Monday, April 11, 2022

ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ပူတာအိုခရိုင်ဒေသတွင်း ဝမ်းစာဖူလုံရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းတိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် မချမ်းဘော့မြို့နယ် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုအား ကြည့်ရှုအားပေး

 


ပူတာအို ဧပြီ ၁၁

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် တာဝန်ရှိသူများနှင့်အတူ  ပူတာအိုဒေသဝမ်းစာဖူလုံရေးအတွက် သီးထပ်သီးနှံစိုက်ပျိုးခြင်းဖြင့် မိသားစု အပိုဝင်ငွေ ရရှိရေး၊ ပန်းအာလူးစိုက်ဒေသခံတောင်သူများနှင့် ယမန်နေ့ နံနက်(၈)နာရီခွဲ ပူတာအိုမြို့ ပန်းလှိုင်ရပ်ကွက်ရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးက ပြည်နယ်အစိုးရအနေဖြင့် ပူတာအိုဒေသဝမ်းစာဖူလုံရေးအတွက် ဒေသတွင်းဆန်၊ စပါးအထွက်တိုးရေး၊ သီးထပ်သီးနှံများ အောင်မြင်ဖြစ်ထွန်းရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိသည့် အခြေအနေများကိုရှင်းလင်းပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်ထွေး၊ ပန်းအာလူးစိုက်တောင်သူများက စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသဝမ်းစာဖူလုံရေး အတွက် အထွက်တိုးမျိုးစပါးများ ပြောင်းလဲစိုက်ပျိုးနိုင်ရေး၊ သီးထပ်သီးနှံများတိုးမြှင့်စိုက်ပျိုးရေး၊ မျိုးကောင်းမျိုးသန့်နှင့် နည်းစနစ်တကျစိုက်ပျိုး ထုတ်လုပ်ရေး၊ ပန်းအာလူးစိုက်ပျိုးရေးအတွက် မျိုးသန့်များ ဖြန့်ဖြူးသွားမည့်အစီအစဉ်များ၊ စိုက်ပျိုးရာတွင် တွေ့ကြုံရသည့်အခက်အခဲများကို ပွင့်လင်းရင်းနှီးစွာဆွေးနွေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးက လိုအပ်ချက်များကို ဌာနဆိုင်ရာများနှင့် ချိတ်ဆက်ပေါင်းစပ်ပေးခဲ့သည်။

ထိုနောက် ပြည်နယ်ဝန်ကြီးသည် ပူတာအိုမြို့ မြို့မရပ်ကွက်တွင် စိုက်ပျိုးရေးဦးစီးဌာနပိုင် သိုလှောင်ရုံ အတွင်း ဒေသတွင်းဝမ်းစာဖူလုံရေးအတွက် ဒေသမျိုးရင်း ဆန်စပါးအစားပြောင်းလဲစိုက်ပျိုးသွား မည့်မျိုးစပါးများနှင့် သီးထပ်စိုက်ပျိုးမည့် အထွက်တိုးဆင်းဧကရီ-၃ မျိုးစပါးတင်း (၁၀၀၀)နှင့် ရွှေရင်အေး(၁၅)တင်း၊ သီးထပ် သီးနှံအဖြစ်စိုက်ပျိုးမည့် ပန်းအာလူးမျိုး ပိဿာ(၈၀၀) သိုလှောင်ထား ရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တောင်သူများထံ ဖြန့်ဖြူးပေးသွားနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့သည်။

ထိုမှတဆင့် ပြည်နယ်ဝန်ကြီးသည် မချမ်းဘော့မြို့သို့သွားရောက်ပြီး  မြို့မရပ်ကွက်(၄)ရှိ ကာရာနီအေဂျီ အသင်းတော် ဘုရားကျောင်းဝင်း၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ယခုနှစ် ဧပြီလကုန်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံနိုင်ရေး စီမံချက်ရေးဆွဲ၍ ဆောင်ရွက်သွားမည့်အစီအစဉ် များကို ချပြရှင်းလင်းဆွေးနွေးခြင်း၊ ဒေသခံပြည်သူများ ကာကွယ်ဆေးထိုးလုပ်ငန်းစဉ်အတွင်း ပူးပေါင်းပါဝင်ပေးရေး ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးက ကိုယ်ဝန်ဆောင် မိခင်နှစ်ဦးအတွက် ကိုယ်ဝန်ဆောင်အားဆေးများနှင့် တက်ရောက်လာသူများအတွက် အားဆေးများအခမဲ့ဖြန့်ဝေပေးပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာလှိုင်လှိုင်ဌေးနှင့် ကျန်းမာရေးဝန်ထမ်းများ၏ အသက် (၁၈)နှစ်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးနှံရသေးသူများအားကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးသည် တောင်သူဦးရမ်ဆိုင်း၏လယ်မြေ ငါးဧကပေါ် တွင် ဆောင်းသီးနှံ ပဲပုတ်စံပြကွက်အတွင်း ပဲပုပ်ပင်များဖြစ်ထွန်းနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မချမ်းဘော့မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားကာ မြို့သန့်ရှင်းသာယာလှပရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတဆင့်ပြည်နယ်ဝန်ကြီးသည် ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက်ရှိ သတ္တုတွင်းဦးစီးဌာန၊ ခရိုင်ဆားလုပ်ငန်းဌာနခွဲ၌  အိုင်အိုဒင်းဆားအရောင်းဆိုင်များမှ အိုင်အိုဒင်းဓါတ်ပါရှိမှု ရှိ၊ မရှိ ဓါတ်ခွဲစမ်းသပ် စစ်ဆေးနေမှုအခြေအနေများ၊ ပူတာအိုခရိုင်အတွက် အိုင်အိုဒင်းဆား(၇၁၉)အိတ် သိုလှောင်ထားရှိမှု အခြေအနေများနှင့် ဖြန့်ဖြူးပေးမည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးသည် ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက် သစ်တောဦးစီးဌာန ပျိုးဥယျာဉ် ခြံသို့သွားရောက်ပြီး   ပျိုးခြံအတွင်း သစ်မာပင်များ ပျိုးထောင်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးသည် မြို့နယ်သစ်တောဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဝန်ထမ်း များနှင့်တွေ့ဆုံပြီး မြို့နယ်ဦးစီးမှူး ဦးညိုဦးက  ပတ်ဝန်းကျင်စိမ်းလန်းစိုပြေလာစေရေးအတွက် မိုးတွင်းကာလတွင် ဖြန့်ဝေစိုက်ပျိုးသွားမည့် သစ်မျိုးပင်များ ပျိုးထောင်ထားရှိမှုအခြေအနေနှင့် ဌာန၏လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည် များ ဖြည့်စွက်ဆောင်ရွက်ပေးခဲ့သည်။

ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment