Wednesday, April 20, 2022

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း စက်မှုသင်တန်းကျောင်းများမှ နည်းပြဆရာ ဆရာမများနှင့် တွေ့ဆုံ

 

နေပြည်တော် ဧပြီ ၁၉

 

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဧပြီ ၁၈ ရက် မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သာဂရစက်မှုဇုန်ရှိ အမှတ်(၃) စက်မှုသင်တန်းကျောင်း (သာဂရ) အစည်းအဝေးခန်းမ၌ သင်တန်းကျောင်းများမှ နည်းပြ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။

တက်ရောက်

တွေ့ဆုံပွဲသို့ စက်မှုဝန်ကြီးဌာနရှိ ဆင်တဲ၊ မန္တလေး၊ ပခုက္ကူ၊ မကွေး၊ မြင်းခြံ၊ မုံရွာ၊ သထုံမြို့တို့ရှိ စက်မှုသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် နည်းပြ ဆရာ ဆရာမများက Virtual စနစ်ဖြင့် တက်ရောက်သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက သင်တန်းကျောင်းများအနေဖြင့် သမားရိုးကျပညာရေးစနစ်မှသည် လုပ်ငန်းကျွမ်းကျင်မှု အခြေပြုသည့် ပညာရေးနှင့် လေ့ကျင့်ရေးစနစ်ဖြစ်ရန် စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆရာဗဟိုပြုပညာရေးစနစ်မှသည် ကျောင်းသားဗဟိုပြု ပညာရေးစနစ်ဖြစ်ရန် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တစ်ဆက်တည်း သင်တန်းသား သင်တန်းသူများကို နိုင်ငံ ချစ်စိတ်၊ မျိုးချစ်စိတ်၊ လူမှုပတ်ဝန်းကျင်ကို အကျိုးပြုသည့် အခြေခံစိတ်ဓာတ်များရှိရန်နှင့် အဖွဲ့အစည်းများဖြင့် ပူးပေါင်း ဆောင်ရွက်တတ်ပြီး စည်းကမ်းလိုက်နာသည့် အလေ့အကျင့်ကောင်းများရှိအောင် ပြုစုပျိုးထောင် လေ့ကျင့်သင်ကြားပေးရမည်ဖြစ်ကြောင်း၊ နည်းပြဆရာ ဆရာမများအနေဖြင့်လည်း မိမိတို့နှင့်သက်ဆိုင်သည့် ဘာသာရပ်အသီးသီးကို ကျွမ်းကျင်မှုရှိအောင် အမြဲမပြတ် လေ့လာသင်ယူနေရမည့်အပြင် သင်တန်းသား သင်တန်းသူများ၏ စံပြဖြစ်အောင် ပြုမူနေထိုင်သွားကြရမည်ဖြစ် ကြောင်း၊ နိုင်ငံတော်၏ မြေပေါ်မြေအောက် သယံ ဇာတများကို အရည်အချင်းရှိသည့် လူသားအရင်း အမြစ်များဖြင့် အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေး ဦးတည်လေ့ကျင့် သင်ကြားပေးရမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံတွင် ကျောင်းနေသူရာခိုင်နှုန်းနှင့် ပညာတတ်မြောက်သည့် ရာခိုင်နှုန်းနည်းပါးလျက် ရှိသဖြင့် အသက်မွေးဝမ်းကျောင်းပညာရေးကို ကျွမ်းကျင်တတ်မြောက်အောင် လေ့ကျင့်သင်ကြားပေးခြင်းဖြင့် နိုင်ငံအကျိုး၊ ဒေသဖွံ့ဖြိုး တိုးတက်ရေး တို့အတွက် တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် သင်တန်းသားများအား သင်တန်းပြီးဆုံးချိန်တွင် တတ်မြောက်ထားသော အတတ်ပညာများဖြင့် စက်မှုလုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်ခြင်း ဆောင်ရွက် နိုင်သည်အထိ ကျွမ်းကျင်တတ်မြောက်အောင် အထူး အလေးထား၍ ရလဒ်အခြေပြု ပညာရေးစနစ် ဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နည်းပြ ဆရာ ဆရာမများအနေဖြင့် နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်အခါသမယမှစ၍ နိုင်ငံ၏အကျိုး၊ ဝန်ကြီးဌာန၏ အကျိုးများကို ကျေပွန်အောင် ထမ်းဆောင်နိုင်ပါစေကြောင်းနှင့် ကပ်ရောဂါအန္တရာယ်မှ ကင်းဝေးကြပါစေလို့ ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။

ရှင်းလင်းဆွေးနွေး

ထို့နောက်  ပြည်ထောင်စုဝန်ကြီးသည် စက်မှု ဝန်ကြီးဌာနရှိ သင်တန်းကျောင်းများမှ နည်းပြ ဆရာ ဆရာမများအား လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုရှိရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို အသေးစိတ် ရှင်းလင်းဆွေးနွေးပြီး နည်းပြဆရာ ဆရာမများ၏ တင်ပြမေးမြန်းချက်များအပေါ် တစ်ခုချင်းစီအလိုက် ပြန်လည်ရှင်းလင်းဖြေကြား ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment