသည်။

အစာလည်းဆေး၊ ဆေးလည်းအစာ

လူတို့ နေ့စဉ် စားသောက်ရာတွင် အများစုက မိမိတို့ ခံတွင်းတွေ့မည့်၊ ထမင်းမြိန်မည့် အစားအစာ များကိုသာ အဓိကရွေးချယ် စားသုံးလေ့ရှိကြပါသည်။ မိမိတို့စားသုံးကြသည့် အစားအစာများမှာ ကျန်းမာ ရေးကို အထောက်အကူဖြစ်မှု ရှိသလား၊ မရှိဘူးလား။ အာဟာရဓာတ်များရရှိရန် လုံလောက်စွာ အကျိုးပြု သလား၊ မပြုဘူးလား။ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်စေသလား၊ မဖြစ်ပေါ်စေဘူးလား စသည်ဖြင့် အသေအချာသိရှိပြီး စားသုံးသူမှာ အနည်းစုသာ ရှိပါလိမ့်မည်။ အစာလည်းဆေး၊ ဆေးလည်းအစာ ဟူ၍ ဆိုရိုးစကားရှိပေရာ ဈေးကြီးသည်၊ ဈေးသက်သာသည်ကို စားခြင်းထက် အာဟာရပြည့်ဝရန်သာ အဓိက ဖြစ်ပေသည်။ အာဟာရ ပြည့်ဝရန်အတွက် အသီးအရွက်၊ အသား၊ ငါး၊ သစ်သီး၊ နွားနို့၊ ကြက်ဥ အစရှိသည်တို့သာမက အာဟာရ ဓာတ်များစွာကို တစုတစည်းတည်း ဖြည့်ဆည်းပေးနိုင်သည့်အပြင် ဈေးလည်းသက်သာသော ပဲမျိုးစုံကို နေ့စဉ် စားသုံးသင့်ပါသည်။

ပဲမျိုးစုံမှာ လူသားတို့၏ ကျန်းမာရေးအတွက် အရေးပါသည့် အသားဓာတ်၊ အာဟာရဓာတ်၊ အမျှင် ဓာတ်များ ပါဝင်မှုမြင့်မားပြီး ဗီတာမင်ဓာတ်များ ဖြစ်သည့် နိုင်ယာဆင်၊ ဖောလစ်အက်ဆစ်၊ ဗီတာမင် (B1၊ B2၊ B6)၊ သတ္တုဓာတ်များဖြစ်သည့် သံ၊ ဇင့်၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်နှင့် ကြေးနီ နှင့် ပိုတက်စီယမ် ဓာတ်များ ပါဝင်သည့် အာဟာရ တန်ဖိုးမြင့်မားသောကြောင့် ဖြစ်ပါသည်။

ထို့အပြင် ပဲတွင် အဆီနှင့် ဆိုဒီယမ်တို့ အနည်းငယ်ပါဝင်သော်လည်း ကိုလက်စထရော ပါဝင်ခြင်း မရှိပါ။ ပဲစားသုံးခြင်းကြောင့် ရရှိလာနိုင်သည့် အခြားအကျိုးကျေးဇူးတစ်ခုမှာ ပုံမှန်မဟုတ်သော ကိုယ်အလေးချိန် တက်ခြင်းကို တားဆီးနိုင်ပါသည်။ အချို့သောကင်ဆာရောဂါများနဲ့ အခြား ဆက်စပ်ရောဂါများ၏ အန္တရာယ်များ အပြင် သွေးတွင်း ကိုလက်စထရောပါဝင်မှုကို လျှော့ချပေးနိုင်သည့် ပျော်ဝင်အမျှင်ဓာတ် (Soluble fiber) တစ်မျိုး ပါဝင်ကြောင်း နိုင်ငံတကာ သုတေသနပညာရှင်များက ဖော်ပြထားပါသည်။

၃၀ ဂရမ်ခန့် စားသုံးသင့်

ပဲတွင်ပါဝင်သော ပရိုတင်းဓာတ် ၁၇-၄၀ ရာခိုင်နှုန်းစားသုံးခြင်းသည် အသားများတွင် ပါဝင်သော ပရိုတင်းဓာတ် ၁၈-၂၅ ရာခိုင်နှုန်း စားသုံးခြင်းနှင့် ညီမျှသောကြောင့် တစ်နေ့လျှင် ပဲနို့ဆီဘူး တစ်ဝက်ခန့် ပုံမှန်စားသုံး ပေးခြင်းဖြင့် အမျှင်ဓာတ်၊ အသားဓာတ်၊ ဗီတာမင်နှင့် သတ္တုဓာတ်အပြင် အခြားသောဓာတ်များ မျှတစွာ ရရှိနိုင်မည် ဖြစ်ကြောင်းကိုလည်း နိုင်ငံတကာစာတမ်းများမှ သိရှိရပါသည်။ ၎င်းအပြင် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က လူတစ်ဦး တစ်ရက်လျှင် အနည်းဆုံး ပဲ ၃၀ ဂရမ်ခန့် စားသုံးသင့်ကြောင်းကိုလည်း အကြံပြုထားပါသည်။

မြန်မာနိုင်ငံသည် ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ် ရန်အတွက် သင့်တင့်မျှတသော ရေ၊ မြေ၊ ရာသီဥတု ရှိသည့်အပြင် တောင်သူများမှာလည်း ဝင်ငွေ ကောင်းမွန်စွာ ရရှိသော သီးနှံဖြစ်သောကြောင့် ပြည်တွင်းစားသုံးမှု လုံလောက်သည့်အပြင် ပြည်ပ သို့တင်ပို့လျက်ရှိပါသည်။ ပဲမျိုးစုံကို ပြည်ပတင်ပို့ရာတွင် သီးနှံ၏ ကုန်ကြမ်း ကိုသာ တင်ပို့နိုင်ခြင်း၊ ဈေးကွက်တည်ငြိမ်မှုမရှိခြင်း၊ တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးရန် လိုအပ်နေခြင်းတို့သည် အနာဂတ်စိန်ခေါ်မှုများ ဖြစ်နေပါသည်။ ၎င်းအပြင် ပဲအခြေခံ စားသောက် ကုန်မျိုးစုံ ထုတ်လုပ်ခြင်း ဆိုင်ရာ သုတေသန ဆောင်ရွက်ခြင်း၊ ပဲစားသုံးမှုနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ သတင်းအချက်အလက်နှင့် နည်းပညာဖြန့်ဝေခြင်း စသည်တို့ကိုလည်း ပိုမိုဆောင်ရွက်ရပါမည်။

သုတေသန စစ်တမ်းကောက်ယူခဲ့

လူတစ်ဦးချင်း၏ ပဲစားသုံးမှုကို သိရှိနိုင်ရန် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် နေပြည်တော်ကောင်စီ နယ်မြေ မန္တလေး တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့၌ မြို့ပြနှင့် ကျေးလက်တွင် နေထိုင်သော နမူနာ အိမ်ထောင်စု အရေအတွက် ၁၅၆၃ စုအား ပဲစားသုံးမှုနှင့် ပတ်သက်သည့် သုတေသနစစ်တမ်း ကောက်ယူခဲ့ပါသည်။ သုတေသန ဆောင်ရွက်ရာ တွင် (က) မြန်မာနိုင်ငံ၏ လူတစ်ဦး ပဲစားသုံးမှု ပမာဏကို သိရှိရန်၊ (ခ) ပြည်တွင်းပဲစားသုံးမှုပုံစံ၊ ပဲစားသုံးမှုကုန်ကျစရိတ်၊ အကြိုက်ဆုံးနှင့် စားသုံးမှု အများဆုံးပဲများ အစရှိသည်တို့နှင့် စပ်လျဉ်းသည့် အချက်အလက်များ ရှာဖွေရန်နှင့် (ဂ) စုစုပေါင်း စားသောက်မှု ကုန်ကျစရိတ်တွင် ပဲစားသုံးမှုကုန်ကျ စရိတ်ကို လေ့လာရန်စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခဲ့ပါသည်။

သုတေသနတွေ့ရှိချက်များအရ လက်ရှိ ပဲ စားသုံးမှုမှာ လူတစ်ဦး တစ်ရက်လျှင် ၃၇ ဒသမ ၈၂ ဂရမ် (၂ ဒသမ ၃ ကျပ်သား)၊ တစ်လလျှင် ၁ ဒသမ ၃ ကီလိုဂရမ် (သုည ဒသမ ၇ ပိဿာ)နှင့် တစ်နှစ်လျှင် ၁၃ ဒသမ ၆ ကီလိုဂရမ် (ရှစ်ပိဿာ) စားသုံးကြသည်ကို တွေ့ရှိရပါသည်။ မြန်မာလူမျိုးများ နှစ်သက်ပြီး အများဆုံးချက်ပြုတ် စားသောက်ကြသည့် ပဲများမှာ ကုလားပဲ၊ မတ်ပဲ၊ စားတော်ပဲ၊ ပဲကြီး၊ ပဲပုပ်၊ ထောပတ်ပဲနှင့် ပဲစင်းငုံတို့ ဖြစ်ကြပါသည်။ ပြည်ပကို တင်ပို့ ရောင်းချနေသော အဓိကပဲအမျိုးအစားများမှာ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပဲပုပ်၊ ထောပတ်ပဲ၊ ပဲလွမ်းနှင့် မြေထောက်ပဲတို့ ဖြစ်ကြပါသည်။ ထို့ကြောင့် ပဲပုပ်၊ ပဲစင်းငုံနှင့် ထောပတ်ပဲတို့သည် ပြည်တွင်းစားသုံးမှု နှင့် ပြည်ပတင်ပို့မှုပါ အရေးပါသောပဲများ ဖြစ်ပါသည်။

ပဲစားသုံးမှုပုံစံအနေဖြင့် အိမ်ထောင်စုအများစုသည် ပဲပြုတ်၊ ပဲဟင်းချိုနှင့် ပဲနှပ်တို့ကို ပိုမိုစားသုံးလေ့ရှိပါသည်။ ပဲစားသုံးမှုကုန်ကျစရိတ်မှာ အိမ်ထောင်စုများသည် တစ်လလျှင် ငွေကျပ် ၁၁၀၀၀ ကျော် သုံးစွဲပြီး ၎င်းစရိတ်မှာ ပျမ်းမျှ တစ်လဝင်ငွေ၏ ၃ ဒသမ ၇၆ ရာခိုင်နှုန်းနှင့် စုစုပေါင်း အစားအသောက်ကုန်ကျစရိတ်၏ ၆ ဒသမ ၁၉ ရာခိုင်နှုန်း ခန့် သုံးစွဲကြောင်းကိုလည်း တွေ့ရှိခဲ့ရသည့်အတွက် ပဲစားသုံးရန် သုံးစွဲစရိတ်မှာ နည်းပါးနေသေး သဖြင့် ယခုထက် ပဲစားသုံးရန် ငွေကြေးကို ပိုမိုသုံးစွဲနိုင် သကဲ့သို့ ပမာဏကိုလည်း တိုး၍စားနိုင် (သို့မဟုတ်) စားသင့်သော အခြေအနေတွင် ရှိနေပါသည်။

လူအများစုသည် ပဲကို ထမင်းနှင့်အတူ တွဲဖက်၍ အရန်ဟင်းပုံစံမျိုး ချက်ပြုတ်စားသောက်ကြလေ့ရှိပါသည်။ အခြားစားသုံးမှုများအနေဖြင့် လက်ဖက်နှင့်တွဲဖက်၍ စားသုံးမှုသည်လည်း မြင့်မားကြောင်း တွေ့ရှိရပါသည်။ ပဲကြော်စားသုံးမှုမှာ လူတစ်ဦး တစ်လလျှင် သုည ဒသမ ၆၆ ပိဿာရှိပြီး ပဲပင်ပေါက်နှင့် ပဲပြားစားသုံးမှုမှာ တစ်ပတ်လျှင် နှစ်ကြိမ်၊ ပဲပြုတ်စားသုံးမှုမှာ တစ်ပတ်လျှင် နှစ်ကြိမ်၊ ကုလားပဲ၊ တိုဟူးစားသုံးမှုမှာ တစ်ပတ်လျှင် နှစ်ကြိမ် စားသုံးကြပါသည်။ ပဲဟင်းစားသုံးမှုအနေဖြင့် အိမ်ထောင်စုများသည် တစ်ပတ်လျှင် တစ်ကြိမ်မှ ငါးကြိမ်အတွင်း စားသုံးလျက်ရှိကြပါသည်။

သုတေသနလေ့လာမှုအရ ပဲသည် အာဟာရ ဆိုင်ရာတန်ဖိုး မြင့်မားသည့်အတွက်ကြောင့် “ပိုမို စားသုံးသင့်သည်” ဟု ထင်မြင်သူ ၉၅ ရာခိုင်နှုန်း ကျော်ရှိသည်ကို တွေ့ရှိရသည့်အပြင် ပဲနှင့်ပတ်သက်သည့် တန်ဖိုးမြှင့် ထုတ်ကုန်များကိုလည်း ပိုမိုထုတ်လုပ်သင့်သည်ဟု အိမ်ထောင်စုများက အကြံပြုခဲ့ကြပါသည်။ ပဲအမျိုးမျိုးကို စားသောက်ဖွယ်အမျိုးမျိုး၊ သရေစာမုန့်အမျိုးမျိုးနှင့် ဖျော်ရည်အမျိုးမျိုးအပြင် ပဲငံပြာရည်၊ ဟင်းခတ်မှုန့်၊ အသင့်စား အစားအစာ၊ တိရစ္ဆာန်အစားအစာထုတ်ကုန်၊ ပဲအခြေခံ နို့နှင့် နို့ထွက်ပစ္စည်း အစားထိုးထုတ်ကုန်များအပြင် ခေါက်ဆွဲ၊ ဘီစကစ်၊ ပေါင်မုန့်ပြုလုပ်ရာတွင် ပဲမှုန့်အား ရောနှော၍ သုံးခြင်းနှင့် ဖြည့်စွက်စာများ စသည့် အမည်သစ်များ ချဲ့ထွင်ထုတ်လုပ်သင့်ခြင်း၊ ရင်းနှီး မြှုပ်နှံခြင်းကို အားပေးဆောင်ရွက် သင့်ပါသည်။

နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံတွင် လူတစ်ဦး တစ်နှစ်လျှင် ၁၃ ဒသမ ၆ ကီလိုဂရမ် (ရှစ်ပိဿာ) စားသုံးနေသည့် ပမာဏအရ ပြည်တွင်းစားသုံးမှု၌ ဖူလုံရုံသာမက အာဟာရပြည့်ဝစေရန်အတွက် “ပဲ” ကို နေ့စဉ်စားသုံး သင့်ကြောင်း တိုက်တွန်းအပ်ပါသည်။ ။

No comments:

Post a Comment